Saturday, December 20, 2008

စစ်အစိုးရရဲ့ရန်သူ နည်းပညာ

မမခင်

ဒီကနေ့တော့ မမခင်တယောက် အိမ်ရှင်မပီပီ အိမ်နားက ဈေးကလေးကို ဈေးဝယ်ထွက်ခဲ့ပါတယ်။ ဈေးထဲရောက်တော့ မမခင်ကို မြင်တာနဲ့ မမခင်ဝယ်နေကျ ဈေးသည်တွေက မေးတော့တာပဲ။ အသားသည်က မေး၊ ငါးသည်က မေး၊ ဟင်းသီးဟင်းရွက်သည်က မေးနဲ့။ သူတို့မေးတဲ့ မေးခွန်းက ကိုဇာဂနာတယောက် ထောင် ဘယ်လောက်ချခံလိုက်ရသလဲတဲ့။

မေးကြမှာပေါ့ရှင်၊ ကိုဇာဂနာဆိုတာ ပြည်သူချစ်တဲ့ လူရွှင်တော်ကြီး မဟုတ်ပါလား။ မမခင်က ထောင်ဒဏ်တွေ အများကြီးပဲ၊ အခု (၅၉) နှစ်ဆိုလား ချထားတာတောင် အမှုက မကုန်သေးဘူးတဲ့လို့ပဲ ဖြေလိုက်ပါတယ်။ အဲတော့ သူတို့က ကိုဇာဂနာက ဘာတွေလုပ်လို့ ဒီလောက်များတဲ့ ထောင်ဒဏ်တွေ ကျရတာလဲတဲ့။ မမခင် ဘယ်လိုဖြေရမလဲ။

တကြောင်းက နာဂစ်ဖြစ်တုန်းက လူတွေ ဒုက္ခရောက်နေတာကို ကူညီလို့၊ နောက်တကြောင်းက ဟိုလေ ကွန်ပြူတာနဲ့ စာပို့လို့ရ၊ ဖုန်းဆက်လို့ရတဲ့ အင်တာနက်သုံးလို့တဲ့ရှင်လို့ ပြန်ဖြေရတာပေါ့။ အများနားလည် အောင်လို့ပါ။

အဲတော့ ဝက်သားသည် အဒေါ်ကြီးက ပြောပါတယ်၊ ကွန်ပြူတာနဲ့ စာပို့စာယူ ဖုန်းဆက်တာတော့ အဒေါ်လဲ လုပ်ချင်တယ်။ မလေးရှားကိုရောက်နေတဲ့ သားကြီးဆီကိုတဲ့။ အဲဒီစကားကိုကြားတော့ အနားက အရာရှိပုံနဲ့ ဈေးဝယ်နေတဲ့ အမျိုးသားတယောက်က မလုပ်နဲ့ မလုပ်နဲ့အဒေါ်၊ အီလက်ထရောနစ် ပုဒ်မဗျ။ ပုဒ်မက ထောင်ဒဏ်ကြီးလေးတယ်တဲ့။

ဒီလိုရှင့် ဒီလို ...၊ ကိုဇာဂနာကို ချမှတ်လိုက်တဲ့ အီလက်ထရောနစ် ပုဒ်မတွေအကြောင်း ဆွေးနွေးနေကြတာ။

တကယ်တော့ ဒီဥပဒေဟာ နည်းပညာကိုရန်ရှာတဲ့ ဥပဒေရှင့်။ ဒီဥပဒေက အခုလို နည်းပညာတွေ ပိုမိုတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ နအဖစစ်အစိုးရအဖို့ ပြည်သူကို ရန်ရှာစရာ လမ်းပေါက်ကြီးတခုပေါ့။ ဒီဥပဒေပုဒ်မနဲ့ ကိုဇာဂနာကိုသာမက ကိုနေဘုန်းလတ်တို့လို ဘလောဒ့်ဂါတွေကိုလည်း ထောင်ချခဲ့တာပဲ။ အကြောင်းမရှိအကြောင်းရှာ အင်နာနက်ဟာ သူတို့ရန်သူ ဖြစ်နေပြီလေ။

အင်တာနက်ပေါ်လာတော့ နားမျက်စိပိတ်နေတဲ့ ပြည်သူတွေ နားမျက်စိတွေ ပွင့်လာတယ်။ စစ်အစိုးရက မဖတ်စေချင်တဲ့ စာတွေ ဖတ်ရတယ်။ ဖုံးကွယ်ထားတဲ့ သတင်းအချက်အလက်တွေကို သိရတယ်။ ကမ္ဘာတဝှမ်းလုံးက ဘယ်သူနဲ့ပဲ ဆက်သွယ်ချင် ဆက်သွယ်ချင် လွယ်လင့်တကူ ဆက်သွယ်လို့ရတယ်လေ။ ဝန်ဆောင်မှုစရိတ်က နည်းနည်းလေးနဲ့ ရေးချင်တာရေးရ ပြောချင်တာပြောရဆိုတော့ လူတွေကြားမှာ အင်တာနက်သုံးစွဲမှု ပြန့်ပွားလာတာ အဆန်းလားရှင်။

လူပဲရှင် .... ပိုပြီးတော့ ကောင်းတာ လွယ်ကူတာကို နှစ်သက်တာ သဘာဝလေ။

မမခင်တို့နိုင်ငံကို အုပ်ချုပ်နေတဲ့ နအဖစစ်အစိုးရကတော့ ဒါတွေကို သိပ်ကြောက်တယ်။ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာကို သိပ်ကြောက်တယ်။ လူတွေ နည်းပညာသစ်တွေနဲ့ ရင်းနှီးပြီး သူတို့ထားရာကို မနေ၊ စေရာကိုမသွားဖြစ်မှာကို သိပ်ကြောက်တယ်လေ။ ဒါကြောင့် ကိုဇာဂနာတို့လို ကိုနေဘုန်းလတ်တို့လို လူတွေကို နမူနာပြ ထောင်ချနေတာပေါ့။

နောက်ဆိုရင် အင်တာနက် သုံးစွဲတာမဟုတ်ဘူး၊ ကွန်ပြူတာကီးဘုတ်ကိုင်ရင် ထောင် (၁၀) နှစ်၊ အင်တာနက်ဆိုင်နားက ဖြတ်သွားတဲ့ လေကို ရှူမိရင် ထောင် (၅) နှစ်၊ မီး ခဏခဏပျက်နေတဲ့ မြန်မာပြည်မှာ အင်တာနက်ဆိုင်မှာ မီးလာပြီလားလို့ သွားမေးမိရင် ထောင် (၅) နှစ်တွေ ဘာတွေများ ဂမူးရှူးထိုး အရူးဟိုဟာပန်းများ လျှောက်လုပ်နေဦးမလားမသိပါဘူးရှင်။

စဉ်းစားကြည့်တော့။ နအဖစစ်ဗိုလ်ချုပ်ကြီးတွေရဲ့အဖြစ်က မမခင်တို့ အိမ်မှာမွေးထားတဲ့ ခွေးကလေး အောင်နက်ရဲ့ အဖြစ်နဲ့ တူလွန်းလို့ပါ။ အောင်နက် ဘာဖြစ်လဲသိလား။ တနေ့တော့ မမခင်တို့အိမ် ဖိနပ်ချွတ်မှာ အောင်နက်က ထိုင်နေတာရှင့်။ သူထိုင်နေတုန်း လေတိုးလို့ သူ့ဘေးနားက မမခင်စိုက်ထားတဲ့ ပန်းအိုးထဲက နှင်းဆီပန်းတွေက လှုပ်ပါလေရော။ အဲဒါကို အောင်နက်က သူ့ကိုရန်လုပ်တယ်ထင်ပြီး ထဟောင်တာရှင့်။ လေက တိုး၊ ပန်းက လှုပ်၊ အောင်နက်ကလဲ တဝုတ်ဝုတ်ပေါ့ရှင်..။ မောနေအောင် ဟောင်တော့တာပဲ။

ပန်းက ဘာမှမလုပ်ဘဲ လေတိုးလို့ ထဟောင်တဲ့ အောင်နက်လိုပဲ နအဖစစ်ဗိုလ်ချုပ်တွေလဲ အကြောင်းမရှိအကြောင်းရှာ လူတကာကို ရန်လုပ်နေတော့တာပါပဲ။ ရီတော့လည်း ရီစရာပါပဲ။ ဒီကနေ့ မြန်မာပြည် တနံတလျားက နိုင်ငံရေးသမားတွေရှိတဲ့ အကျဉ်းထောင်တွေထဲကို လှည့်ပတ်ဟောင်၊ အဲလေ ယောင်လို့။ လှည့်ပတ်ရန်ထောင်ခံနေရတဲ့ အဖြစ်ပါ။

တကယ်တော့ နအဖစစ်ဗိုလ်ချုပ်ကြီးတွေဟာ အရင်းကို မစစ်လို့ပါရှင်။ အရင်းစစ်ရင် အမြစ်မြေကတဲ့။ အင်တာနက်သုံးစွဲသူ ကိုဇာဂနာတို့ ကိုနေဘုန်းလတ်တို့က ပညာတတ်တွေဆိုတော့ တိုးတက်လာတဲ့ နည်းပညာကို အသုံးချတတ်လို့ အသုံးချရုံပါပဲ။ အမြစ်ကတော့ တိုးတက်အောင်လုပ်နေကြတဲ့ အနောက်နိုင်ငံကြီးတွေက မိုက်ခရိုဆော့ဖ်တို့၊ ရာဟူးလ်တို့၊ ဂူဂဲလ်တို့လို ကုမ္ပဏီကြီးတွေပေါ့။

ကုမ္ပဏီကြီးတွေက နည်းပညာကို ကောင်းသထက်ကောင်းအောင်၊ မြန်သထက်မြန်အောင်၊ သွက်သထက်သွက်အောင် လုပ်ခဲ့ကြလို့ ကမ္ဘာတဝှမ်းလုံးက လူတွေအားလုံး အင်တာနက်ရေစီးကြောင်းထဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ မျောပါခဲ့ကြတာ မဟုတ်ပါလား။ နအဖစစ်အစိုးရဟာ အရင်းကိုပဲ အရေးယူတယ်။ အမှန်တော့ အမြစ်ကိုရှင်းရမှာရှင့်။ အမြစ်ကို ရှင်းရမှာ။

မမခင်ကတော့ စစ်ဗိုလ်ချုပ်ကြီးတွေကို ပြောချင်တယ်။ သုံးစွဲသူတွေကို မဖမ်းပါနဲ့၊ အင်တာနက်ကို သုံးစွဲနိုင်အောင် အားထုတ်ခဲ့ကြတဲ့ ကုမ္ပဏီကြီးတွေကိုသာ ဖမ်းပါလို့လေ။

အဲလိုများဆို ဘယ်လောက်ကြည့်ကောင်းလိုက်မလဲရှင်...။ ကမ္ဘာတဝှမ်းက ကုမ္ပဏီကြီးတွေကို စစ်တပ်တို့ ရဲတို့ ကြံ့ဖွံ့တို့ စွမ်းအားရှင်တို့ကို သုံးပြီးတော့ ဖမ်း၊ လက်ပြန်ကြိုးတွေနဲ့ တုတ်၊ ခြေထောက်တွေကို သံခြေကျင်းတွေနဲ့ ခတ်ပြီး ကိုဇာဂနာတို့ကို ခွေးတိုက်ထဲပို့သလို ပို့ပေါ့ရှင်။ ဒီလိုဆိုရင် တကမ္ဘာလုံးက လူတွေ မျက်လုံးမျက်ဆံတွေ ပြူးသွားလိမ့်မယ်။ နအဖစစ်အစိုးရဟာ နည်းပညာတိုးတက်မှုကို ဘယ်လို တားဆီးဆန့်ကျင် ကြောက်လန့်နေတယ်ဆိုတာ သိသွားကြလိမ့်မယ်။

ပြောမဲ့သာ ပြောတာပါ။ ကမ္ဘာကြီးရဲ့ နည်းပညာပြောင်းလဲတိုးတက်မှုကို ဘယ်သူကများ ဟန့်တားနိုင်မှာလဲ။ တားဆီးလို့ ရကောင်းတဲ့အရာမှ မဟုတ်တာ။ နောက်ဆိုရင် လက်ပ်တာ့လေးတလုံးရှိတာနဲ့ ကြိုးမဲ့ အင်တာနက်စနစ်တွေနဲ့ မြို့ပြတွေသာမက ကျေးလက်တွေအထိ သတင်းမှန်သမျှ ဖုံးမရ ဖိမရသလို ဆက်သွယ်ရေးစနစ်ဟာ ကြောက်စရာကောင်းလောက်အောင် ခြေဆန့်တော့မှာမို့ နအဖစစ်ဗိုလ်ချုပ်ကြီးတွေ အခက်တွေ့လာတော့မှာပါ။ ပြည်သူတွေကို ဖမ်းချင်သလိုဖမ်းမရ၊ သတ်ချင်သလိုသတ်မရ၊ နယ်စပ်ဒေသတွေမှာ မုဒိမ်းမှုလို အမှုမျိုးတွေ ကျူးလွန်ချင်တိုင်း ကျူးလွန်လို့မရ၊ လုပ်ရင်လဲ လုပ်တာနဲ့ပေါ်၊ ဖုံးမရဖိမရ တကမ္ဘာလုံးက ချက်ချင်းသိကြမှာ။

မမခင်တို့ကတော့ နည်းပညာသစ်တွေ တိုးတက်လေလေ ဝမ်းမြောက်လေပါပဲ။ နည်းပညာသစ်တွေက နအဖဗိုလ်ချုပ်ကြီးတွေရဲ့ ဟိုဘက်နှားခေါင်းနဲ့ ဒီဘက်နှာခေါင်းကို ပိတ်ဆို့ထားလိုက်ရင် ကိုယ်တော်တွေ ဘာခံနိုင်ရိုးလဲ။ တခါတည်း အသက်ရှူကြပ်ပြီး သေသွားမယ်။ အဲဒီအခါ သူတို့ရဲ့ လက်ချောင်းတွေ သေနတ်မောင်းဆွဲဖို့ အချိန်မရဖြစ်သွားမှာ အသေအချာပါပဲရှင်...။


No comments:

Post a Comment