ကေလတ်
တရားမဲ့ ရက်စက်ကြမ်းတမ်းပြီး ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသော မြန်မာ့နိုင်ငံရေး အကျဉ်းသားများအကြောင်း အင်္ဂလိပ် ဘာသာဖြင့် ထိထိမိမိရေးသားထားသော စာအုပ်စာတမ်း၊ ၀တ္ထုများ ကျနော်တို့တွင် များစွာမရှိလှပါ။ ကာရင် ကော်နယ်လီ (Karen Connelly) ရေးသားသော “အိမ်မြှောင်လှောင်ချိုင့်” (The Lizard Cage) စာအုပ်ကဲ့သို့ စူးရှထိမိစွာ သရုပ်ဖော် ရေးသားနိုင်သော စာအုပ်မျိုးဆိုလျှင် ပို၍ပင် ရှားပါသည်။
တနည်းဆိုရလျှင် ကော်နယ်လီက မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံး၏ အကြောင်းကို အသေးစိတ် ရှုထောင့်မျိုးစုံမှ တင်ပြရေးသားသွားခြင်း ဖြစ်ပါသည်။ ကြိုတင်ခန့်မှန်းမထားနိုင်သော ခုံရုံးများ၏ သဘာဝ၊ ရက်စက်ကမ်းကြုတ်ပြီး တပါးသူ မျက်ရည်ပေါက်ကြီးငယ်ကျမှ အာသာပြေလေ့ရှိကြသော ထောင်မှူး ထောင်ပိုင်များနှင့် “အိမ်မြှောင်လှောင်ချိုင့်” ထဲမှဘ၀ကို လွှမ်းမိုးနေသော စိတ်ပိုင်းဆိုင်ရာ ဖိစီးနှိပ်စက်မှုတို့ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြသွားပါသည်။
ကော်နယ်လီသည် ကာရန်၊ နရီကျွမ်းကျင်လှသော ကဗျာဆရာမတဦးဖြစ်သည်နှင့်အညီ သူမ၏ အရေးအဖွဲ့မှာ ဇာတ်လမ်းပါ ရက်စက်ယုတ်မာမှုများက လွှမ်းမိုးမထားနိုင်လောက်အောင် လှပလွန်းလှပါသည်။ တေးရေးဆရာ တေဇာ၏ဘ၀ အကျဉ်း ထောင်ထဲတွင် မျှော်လင့်ချက်မဲ့ နစ်မြုပ်သွားရသည့် ဇာတ်ကြောင်း၏အစကို ထင်မှတ်မထားနိုင်လောက်သော တင်ပြပုံမျိုးဖြင့် တင်ပြသွားခဲ့ပါသည်။ အခြား မြန်မာအကျဉ်းသားများနည်းတူ ဒုက္ခတွင်းနက်ထဲ နစ်မြုပ်ကျဆင်းသွားရရှာသော သူတို့ အားလုံး၏ ဘ၀ဇာတ်ကြောင်းကို ဒီမိုကရေစီလှုပ်ရှားမှုကြီးမှ အစပြုထားပါသည်။
သို့သော်စာအုပ်တွင် အကြောင်းရင်းထက် အကျိုးဆက်ကိုသာ ပိုမိုအာရုံစိုက်ထားသည်ကို တွေ့ရပါသည်။ စာရေးသူက ဇာတ်ကြောင်းပြောသူအဖြစ် ၀င်ပြောသောအကြောင်းအရာအများစုသည် တေဇာ၏ အကျဉ်းပိတ် တိုက်ခန်းအတွင်းထဲ၌သာ လှည့်ပတ်မွှေနှောက်နေခဲ့ပြီး မျှော်လင့်မထားနိုင်သည့် သူ၏ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို ခြိမ်းခြောက်နေသော ဖိစီးမှု များကို အားပြုတင်ပြထားပါသည်။ သံတိုင်အပြင်ဘက်မှ ရက်စက်ယုတ်မာလှသော ထောင်ဝါဒါများ၏ အနိုင်ကျင့် နှိပ်စက် မှုကို မခံနိုင်တော့သည့်အဆုံး တိုက်ခန်းထဲမှ အိမ်မြှောင်ကိုပင် လိုက်လံဖမ်းဆီး စားသောက်ရဲသော သတ္တိပေါ်လာသည့် အခြေအနေအထိ ဖြစ်လာပုံကို လှုပ်ခတ်ရုန်းကြွအောင် တင်ပြသွားခဲ့ပါသည်။
ဝတ္ထုတပုဒ်လုံးတွင် တေဇာအား အကျဉ်းထောင်ကြီးက သေခြင်းနှင့် ရှင်ခြင်းကို နေ့စဉ်ရွေးခိုင်းနေကြောင်းကို စာရှုသူများ မေ့မသွားစေရန်အတွက် တချိန်လုံး သတိပေးနေသည်မှာ ကန့်လန့်ကာနောက်ကွယ်မှ ဇာတ်ကောင် အိမ်မြှောင်ပင် ဖြစ်ပါတော့သည်။ အိမ်မြှောင်တို့က သူ၏ မလောက်မငှ ရိက္ခာရာရှင်ကို ပိုများလာစေသည်။ ထိုမှရလာသော အင်အားများဖြင့် သူ၏ ရှည်လျားငြီးငွေ့ စိတ်ပျက်စရာကောင်းသော အကျဉ်းစံဘ၀ကို လွှဲဖယ် မေ့ပျောက်ထားနိုင်ရန် အတွက် သူ့စိတ်ကို အလုပ်ပေးစွမ်းနိုင်ရန်လည်း အိမ်မြှောင်က ကူညီပေးပြန်သည်။ သို့သော် သူ၏မသတီစရာ ထောင်ပုံစံခွက်ထဲတွင် ဖုံးဖိ
ဝှက်ထားရန် သူကြိုးစားနေသော အရိုးချောင်းငယ်များက သူ့ကို ပြန်၍ လှောင်ပြောင်နေပြန်ပါသည်။ ယင်းသည် နေ့စဉ် သူ့ကိုယ်သူကာကွယ်ရန် အားထုတ်မှုများနှင့် အတူတွဲပါနေသော ရှက်ရွံ့အားငယ်ရမှု ဖြစ်ပါသည်။
ကော်နယ်လီသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ရရန် အကျဉ်းသားတို့က ကြိုးစားအားထုတ်မှုများကို တိတိကျကျ ရေးသားထားနိုင်ခဲ့သည့်အပြင် ထောင်မှူးထောင်ပိုင်များက ၎င်းကဲ့သို့ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ရလိုမှုကို အခွင့် ကောင်းယူပြီး အကျဉ်းသားများအပေါ် ပိုမိုရက်စက်ယုတ်မာစွာ မည်သို့ပြုကျင့်လေ့ရှိသည်ကိုလည်း ဖော်ပြသွားနိုင်ခဲ့ပါသည်။ တေဇာသည် သူများဒုက္ခရောက်မှ အာသာပြေတတ်သူတို့၏ လက်ချက်ကြောင့် ရှိသမျှ စွမ်းအင်အားလုံး ကုန်ခမ်းသွားခဲ့ဖူး ပါသည်။ ထိုစဉ်က သူနှင့်သူ့အဖော်များအဖို့ ထိန်းသိမ်းကာကွယ်ရန်ဆို၍ သူတို့ကိုယ်ပိုင်စိတ်၏ အချုပ်အခြာ အာဏာ ပိုင်ခွင့်သာ ကျန်ရစ်ပါတော့သည်။
တေဇာက သူ့လှောင်အိမ်ထဲမှ အိမ်မြှောင်ငယ်များကို ချောင်းမြောင်းဖမ်းဆီးနေစဉ်တွင် အညှာတာမဲ့ သူ့အချစ်တော်
ထောင်ဝါဒါ ကိုတော်ချောကလည်း သူ့ကိုဒုက္ခပေးရန် အလစ်ချောင်းနေပါသည်။ အခွင့်အရေးရသည်နှင့် တခါတည်း ရက်စက်ပါတော့သည်။ အဆုံးသတ်တွင် ဆုံးရှုံးသွားခဲ့သော သူ့ စွမ်းအင်တချို့ပြန်ရလာစေရန်အတွက် တေဇာက အစာငတ်ခံ ဆန္ဒပြပါတော့သည်။ သူ့ဆန္ဒပြမှုမှ ဘာဆက်ဖြစ်သည်ကို ၀တ္ထုအဆုံးသတ်တွင် ဆက်လက်မဖော်ပြတော့ခြင်း သည်လည်း တမျိုးကောင်းသည်ဟု ဆိုနိုင်ကောင်းပါသည်။ အကြောင်းမှာ စာရေးသူက ယခုတိုင် ထိုအိမ်မြှောင် လှောင်ချိုင့်ထဲတွင် ပိတ်မိနေဆဲ နိုင်ငံရေးအကျဉ်းသား ၁,၀၀၀ ကျော်၏ဘ၀များအကြောင်းကို တေဇာ၏ဇာတ်လမ်းနှင့် ယှက်နွယ်ပေါင်းစပ် ဆက်လက်တင်ပြသွားသောကြောင့် ဖြစ်ပါသည်။
စာဖတ်သူ၏ အာရုံကိုဖမ်းစားနိုင်သော ၀တ္ထုပါနိမိတ်ပုံများကို ကျော်ကြည့်လျှင် ဇာတ်လမ်းသည် ထိုနိုင်ငံရေး အရှုပ် အထွေးကြီးတွင် ပျောက်ဆုံးသွားသော ညီအစ်ကိုနှစ်ယောက်၏ သာမန်ဇာတ်လမ်းမျှသာ ဖြစ်ပါသည်။ ထိုနိုင်ငံရေး ရှုပ်ထွေးမှုသည် မြန်မာနိုင်ငံသားတို့၏ဘ၀ကို ဆယ်စုနှစ်ပေါင်းများစွာ ပုံဖော်နေခဲ့ပါသည်။ ကာရင် ကော်နယ်လီက ဤစာအုပ်သည် အောင်ဇော်နှင့် ကျော်စွာမိုးတို့ ညီအစ်ကိုသို့ ရည်ညွှန်းရေးသားသည်ဟု ဖော်ပြထားပြီး မူရင်းဖြစ်ရပ်မှန် အဖြစ်အပျက်ကို ခပ်ပါးပါးသာ ဇာတ်လမ်းဆင် ဖုံးကွယ်ထားသည်ကို တွေ့ရသည်။ ထိုညီအစ်ကိုနှစ်ဦးသည် ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှု ကြောင့် လိုက်လံဖမ်းဆီး ထောင်ချခံရပြီးနောက် မြန်မာနိုင်ငံနယ်စပ် တနေရာတွင်ပြန်လည်ဆုံတွေ့ ခဲ့ကြရပါသည်။ အခြား စာဖတ်သူများ၏ အဖြစ်အပျက်နှင့်လည်း ခပ်ဆင်ဆင် တူကောင်းတူနေနိုင်ပါသည်။ တေဇာ၏ ကိုယ်ရေးဖြတ်သန်းမှုနှင့် အသေးစိတ်ဖြစ်ရပ်များတွင် ကျနော်ကိုယ်တိုင်၏ ဖြတ်သန်းမှု အစိတ်အပိုင်းများကိုလည်း ရှာတွေ့ခဲ့ရပါသည်။
ကော်နယ်လီ၏ စံဇာတ်ကောင်ကဲ့သို့ပင် ကျနော်လည်း အိမ်မြှောင်လှောင်ချိုင့်ထဲတွင် ပိတ်မိခဲ့ဖူးပါသည်။ အစ်ကိုဖြစ်သူ နှင့်လည်း ကွဲကွာခဲ့ရပါသည်။ အစ်ကိုက သူ၏ဒီမိုကရေစီတိုက်ပွဲကို ဆက်တိုက်ရန်အတွက် အိန္ဒိယနယ်စပ်သို့ ထွက်ပြေး ရောက်ရှိသွားပါသည်။ ကျနော့်မှာမူ ထောင်တွင်းဖိနှိပ်မှု၊ ရက်စက်မှုများကို ပြင်ပကမ္ဘာသို့ အသိပေးဖြန့်ဝေရန် စာထုတ်မှုနှင့် မိသားစုနှင့်အဆက်အသွယ်ရရန် ကြိုးစားမှုတို့ဖြင့် ထောင်တွင်းမှ နောက်အမှုတက်ပြီး ပြစ်ဒဏ်အတိုးခံခဲ့ရပါသည်။
တေဇာနည်းတူ ကျနော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် နက်နက်ရှိုင်းရှိုင်း ယုံကြည်လေးစားမှု ရှိပါသည်။ သူ၏အနီး တွင် ကာလတခုကြာ လုပ်ကိုင်ခွင့်ရရှိခဲ့ဖူးသည်မှာ မိမိအတွက် တန်ဖိုးမဖြတ်နိုင် ဂုဏ်ယူနေရဆဲ ဖြစ်ပါသည်။ ကျနော် သည်လည်း ၀တ္ထုထဲမှ ဇာတ်ကောင်ကဲ့သို့ပင် ထောင်ဝင်စာမရှိဘဲ သီးခြားအကျဉ်းပိတ်ပြစ်ဒဏ်ကို ခံခဲ့ရဖူးပါသည်။ ထို့အပြင် ထောင်အတွင်းသို့ ပစ္စည်းမှောင်ခိုအသွင်းအထုတ်လုပ်ရန် ကုလားလေးကဲ့သို့သော ရာဇ၀တ်သားများကိုလည်း စွန့်စား ခိုင်းစေခဲ့ရဖူးပါသည်။
ကော်နယ်လီသည် တေဇာ၏ဇာတ်ရုပ် အသက်ဝင်လာစေရန်အတွက် အထက်ပါ အသေးစိတ် အဖြစ်အပျက်များနှင့် စရိုက်များကို ဇာတ်လမ်းဇာတ်ကွက်ဆင် တင်ပြရာတွင် စူး၊ ဆောက်၊ ပစ္စည်းများအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ထိုအဖြစ်အပျက်များနှင့် စရိုက်လက္ခဏာများသည် မြန်မာအဏာရှင်အစိုးရ လက်အောက်တွင် ကျနော်တို့အားလုံး ခါးသီးစွာ ရင်ဆိုင်ခံစား ဖြတ်ကျော်ခဲ့ရသည့်၊ ရင်ဆိုင်ဖြတ်ကျော်နေရဆဲ ဖြစ်သည့် ခြောက်ခြားဖွယ့် ရုဒ္ဒသစ္စာတရားပင် ဖြစ်ပါတော့သည်။
စာအုပ်တွင် အကြောင်းအရာအချို့ မှားယွင်းနေသည်ကိုလည်း တွေ့ရပါသည်။ မြန်မာအကျဉ်းထောင် အားလုံး ညဘက်တွင် ဘယ်သောအခါမှ အမှောင်မချပါ။ မီးမပျက်ပါ။ လုံခြုံရေးအတွက်အမြဲတမ်း မီးဖွင့်ထားပါသည်။ ထိုအချက်ကြောင့်ပင် တေဇာအတွက် လိင်အာသာ ဖြေဖျောက်ရန် အကောင်းဆုံးအချိန်သည် ညနေစောင်းချိန်ကို ရွေးရခြင်း ဖြစ်ပါသည်။ ထို အချိန်များတွင် ထောင်ဝါဒါများက အိပ်ငိုက်နေလေ့ ရှိကြပါသည်။
ထောင်ဝါဒါတဦးသည် သူမ၀တ္ထုတွင် ဖော်ပြခဲ့သလို မည်သို့သောအခါမျှ အကျဉ်းသားများ၏ ပစ္စည်းများကို ကိုယ်တိုင် တလာစီလေ့ မရှိပါ။ သူတို့ကိုယ် သူတို့ ဤလောကတွင် ဘုရင်တပါးကဲ့သို့ မှတ်ထင်ထားပြီး ရာထူးအဆင့်နိမ့်သော လက်အောက်ငယ်သားများကိုသာ တလာစီ ရှာဖွေခိုင်းလေ့ရှိပါသည်။ ထို့အပြင် အကျဉ်းသားများအား အုပ်ချုပ်ရန် ထောင်မှခန့်အပ်သော အကျဉ်းသားတန်းစီး အပါအ၀င် မည်သည့်အကျဉ်းသားမျှ လက်ပတ်နာရီ ပတ်ခွင့်မရှိပါ။
အထက်ပါ မဖြစ်စလောက် အချက်အလက် မှားယွင်းမှုက ကော်နယ်လီ၏ ရုန်းကြွနေသော ဇာတ်လမ်းကို မည်သို့မျှ မထိခိုက်စေနိုင်ပါ။ သူမ၏ အိမ်မြှောင်လှောင်ချိုင့်သည် အပြစ်မဲ့သူတဦး နေ့စဉ် ကိုယ်စိတ်နှစ်ပါး ဖိစီးနှိပ်စက်ခံနေရသော ကျဉ်းကျပ်လှသည့် ရူးသွပ်ချောက်ချားဖွယ် အကျဉ်းခန်းတခန်းထက်များစွာ ပိုလွန်၍ တာသွားသော နိမိတ်ပုံသင်္ကေတ ဖြစ်ပါသည်။ ထိုမျှမက ကော်နယ်လီ၏ စာအုပ်သည် အာဏာရှင်အစိုးရတရပ်က နိုင်ငံတခုလုံးကို ပြန်ပေးဆွဲထားသည့် သဖွယ် ထိန်းသိမ်းအကြပ်ကိုင်ထားသည့် အခြေအနေနှင့် ၎င်းနိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် ထိုက်တန်သည့် အဆင့်နေရာကို ပြန်လည်ရရှိရန်အတွက် ကြိုးပမ်းအားထုတ်နေပုံများကိုပါ ပုံဖော်ခြယ်မှုန်း သွားခဲ့ပါသည်။ ။
၂၀၀၇ ခုနှစ် သြဂုတ်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Kay Latt ရေးသည့် Telling Dreadful Truths ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
(ကေလတ်သည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး စစ်အစိုးရ၏ နာမည်ဆိုးဖြင့်ကျော်ကြားလှသော အင်းစိန်နှင့် သရက်အကျဉ်းထောင်တို့တွင် ၁၉၉၀ မှ ၁၉၉၉ ခုနှစ်အထိ ရှစ်နှစ်ကျော် ထောင်ကျခဲ့ဖူးသူ ဖြစ်ပါသည်)
No comments:
Post a Comment