Friday, January 16, 2009

ဒေါင်မရေ ကလိုက်ချည်သေး

နေသန်မောင်

ဆီးနှင်းတွေ သိပ်သည်းစွာကျနေပြီး ဝါးတရိုက်အကွာလောက်ကို မမြင်နိုင်တော့တဲ့အထိ မြူခိုးတွေ အုံ့ဆိုင်းနေပေမယ့်လည်း ရွာထဲကနေ လူတွေဟာ ဆိုင်ကယ်တွေ၊ ဆိုင်ကယ်ရဲ့နောက်မှာ တွဲလျက် ချိတ်ဆွဲထားတဲ့ ပစ္စည်းတွေ ထည့်ထားလို့ရတဲ့ သုံးဘီးပါ နောက်တွဲလျက်တွေ ကိုယ်စီနဲ့ မြေနီလမ်း ကျဉ်းကျဉ်းလေးထဲကနေ ဈေးရှိရာကို ထွက်သွားနေကြပါတယ်။

အလျှိုအလျှိုပေါက်နေတဲ့ သစ်ပင်ကြီးတွေပေါ်ကနေ ဆီးနှင်းကျသံ တဖျောက်ဖျောက်နဲ့အတူ ဘန်းမိုင်ဆမားကီးရွာကလေးဟာ နိုးထအသက်ဝင်လာပါတယ်။ အာရုဏ်ကျင်း အလင်းရောင်ဟာ မြူတွေကြား မပွင့်တပွင့် ပေါ်ထွက်လာနေသလို ရွာကလူတွေကလည်း ထူးခြားတဲ့နေ့တနေ့အတွက် ရင်ခုန်စွာ သက်ဝင်လှုပ်ရှားနေကြပါတယ်။

''ဈေးသွားကြမယ်။ လိုတဲ့ဟာတွေ ဝယ်ခြမ်းပေါ့။ သိပ်မဝေးပါဘူး၊ အောက်ဖက်မှာပဲ'' လို့ ဆိုင်ကယ်ပေါ်ကနေ ကချင်လူငယ်တဦးက လေသံခပ်ဝဲဝဲနဲ့ ဗမာလို လှမ်းအော်ပြောပါတယ်။ အသက် ၆ဝ နီးပါး ကချင်အမျိုးသမီးကြီး ခမ်းအင်က ခြေတံရှည်အိမ် အပေါ်ထပ်ကနေ မျက်နှာသစ်ဖို့ သစ်သားလှေကားအတိုင်း တရွေ့ရွေ့ ဆင်းလာပါတယ်။ သူမမျက်နှာက ပွင့်လင်းတဲ့ အပြုံးချိုချိုနဲ့ နှုတ်ဆက်ပြီး မြူတွေကြားထဲ တလှုပ်လှုပ်နဲ့ ပျောက်ကွယ်သွားပါတယ်။

ရွာထဲကနေ ဈေးရှိရာကိုသွားတဲ့ ကားလမ်းမဆီ ၁၅ မိနစ်လောက် လျှောက်ရပါတယ်။ အဲဒီကမှတဆင့် ၂ ကီလိုမီတာလောက် ဝေးတဲ့ တောင်ပေါ်ဈေးလေးကို ရောက်ပါတယ်။ အနီးအနားမှာ ရှိကြတဲ့ ကချင်၊ လားဟူ၊ လီဆူး တိုင်းရင်းသားတွေ၊ တရုတ်လူမျိုးတွေ၊ ဒေသခံ ထိုင်းရွာသားတွေနဲ့ တောင်ပေါ်ဈေးလေးဟာ နံနက်စောစောမှာ ပျားပန်းခတ်မျှ လှုပ်ရှားနေပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ အများဆုံးတွေ့ရလေ့ရှိတဲ့ ဒေသအစားအစာဖြစ်တဲ့ ရှမ်းတို့ဟူးရောင်းတဲ့ ဆိုင်တွေရှိကြသလို မြန်မာနိုင်ငံထွက် ဆေးပေါ့လိပ်၊ တို့ဟူး၊ ရှမ်းချဉ်၊ လက်ဖက်၊ အဝတ်အထည်တွေလည်း ရှိပါတယ်။ မြန်မာစကား ခပ်ဝဲဝဲအသံတွေ၊ ရှမ်းစကား ကချင်စကားသံတွေဟာ တောင်ပေါ်ဈေးလေးထဲမှာ လွင့်ပျံ့နေပါတယ်။

ဘန်းမိုင်စမားကီးလို့ ခေါ်တဲ့ ကချင်ရွာလေးဟာ ချင်းမိုင်မြို့ကနေ ကီလိုမီတာ ၁၄ဝ အကွာမှာရှိတဲ့ ချင်းဒေါင်းခရိုင်ထဲကဖြစ်ပြီး မြန်မာနယ်စပ်နဲ့ ၅ ကီလိုမီတာသာ ကွာဝေးပါတယ်။ အဲဒီနေ့ဟာ ထိုင်းဘုရင်မင်းမြတ်ရဲ့ ၇၅ နှစ်မြောက် မွေးနေ့ဖြစ်တာမို့ ဒီရွာမှာ ပထမဦးဆုံး ကျင်းပပြုလုပ်မယ့် မနောပွဲတော်ကြောင့် ရွာသားတွေဟာ သိပ်ကိုတက်ကြွနေပါတယ်။

''ဒီနေ့က နောက်ဆုံးနေ့လေ။ အကုန်လုံး ကကြမယ်။ ပျော်စရာကြီးပေါ့'' လို့ ကချင်မလေး လုအင်က ပြောပြပါတယ်။ ''မြန်မာပြည်က ကိုယ်နဲ့သိတဲ့သူတွေ၊ အမျိုးအဆွေတွေကိုလည်း ဖိတ်ထားကြတယ်။ လာကြတယ်။ ဒီနေ့ နောက်ဆုံးနေ့ဆိုတော့ မနောအက ပျော်ပျော်ကြီး ကမယ်လေနော့''

နေပွင့်လာချိန်မှာ မနေကွင်းရှိရာ ရွာလမ်းတိုတိုလေးထဲက ဈေးဆိုင်တန်းတွေမှာ ဒေသခံလူတွေ၊ ချင်းမိုင်မြို့က လာကြသူတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားစ ပြုလာပါတယ်။ မနောအက ကဖို့အတွက် ကချင်ရိုးရာဝတ်စုံတွေကို ရောင်းချပေးတဲ့ ဆိုင်တွေရှိသလို ငှားတဲ့ဆိုင်တွေလည်း ရှိပါတယ်။ မညီမညာ မြေနီလမ်းပေါ် ကချင်ရိုးရာ ဝတ်စုံတွေဝတ်ပြီး တဖွဲဖွဲ ရောက်လာချိန်မှာတော့ နေက မွန်းတည့်ရောက်နေပါပြီ။

မနောပွဲအတွက် ပွဲပေးတယ်လို့ မြန်မာလို မှတ်ယူနိုင်တဲ့ ထမင်း၊ အမဲခြောက်ပြုပ်၊ ကြက်သား၊ ဂျင်းတွေကို သစ်ရွက်ဖက်နဲ့ထုပ်ပြီး ကျောမှာလွယ်ရာတဲ့ ပလိုင်းခြင်းထဲ အစီအရီ ထည့်သိုထားပါတယ်။ ပြီးတော့ အပေါ်ကနေ ပိတ်ဖြူနဲ့အုပ်ပြီး ဖုံးအုပ်ထားပါတယ်။ ''မနောအက နောက်ဆုံးပူဇော်တဲ့နေရာမှာ ဒီအစားအစာခြင်းကို ထည့်ပြီး ပူဇော်ရတယ်လေ။ မနောပွဲ အောင်မြင်ခြင်းအနေနဲ့ လုပ်တာပေါ့'' လို့ ခမ်းအင်က လက်ကလေးလှုပ်လှုပ်နဲ့ ပြောပြရှာပါတယ်။

''ဖော့မီ၊ ၃ နာရီမှာ စကမယ်တဲ့'' ဆိုပြီး ခြံဝိုင်းထဲ ဆိုင်ကယ်နဲ့ဝင်လာရင်း နော်ဂျာက ကချင်လို အော်ပြောပါတယ်။ အသက် ၁၉ နှစ်သာ ရှိသေးတဲ့ နော်ဂျာရဲ့ကိုယ်ပေါ်မှာ ကချင်ရိုးရာဝတ်စုံအပြည့်ကို ဝတ်ထားပါတယ်။ အောက်ခံအင်္ကျီအဖြူရောင်ပေါ် ကချင်ရိုးရာအဆင်နဲ့ ရက်လုပ်ထားတဲ့ နက်ခ်တိုင်၊ ပုခုံးမှာ စလွယ်သိုင်းထားတဲ့ ကချင်လွယ်အိတ်၊ ဘောင်းဘီအနက်နဲ့ ငွေရောင်ပြေးနေတဲ့ ဓားလွယ်တခု၊ ခရမ်းရောင် အနက်ရောင်အဆင်နဲ့ ရက်ဖောက်ထားတဲ့ ခေါင်းပေါင်းကို တင်ထားတဲ့ နော်ဂျာ့ရဲ့ဟန်က တက်ကြွနေပါတယ်။

''မနောဆိုတာ အထိမ်းအမှတ် တခုခုရှိတဲ့အခါ ကချင်မျိုးနွယ်စုတွေဖြစ်ကြတဲ့ ဂျိမ်းဖော၊ ရဝမ်၊ လီဆူး၊ လွန်ဗို၊ လာချစ်နဲ့ ဇိုင်ဝါးတို့ အားလုံး စုစည်းပြီး ကပြဖျော်ဖြေကြတဲ့ ပွဲတော်တခုပေါ့။ မနောအက ဘယ်ကနေ ဆင်းသက်လာသလဲဆိုတော့ အောက်ချင်းငှက်ဟာ နေနတ်မင်း ကပြတာကို ပြန်ပြီးတော့မှ ကတာကို လူတွေက အတူယူပြီး လိုက်ကကြတာပဲ'' လို့ မနောပွဲ ကပွဲမှာ ဦးဆောင်သူ ဆရာဂေါ်ဆိုင်းက ရှင်းပြပါတယ်။

သူဟာ မြန်မာနိုင်ငံ ဗန်းမော်မြို့ကနေ ထိုင်းနိုင်ငံနယ်ခြားက ကချင်ရွာလေးရဲ့ ပထမဦးဆုံးသော မနောပွဲအတွက် ဖိတ်ကြားခံရလို့ ရောက်လာသူတွေထဲက တဦးပါ။ အောက်ချင်းငှက်နဲ့ နေနတ်မင်းရဲ့အကကို လူသားတွေဆီ ပြန်ကပြတာမို့ ကချင်တိုင်းရင်းသားတွေက နမူနာယူပြီး ကကြတယ်လို့ သူက ဆက်ရှင်းပြပါတယ်။

မနောတိုင်တွေမှာ ကကွက် ၅၈ ကွက်ရှိတဲ့အနက် အဓိကကျတဲ့ ၆ ကွက်ကို ပုံဖော်ရေးဆွဲထားပြီး မနောတိုင်ရဲ့ အောက်ခြေမှာ အောက်ချင်းငှက်ကို ကန့်လန့်ဖြတ် ထည့်သွင်းထားပါတယ်။ မနောတိုင်ရဲ့ အောက်ဘက်မှာ ဖားစည်ကြီးတွေ ချိတ်ဆွဲထားပြီး မနောကတဲ့အခါ ကချင်လူငယ် ၁ဝ ယောက်လောက်က ဖားစည်ကို တချက်ပြီးတချက် အဆက်မပြတ် ထုနှက်ရပါတယ်။

''မနောအကကို တရက်ထဲလည်း ကလို့မရဘူး။ လုံးဝလည်း အမှားမခံဘူး။ မှားရင် ပွဲအထမမြောက်ဘူး။ အနည်းဆုံး ၄-၅ ရက်တော့ ကရတယ်။ နောက်ဆုံးနေ့မှာ လက်ကျန်ကကွက်ကို ပုံဖော်ကရတယ်။ တခါကရင် ၂ နာရီကျော်လောက် ကြာတတ်တယ်ဗျ'' လို့ ဆရာ ဂေါ်ဆိုင်းက ရှင်းပြပါတယ်။

ကချင်မျိုးနွယ်စုတွေရဲ့ ပထမဆုံး မနောပွဲဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကချင်အကြီးအကဲဖြစ်တဲ့ ဒူမရစ်ဝါခွန်းဂျာက ချိုင်ခုမဂျောမှာ စတင်ခဲ့တာလို့ အဆိုရှိပါတယ်။ နောက် သူရဲ့သားဖြစ်သူ ဆွတ်မဒူးဟာ နော်ရယောင်မှာ ဒုတိယမြောက် မနောပွဲကို ဦးဆောင်ကျင်းပခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ ကချင်ရိုးရာ မနောပွဲတော်ကို ကချင်ပြည်နယ်မှာ ပြုလုပ်ကြသလို တရုတ်နိုင်ငံ ရင်ဂျန်း၊ မန်ရှီ၊ ရွှေလီနဲ့ ကူမင်း စတဲ့ အရပ်တွေမှာ ပြုလုပ်ကြပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံ အာသံနယ်က တင်ဆူကီးယားနဲ့ မာဟီရီတာတို့မှာ ပြုလုပ်လေ့လည်း ရှိပါတယ်။

ကချင်မျိုးနွယ်စုတွေ အားလုံးဟာ နှစ်ပေါင်းများစွာ ဝေးကွာနေကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုးတွေကို မနောပွဲမှာသာ ပြန်လည်ဆုံတွေ့နိုင်ကြတာမို့ သူတို့အတွက်တော့ အထူးခြားဆုံးနဲ့ အထင်ရှားဆုံးလည်း ဖြစ်ပါတယ်။ အရင်ကာလတွေတုန်းကတော့ မနောပွဲတော်ဟာ ရိုးရာဓလေ့အရ နတ်တွေကို ယစ်ပူဇော် ပသတဲ့ အခမ်းအနားကြီး ဖြစ်ခဲ့ပြီး၊ ဒီကနေ့ခေတ်မှာတော့ နတ်ဘုရားတွေကို အကနဲ့သာ ဖျော်ဖြေကြတဲ့ လူမှုရေး ပွဲတော်ကြီးတခု ဖြစ်လာခဲ့ပါတယ်။

ကချင်မျိုးနွယ်စုတွေဟာ မွန်ဂိုလီးယားတောင်တန်းတွေဆီက ခရစ်တော်မပေါ်ခင် နှစ် ၂ဝဝ လောက်ကနေ တိဘက် ကုန်းပြင်မြင့်တွေဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီကမှတဆင့် ဟိမဝန္တာတောင်တန်းနဲ့ မြန်မာပြည် မြောက်ဖျားပိုင်းက မြေပြန့်လွင်ပြင်ပေါများတဲ့ ကချင်တောင်တန်းတွေဆီ ၈ ရာစုခန့်မှာ ပြောင်းလာခဲ့ပြန်ပါတယ်။ အိန္ဒိယပိုင် အာသံနယ်အထိ ရောက်ပြီး အဲဒီမှာ အခြေချနေထိုင်တဲ့ ကချင်တွေကို ချိန်ဖို၊ တိဘက်နဲ့ ယူနန်နယ်တဝိုက်မှာ ကျန်ခဲ့တဲ့ မျိုးနွယ်တွေကို ဂျင်ဖိုလို့ ခေါ်ကြပြီး မြန်မာပြည် ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်ထဲက မျိုးနွယ်တွေကိုတော့ ဂျိမ်းဖောလို့ ခေါ်ကြပါတယ်။

ကချင်မျိုးနွယ်စုတွေဟာ ဘယ်လိုအခါသမယမျိုးမှာ မနောပွဲကို ကျင်းပကြသလဲ၊ ပြီးတော့ ဘာအတွက်ကြောင့် ကျင်းပကြတာလဲ။

''မနောပွဲက လုပ်ချင်တိုင်း လုပ်မရဘူးဗျ။ တနှစ်တခါ လုပ်ရမယ်ဆိုတာလည်း မရှိဘူး။ ပြောရရင် တိတိပပ သတ်မှတ်ထားတာမျိုး မဟုတ်ဘူးပေါ့။ မနောပွဲဆိုတာ မျိုးနွယ်စုတခုထဲက၊ လူတယောက်ထဲကနေ လုပ်ချင်းတိုင်းလည်း လုပ်လို့ မရဘူး။ အားလုံး အားလုံး တစိတ်တဝမ်းထဲ ရှိကြပြီး အထမ်းအမှတ် တခုခုဆိုမှ လုပ်ကြတာ။ အရင်တုန်းကတော့ မျိုးနွယ်စု အကြီးအကဲ၊ ဒါမှမဟုတ် ဘာသာရေးဆရာ အကြီးအကဲရဲ့ ၂၅ နှစ်မြောက်တို့၊ နှစ် ၅ဝ မြောက်တို့မှာဆိုရင် အကြီးအကျယ် လုပ်ကြတယ်။ ငြိမ်းချမ်းရေး မနောပေါ့နော့။ စစ်အောင်နိုင်တဲ့ အက ကတဲ့ မနောဆိုတာလည်း ရှိသေးတယ်။ ကောက်သစ်စားပွဲလို ရာသီဥတုကောင်းပြီး မျိုးနွယ်စုတွေအကုန် ကြီးပွားချမ်းသာကြဖို့အတွက်ဆိုပြီး လုပ်တဲ့ မနောပွဲမျိုးလည်း ရှိတယ်"' လို့ ပူတာအိုဇာတိသား ဦးယောနသန်က ဆိုပါတယ်။

နေပြင်းပြင်း ပူလှတဲ့အောက်မှာ မနောကွင်းတား လူတွေ ရုံးစုရုံးစု ဖြစ်စပြုနေပြီ။ အစဉ်အလာတွေအတိုင်း ဆိုရင်တော့ မနောပွဲမှာ မပါမဖြစ် အရေးကြီးတာက ခေါင်ရည်ပါ။ မနောကွင်းထဲမှာ ခေါင်ရည်ကို ဝါးဆစ်ပလိုင်းတွေထဲ အလျှံအပယ်ထည့်ထားပြီး ချွေးသံရွှဲရွှဲနဲ့ မနောကလိုက်၊ ခေါင်ရည်တကျိုက်သောက်လိုက် ရှိကြစမြဲပေမယ့် ထိုင်းနယ်စပ် ရွာကလေးရဲ့ မနောပွဲမှာတော့ ခေါင်ရည်ကို ပေါ်ပေါ်ထင်ထင် တွေ့ရခဲပါတယ်။

အသက် ၃ဝ ဝန်းကျင် အမျိုးသားတွေကတော့ အိမ်မှာ တနိုင်တပိုင် ကိုယ်တိုင်ချက်လုပ်ထားတဲ့ ခေါင်ရည်ကို အိမ်ဝိုင်းထဲမှာ သောက်ကြပြီး ပွဲခင်းထဲကိုတော့ ယူခွင့်ပိတ်ထားပါတယ်။ ဆန်၊ ကောက်ညှင်းနဲ့ ရိုးရာအတိုင်း ချက်ထားတဲ့ ကချင်ခေါင်ရည်ဟာ အလည်ရောက်လာတဲ့ နိုင်ငံခြားသားတွေကိုတော့ အတော်ကလေး ဆွဲဆောင်နိုင်ပါတယ်။

မနက်ခင်းက အအေးဓာတ်တွေ လုံးဝလွင့်စင်ပျောက်ကွယ်နေပြီဖြစ်တဲ့ မနေအက စတင်ချိန် နီးလာတဲ့အခါ အပူရှိန်က အတော်ပြင်းနေပါပြီ။ နေမြင့်လာပေမယ့် ထူထူထဲထဲ ကချင်ရိုးရာ ဝတ်စုံတွေဝတ်ထားတဲ့ တိုင်းရင်းသူတွေကတော့ အပြုံးဝင့်ဝင့်ရှိဆဲ။ ငွေရောင်၊ ဘော်ရောင် အဖြူဝိုင်းကြီးတွေကို အင်္ကျီအနက်ပေါ်က ရင်ဘတ်မှာ ချိတ်ဆွဲထားပြီး ခေါင်းမှာတော့ ဂျိမ်းဖောဝတ်စုံ ခေါင်းပေါင်းအနီနဲ့ အနက်ဟာ သူတို့ရဲ့အပြုံးတွေနဲ့ ပနံရနေပါတယ်။

မနောကွင်းထဲ နှစ်ယောက်တတွဲ ယှဉ်တွဲဝင်ပြီး တန်းစီကြတဲ့အခါ ရှေ့ဆုံးက အကဦးဆောင်သူ နော်ရှောင် အမျိုးသားကြီး ၆ ယောက် (တဖက် ၃ ဦးစီ) က လက်မှာ ဓားကို ညာဘက်နဲ့ကိုင်၊ ဘယ်ဘက်က ဓားဦးပြာကိုကိုင်ပြီး ခန္ဓာကိုယ်ကို ဖားစည်သံ တဒုံဒုံအတိုင်း ဘယ်ညာယိမ်းပြီး ကွင်းထဲစဝင်ပါတယ်။ နော်ရှောင်တွေက အဝါရောင် ဝတ်ရုံရှည်ကြီးတွေကို ဝတ်ဆင်ထားပြီး ဝတ်ရုံပေါ်မှာ ဥဒေါင်းရုပ်၊ အောက်ချင်းငှက်ရုပ်နဲ့ အခြားငှက်တွေရဲ့ ပုံတွေကို အစိမ်းရောင်နဲ့ ချယ်သရေးဆွဲထားပါတယ်။ ဦးခေါင်းမှာ ဒေါင်းမွေးတွေကို ထောင်ထားပြီး တောဝက်အစွယ်တွေကို အောက်ခြေမှာ အကျအန တပ်ဆင်ထားတဲ့ ဦးပေါင်းတွေကို ဆင်ယင်ထားပါတယ်။

အမျိုးသမီးတွေက လက်ကိုင်ပုဝါအဖြူကို တြိဂံပုံကိုင်၊ အမျိုးသားတွေက ညာဘက်က ဓားကိုကိုင်ပြီး ရှေ့ဆုံးက နော်ရှောင်တွေရဲ့ အကအတိုင်း တလှမ်းမကွာ ကခုန်ပြီး မနောကွင်းထဲမှာ အကတွေ တစတစ ပီပြင်လာပါတယ်။

မနောတိုင်တွေ ရေးဆွဲထားတဲ့ ကကွက်၊ ကဟန်တွေအတိုင်း ရှေ့က ဦးဆောင်သူတွေဟာ ပုံဖော်ပြီး ကွင်းကို စတင်ပတ်ပါတော့တယ်။ နော်ရှောင် ၆ ဦးအနက် ၄ ဦးဟာ အကတန်းရှည်ကြီးကို ၄ တန်းဖြစ်သွားအောင် ခွဲထုတ်ပြီး ဆက်လက်ပုံဖော်နေစဉ်မှာ ကျန် ၂ ဦးက ကွင်းစပတ်ပါတယ်။ သီးခြားစီဖြစ်သွားတဲ့ အကတန်းရှည်ကြီး ၄ တန်းဟာ ကွင်းတပတ်ပြည့်တိုင်း မနောတိုင်ရှေ့မှာ ပြန်ဆုံလိုက်၊ ပြန်ခွဲထုတ်လိုက်နဲ့ လှလှပပ စီစီရီရီ ကကွက်ကို ပုံဖော်ကြပါတယ်။ တနာရီကျော်လာတဲ့အခါ လူတွေဟာ မောဟိုက်စပြုလာတယ်။ စက်ဝိုင်းပုံ ရစ်ခွေပြီး ကတဲ့အခါ တခြားတဖက် လူတန်းနဲ့ ဆုံလိုက်၊ နှုတ်ဆက်စကားပြောလိုက်နဲ့ စည်သံ တဒုံဒုံကြားမှာ ကကွက်ဟာ သွက်လာလိုက် အရှိန်လျော့သွားလိုက် ဖြစ်နေပါတယ်။

နေပူရှိန် ကျဆင်းလာတာနဲ့အမျှ မနောကကွက်တွေဟာ ပိုပြီး သွက်သွက်လက်လက် ဖြစ်လာကြပါတယ်။ မကြာခင်မှာ ပြီးဆုံးတော့မယ့် မနောပွဲတော်ကြီးအတွက် စိတ်အားတက်ကြွမှုတွေနဲ့ တီးခတ်နေတဲ့ ဖားစည်သံက ရိုက်ချက်တွေဟာ ပိုပြီးမြူးလာတယ်လို့ ထင်ရပြီး မနောပျိုဖြူတွေကလည်း ချွေးပေါက်တွေကြားက အပြုံးတွေက လှပနေဆဲ။

မနောတိုင်ဆီ နောက်ဆုံးအခေါက် ဦးတိုက်ပြီး အစားအစာတွေ ထည့်ထားတဲ့ ခြင်းပလိုင်းကို ကချင်အမျိုးသမီးကြီး ၃ ဦးက မနောတိုင်အောက်ခြေက မြေပြင်မှာချ၊ အကဦးဆောင်သူ နော်ရှောင်တဦးက သူ့ရဲ့ခြေတဖက်ကို ခြင်းတောင်းပေါ်တင်ရင် ကချင်ဘာသာနဲ့ ဆုတောင်းသံတွေ ထွက်လာပါတယ်။ အဲဒီနောက် ကွင်းထဲကနေ လာလမ်းအတိုင်း ပြန်ထွက်သွားပြီး အနောက်ဘက်မှာရှိတဲ့ ရိုးရာခြေတံရှည် အိမ်ကြီးပေါ် တက်သွားတဲ့အချိန်မှာပဲ မနောကပွဲကြီး ပြီးဆုံးသွားပါတယ်။

ည ၈ နာရီမှာ စတင်မယ့် ထောင်ကာ အကနဲ့ အဆိုတော် ကေဂျာနူးနဲ့ အဆိုတော် ၄ ဦးရဲ့ ဂီတဖျော်ဖြေပွဲနဲ့အတူ ဘန်းမိုင်စမားကီး ကျေးရွာလေးရဲ့ ပွဲတော်က အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ပွဲတော်ရက်အတွင်း မငြိမ်းဘဲထားတဲ့ မနောမီးပုံကို ငြှိမ်းသတ်ရဦးမှာပါ။

ချင်းဒေါင်းခရိုင်ထဲက ဘန်းမိုင်စမားကီး ကျေးရွာလေးကို ၁၉၇၆ ခုနှစ်လောက်ကစပြီး မြန်မာပြည်ဘက်က ကချင်လူမျိုးတွေက ရှမ်းပြည်နယ် မိုင်းတုံမြို့ကနေ နယ်စပ်ကိုဖြတ်ပြီး ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့တွေကို ဦးဆောင်လာခဲ့သူကတော့ မာရစ်နော်ဆိုသူ ကချင်အမျိုးသားကြီးတဦး ဖြစ်ပါတယ်။ ၁၉၈ဝ ပြည့်နှစ်မှာ ထိုင်းဘုရင်ရဲ့ တောင်တန်းဒေသ ဖွံ့ဖြိုးရေးစီမံချက်အရ ဘန်းမိုင်စမားကီးဟာ လူမှုဖွံ့ဖြိုးရေးတွေ ပေါ်လာပြီး အထူးဒေသအဖြစ် ခွင့်ပြုချက်နဲ့ နေထိုင်ခွင့် ရလာခဲ့ပါတယ်။

၁၉၈၄ ခုနှစ်မှာ မိဖုရားကြီး သီရိခေတ်ကိုယ်တိုင် ဒီရွာကလေးကို ရောက်လာပြီး ကချင်တိုင်းရင်းသားတွေကို တရားဝင်နေထိုင်ခွင့် (တောင်ပေါ်သားလက်မှတ်) ပေးခဲ့ပါတယ်။ ''အရင်ကတော့ ကျနော်တို့ကိုယ်ကျနော်တို့ လားဟူတွေလို့ လိမ်ပြောထားရတယ်၊ တောင်ပေါ်သားကတ်မှာလည်း လားဟူတွေလို့ပဲ ဖော်ပြထားတယ်၊ အခုတော့ ကျနော်တို့မှာ ကိုယ်ပိုင်ရိုးရား "လေ့ယဉ်ကျေးမှုတွေ ရှိပါတယ်။ ကျနော်တို့ဟာ ကချင်တွေပါလို့ ဘုရင်ကို ဖွင့်ပြောပြီးတော့မှာ အခုလို ကချင်တွေအဖြစ် တရားဝင် နေခွင့်ရသွားတာလေ'' လို့ ဇော်အောင်က ဆိုပါတယ်။

နောက်ပိုင်း ထိုင်းဘုရင်နဲ့ မိဖုရားဆီ ကချင်ရိုးရာ ဝတ်စုံနဲ့ လက်မှုပစည်းတွေကို လက်ဆောင်ဆက်ခဲ့ပြီး၊ ကချင်တိုင်းရင်းသားတွေအဖြစ် အသိအမှတ်ပြု ခံရသလို အခုလို ရိုးရာအကနဲ့လည်း ဖျော်ဖြေခွင့်ရခဲ့တယ်လို့ ဇော်အောင်က ဆက်ပြောပြပါတယ်။

ဒီရွာလေးမှာ လူဦးရေ ၄၈၇ ဦးနေတဲ့ အိမ်ခြေ ၆၈ ခုရှိပြီး အဓိကအားဖြင့် ပြောင်းနဲ့မြေပဲကို စိုက်ပျိုးကြပါတယ်။ အဲဒီအတွက် အစိုးရဆီက အမတော်ကြေး ချေးငွေတွေ ရကြပါသေးတယ်။ ကချင်တိုင်းရင်းသားတွေရဲ့ ရိုးရာအစဉ်အလာတွေကို ထိန်းသိမ်းတဲ့အနေနဲ့ မနောပွဲကြီး ကျင်းပဖြစ်ခဲ့တာကြောင့် သူ သိပ်ကို ပျော်တယ်လို့ အသက် ၇ဝ ကျော်ပြီဖြစ်တဲ့ တိန့်ရိုင် (အမေကြီး) က ရိုးရာဝတ်စုံကို ချွတ်လဲရင်း ဆိုပါတယ်။

''အမေတို့ သိပ်ဝမ်းသာတာပဲ။ မောပေမယ့်လည်း ကရတာပဲ။ ကချင်လွန်းလို့ကို မရောက်ရောက်အောင် လာခဲ့ရတာပေါ့။ ဝမ်းသာတယ်။ ဝမ်းသာတယ်'' လို့ မြန်မာလို တတွတ်တွတ်ဆိုပါတယ်။ အမေကြီးက ဗန်းမော်ကနေ ရှမ်းပြည်တလျှောက်၊ နောက် နယ်စပ်ကိုဖြတ်ပြီး ဒီရွာရဲ့ မနောပွဲကို လာနွှဲသူပါ။ နောက်တခါဆိုရင် ဆွေမျိုးတွေကိုပါ ခေါ်ခဲ့ဦးမယ်လို့ ဆိုပါသေးတယ်။ ''အမေတို့က အသက်ကြီးပြီ။ ကိုယ့်ဇာတိမှာပဲ ပြန်ပြီး ခေါင်းချတော့မယ်''

ညက မှောင်လာတာနဲ့ နှင်းတွေ တဖွဲဖွဲကျလာသလို ငြိမ်းလုဆဲဆဲ မနောမီးပုံလေးဟာ နှင်းစက်တွေကြားထဲ တငွေ့ငွေ့ လောင်းကျွမ်းနေဆဲ။ ကချင်သီချင်းသံတွေ လွင့်ပျံ့နေတဲ့ ရွာကလေးထဲက စတိတ်ရှိုးဆီက အသံတွေဟာ ခပ်ဝေးဝေးက တောင်တန်း စိမ်းညို့ညို့တွေဆီထိ မျောလွင့်နေဆဲ။

အနွေးထည်ကို ရင်ဘတ်အထိ ဆွဲစေ့ရင်း ပွဲခင်းထဲရောက်နေတဲ့ နော်ဂျာက နောက် ၃ နှစ်ကျရင် နောက်တခါ မနောကဦးမယ်ဗျလို့ မြန်မာသံဝဲဝဲနဲ့ ပြောပါတယ်။ ''အမေက ဒီရွာမှာပဲ နေတော့မယ်လို့တော့ ပြောတယ်။ ထိုင်းစကားသင်ရဦးမယ်လေ။ ကျောင်းတက်ဖို့ပေါ့''

ဂျပ်ခုတ်သံတွေ မကြားရပေမယ့် ကချင်စကားသံ၊ သီချင်းသံလေးတွေ လွင့်မျောနေတဲ့ ဘန်းမိုင်စမားကီးဟာ ပြောင်းလဲမှုတွေကြားမှာ တဖြည်းဖြည်း ရွှေ့လျားနေပါတယ်။

''ခေါင်ရည်မရှိပေမယ့် မနောအကနဲ့တင် ချာချာလည် မူးပါတယ်ဗျာ''

နေသန်မောင်

No comments:

Post a Comment