Saturday, January 31, 2009

၂၀၁၀ ခုနှစ်ဆိုင်ရာ မဟာဗျူဟာအမြင်နှင့် မြန်မာနိုင်ငံ ပဋိပက္ခအတွင်း အပြုသဘော အမြင်ရှိသူများ အခန်းကဏ္ဍ

မင်းဇော်ဦး

မြန်မာနိုင်ငံအစိုးရဟာ တပ်မတော်နဲ့ အရပ်သား ညွန့်ပေါင်းအစိုးရတရပ် ပေါ်ပေါက်ရေးကို ရှေးရှု တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အသစ်တရပ် ကျင်းပဖို့ အဆိုပြုခဲ့ပါပြီ၊ အဆိုပါ ညွန့်ပေါင်းအစိုးရ ပုံစံကို တပ်မတော်အစိုးရ ဦးဆောင်ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံမှ ရေးဆွဲခဲ့ပြီး ဝေဖန်မှု အမျိုးမျိုး ပေါ်ပေါက်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲနှင့် ပြီးခဲ့သည့်နှစ်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ NLD အပါအ၀င် ဆန့်ကျင်သူများအဖို့ ပြီးခဲ့တဲ့ (၁၈) နှစ်အချိန်က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ အနိုင်ရမှုကို ဆက်လက်ဆုပ်ကိုင်ထားတဲ့ အတွက် ရွေးကောက်ပွဲသစ်ကျင်းပမယ့် အလားအလာအပေါ် လက်ခံနိုင်မှု မရှိကြပါ။

ရွေးကောက်ပွဲအသစ်ကို လိုလားသူတဦးအနေနဲ့ ဒီမိုကရေစီ စံတွေနဲ့မညီတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ်ကို အားပေးထောက်ခံသူအဖြစ်သို့ ကျရောက်သွားမယ့် အလားအလာ တည်ရှိနေပြန်တယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲတွင် အပြုသဘောအမြင်ရှိတဲ့ ဒီမိုကရေစီ အင်အားစုများ ပါဝင်မှုဟာ မဟာဗျူဟာအရ မှန်ကန်သလို ရင်ကြားစေ့ဖို့ များစွာလိုအပ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ပဋိပက္ခများ ပြေလည်စေပြီး နိုင်ငံငြိမ်းချမ်းတည်ငြိမ်မှု ဖြစ်ပေါ်ရေးအတွက် လက်တွေ့လိုအပ်ချက်လည်း ဖြစ်ပါတယ်။ ယခုစာတမ်းမှာ၂၀၁၀ ရွေးကောက်ပွဲ အရေးပါမှုနှစ်၂၀၁၀ ရွေးကောက်ပွဲအပြီးကာလတွင် အပြုသဘောအမြင်ရှိသူများက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဘယ်နည်းဘယ်ပုံ ပြုစုပျိုးထောင် ပေးနိုင်စရာ အလားအလာတို့ကိုတင်ပြ ဆွေးနွေးထားပါတယ်။


အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေရဲ့ အနေအထား
အနာဂတ်ကို မစဉ်းစားသေးခင်မှာ အနောက်နိုင်ငံများရဲ့ ထောက်ခံမှုရရှိနေတဲ့ ဒီမိုကရေစီလိုလား သူများရဲ့လှုပ်ရှားမှူကို ရိုးသားပွင့်လင်းစွာ ဓမ္မဓိဌာန်ကျကျ သုံးသပ်ကြည့်သင့်တယ်။ ၂၀၀၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီး NLD ကို ဖြိုခွင်းခဲ့မှုဟာ ပဋိပက္ခကို အလှည့်အပြောင်းကာလသို့ ရောက်စေခဲ့တယ်၊ တဘက်တွင် ဒီပဲယင်းဖြစ်ရပ်ဟာ မြန်မာနိုင်ငံမှာ နာတာရှည် ဝေဒနာပြွမ်းတီးမှုဖြစ်စဉ်အပေါ် အချို့ အတိုက်အခံသမားတွေအဖို့ မိမိတို့ရဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည် သုံးသပ်လာစေခဲ့တယ်။ ဒီပဲယင်း အဖြစ်အပျက်ဟာ မြန်မာအတိုက်အခံ အသိုင်းအ၀ိုင်းများအကြား အကြီးအကျယ် ဒေါသူပုန်ထသွားစေခဲ့တယ်။ တပ်မတော်အစိုးရကို ပြန်လည်ဒဏ်ခတ်ဖို့ နှိုးဆော်ခဲ့ကြတယ်။ အမေရိကန်အစိုးရ ထိပ်တန်း တာဝန်ခံအပါအ၀င် ကမ္ဘာ့နိုင်ငံများရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့တဲ့အတွက် မိမိတို့အပေါ် အနောက်ကမ္ဘာက ထောက်ခံသူများဟာ စိတ်ဓါတ်ရေးအရ အားပေးမှု၊ ငွေကြေး အနည်းအကျဉ်းပံ့ပိုးမှုတွေ ပြုနေတဲ့ အနေအထားမှ ရှေ့ကို တဆင့်တက်တော့မယ်လို့ မြန်မာဆန့်ကျင်ရေးသမားတွေ ယုံကြည်လာခဲ့တယ်။

ဒါပေမယ့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုဟာ အနောက်ကမ္ဘာအဖို့ စိတ်ဓါတ်မြှင့်တင်ရေး အားပေးမှု အဆင့်မှာသာ ဆက်လက်တည်ရှိနေခဲ့ပါတယ်။ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင် စိတ်ဓါတ်ရေး အားပေးမှုဟာ မဟာဗျူဟာမြောက် အရေးပါမှုလောက် တန်ဖိုးမြင့်မားမှု မရှိပါ။ ၁၉၉၈ခုနှစ်တုန်းက ဘီကလင်တန်အစိုးရဟာ အီရတ် အတိုက်အခံများကို ဒေါ်လာသန်း (၁၀၀) ထောက်ပံ့ပေးခဲ့ဘူးတယ်။ ယခု မြန်မာနိုင်ငံ အတိုက်အခံများကို အမေရိကန်အစိုးရ ထောက်ပံ့မှုဟာ ဒေါ်လာ (၁၀) သန်းမျှသာရှိပြီး အဲဒီအထဲမှာ ဒုက္ခသည်နဲ့ လူသားချင်းစာနာမှု အကူအညီတွေလည်း ပါနေပါသေးတယ်။ ဒီပမာဏဟာဖြင့် သမုဒ္ဒရာရေထက် ရေတစက်ကျတာလောက်သာ ရှိပါတယ်။

၂ ဒီပဲယင်းနှိမ်နင်းမှုဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအားပေးမှုရဲ့ အတိုင်းအတာ ဘယ်လောက် ရှိတယ်ဆိုတာ လက်တွေ့ ပြလိုက်တာပါပဲ။ မြန်မာဒီမိုကရေစီ လှုပ်ရှားအပေါ် အနောက်ရဲ့အားပေးမှုဟာ အစွမ်းကုန်နေပြီ ဒီအတိုင်းအတာထက် မကျော်နိုင်တော့ဘူးဆိုတာ ပြည်ပအရောက် အတိုက်အခံအချို့ မျက်စိပွင့်လာခဲ့ကြတော့တယ်။

ဒီအရေးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၀င်ရောက်ဆောင်ရွက်ဖို့ NLD က ပြတ်ပြတ်သားသား တောင်းဆိုခဲ့တယ်။ ယခုလို အရေးပေါ် ကယ်ဆယ်ရေးလုပ်ပေးဖို့ တောင်းခံလိုက်ရတာကတော့ ပြည်တွင်းမှာ NLD ပါတီရဲ့ စည်းရုံးလှုပ်ရှားမှုကို အစိုးရက ပြင်းထန်စွာ နှိမ်နင်း ချုပ်ကိုင်လိုက်ပြီလို့ ပါတီခေါင်းဆောင်များ သိရှိလာလို ဖြစ်တယ်။ အစိုးရဟာတဘက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်ရည်ကိုင်ရည် ရှိသူတွေကို ထိမ်းသိမ်းလိုက်သလို တချိန်တည်းမှာ ပါတီအောက်ခြေ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုကိုလည်း ကန့်သတ် ချုပ်ကိုင်လိုက်ပါတော့တယ်။

ပြည်ပရောက် ဆန့်ကျင်သူတွေနဲ့ သူတို့ကို အားပေးထောက်ခံသူတွေဟာ NLD ရဲ့ အရေးပေါ် အသက်ကယ် အကူအညီတောင်းခံမှုကို တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။ ချက်သမ္မတ ဟောင်း ဘားကလပ်ဟာဘယ်နဲ့ နိုဘယ်ဆုရှင် ဒက်စမွန်တူတူးတို့ ပါဝင်တဲ့ ကော်မရှင်တရပ်ဖွဲ့စည်းပြီး ၀ါရှင်တန်မှာရှိတဲ့ အတိုက်အခံ အဖွဲ့ဝင်ရှေ့နေ အချို့က ရှည်လျားတဲ့ ပန်ကြားစာတစောင် ထုတ်ပြန်ခဲ့ကြတယ်။ မြန်မာအစိုးရဟာ ဒေသလုံခြုံရေးကို ထိပါးအန္တရာယ်ပြုနေပြီလို့ တောင်းဆိုလိုက်ကြပါတယ်။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံများ အားလုံးလောက်က ဒီအဆိုကို ထောက်ခံခြင်း မရှိကြပါ။ အမေရိကန် ပင်တခွန်စစ်ဌာနချုပ်နဲ့ ထောက်လှမ်းရေး နယ်ပယ်တို့ကလည်း ဒီအဆိုကို ထောက်ခံခြင်း မရှိပါ။ တကယ်တော့ ဒါဟာ အစိုးရအပေါ် ပိုမိုဖိအားပေးဖို့ လှုံ့ဆော်မှု သက်သက်မျှသာ ဖြစ်နေပါတော့တယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဒီအဆိုဟာ အောင်မြင်မှုမရမှန်း သိသိကြီးနဲ့ အမေရိကန် ကွန်ကရက်လွှတ်တော်နှင့် ဘွတ်ရှ်အစိုးရဟာ အတိုက်အခံတွေရဲ့ လိုလားချက်ကို အကောင်အထည်ဖော် ပေးခဲ့ကြတယ်။ ၁၉၉၅ ခုနှစ်တုန်းက ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ကိုယ်စားလှယ် မယ်ဒလင်အောဘရိုက် နဲ့ တွေ့ဆုံစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်က အလားတူ တောင်းဆိုမှု ပြုခဲ့ဘူးတယ်။ ဒါပေမယ့် ကလင်တန် အစိုးရဟာ ဒီအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအထိ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံ လွတ်မြောက်ရေး လှုပ်ရှားမှုနဲ့ တိဘက်လွတ်မြောက်ရေး လှုပ်ရှားမှုတို့ရဲ့ ကံကြမ္မာဟာ တထပ်တည်း ကျနေပါတယ်။ အဆိုပါ လှုပ်ရှားမှုနှစ်ရပ်လုံးဟာ လူအများ သိရှိလာအောင် လှုံ့ဆော်နိုင်တဲ့ အဆင့်အထိတော့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြတယ် (Awareness Campaigns)၊ ဒါပေမယ့် ဒီစွမ်းဆောင်မှုဟာ နိုင်ငံတကာ ထောက်ခံမှုရရှိရေးတွင် အဆင့်တရပ်မျှသာ ဖြစ်ပါတယ်။ ပေါ်လစီမူဝါဒတရပ် လက်တွေ့ အကောင်အထည်ဖော်ရေးမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံများရဲ့ သဘောဆန္ဒပါဝင်မှ ဖြစ်မှာပါ။ မြန်မာ နဲ့ တိဘက်လှုပ်ရှားမှု နှစ်ခုစလုံးဟာ နိုင်ငံတကာ မျက်နှာစာကို ရောက်သွားပြီဆိုရင် အရှိန်အဟုန် ရပ်တန့်သွားကြတာချည်းပါပဲ။

တပ်မတော်အစိုးရဟာလည်း ပြီးခဲ့တဲ့(၈)လအတွင်း အဓိကအကြပ်အတည်းကြီး (၂) ရပ်ကို ရှေ့ဆင့်နောက်ဆက်ဆိုတာလိုကြုံခဲ့ရပါတယ်။ ဘုန်းတော်ကြီးတွေဦးဆောင်တဲ့ လှုပ်ရှားမှုဟာ(၁၈) နှစ် အတွင်းပထမဆုံးအကြိမ်အဖြစ် လူများစွာကို လမ်းတွေပေါ်ထွက်လာစေခဲ့တယ်။ နာဂစ်ဆိုက်ကလုံး မုန်တိုင်းဟာ ဆန်စပါးအဓိကစိုက်ပျိုးရာ မြစ်ဝကျွန်းပေါ်ဒေသမှာဖြစ်ပွားခဲ့ပြီး လူ (၁၃၀ယ ၀၀၀)ခန့် သေကျေပျက်စီးစေခဲ့တယ်။ မြန်မာ့သမိုင်းမှာအဆိုးဝါးဆုံး သဘာဝဘေးလည်းဖြစ်တယ်။ ဒါပေမယ့် ဒီအကြပ်အတည်း(၂)ရပ်လုံးကို အစိုးရကနိုင်နင်းစွာကိုင်တွယ်နိုင်ခဲ့တယ်။

မြန်မာ့လူ့အဖွဲ့အစည်းက ဦးစားပေးတဲ့သာသနာ့ဝန်ထမ်းပင်ဖြစ်ပေစေ ဥပဒေရေးရာနှင့် ပတ် သက်လာရင် မငဲ့မကွက် ဆောင်ရွက်မယ်ဆိုတဲ့အစိုးရတစ်ရပ်ရဲ့ လုပ်ရည်ကိုင်ရည် (Institutional
Capacity) ကိုလည်း ပြသခဲ့တယ်။ ဆိုက်ကလုံးမုန်တိုင်းကြောင့် ဒုက္ခဖိစီးမှုများလာပြီး နိုင်ငံရေးထက် စားဝတ်နေရေးဘက်ကိုသာ လူထုတွေဦးစားပေးလာစေခဲ့တယ်။ အဆိုပါအကြပ်အတည်း (၂)ရပ် ဖြစ်ပွားပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအံတုမှုများကိုလည်း အောင်မြင်စွာချုပ်ထိမ်းနိုင်ခဲ့တယ်။


၃ တည်ဆဲ တပ်မတော်အစိုးရရဲ့ အနေအထား
ဗိုလ်ချုပ်နေ၀င်းရဲ့၁၉၆၂ခုနှစ် တပ်မတော်အာဏာသိမ်းမှုနှင့် တည်ဆဲတပ်မတော်အစိုးရတို့ အကြား မှာကြီးမားတဲ့ ကွဲပြားခြားနားမှု အခြေခံတရပ်ရှိတယ်။ အဲဒါကတော့ တပ်မတော်အာဏာသိမ်းပြီး (၁၂) နှစ်အကြာမှာ တပါတီအစိုးရစနစ်အဖြစ်သို့ ဦးနေ၀င်းက အသွင်ကူးပြောင်းကာ မိမိအခြေခံကို ခိုင်မာ အောင်ပြုလုပ်ခဲ့တာဖြစ်ပြီး တည်ဆဲနိုင်ငံတော် အေးချမ်းးသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ကတော့ မိမိတို့ဟာ နိုင်ငံအာဏာကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အသွင်ကူးပြောင်းရေးကာလ အစိုးရတရပ်သာ ဖြစ်ကြောင်း ကြေညာခဲ့ခြင်းပဲ ဖြစ်တယ်။

ဒါ့အပြင် တပ်မတော်အစိုးရဟာ ပြည်တွင်းပြည်ပ ဆန့်ကျင်သူအများရဲ့ အဆက်မပြတ် ဖိအားပေးမှုကို ယခုအချိန်အထိ တွန်းလှန်ဖယ်ရှားနိုင်စွမ်း ရှိနေဆဲဖြစ်ပေမယ့် တဘက်တွင် အဆိုပါ ဖိအားဟာ ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီပဲယင်းကိစ္စ ဖြစ်ပွါးမှုဟာ တပ်မတော်အစိုးရရဲ့ အသွင်ကူးပြောင်းရေး လမ်းညွှန်မြေပုံကို အချိန်မဆိုင်းဘဲ ထုတ်ပြန်ကြေညာလာစေခဲ့ပါတယ်။

အသွင်ကူးပြောင်းရေးဟာ အစိုးရဦးဆောင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပေါ်မှာ အခြေစိုက်ထားပြီး ၂၀၀၈ မေတွင် ဆိုက်ကလုန်းမုန်တိုင်းဒဏ် သင့်နေစဉ် အချိန်အတွင်း လူထုဆန္ဒခံယူပွဲ ကျင်းပ အတည်ပြုခဲ့တယ်။ ပေါ်ပေါက်လာမယ့် ဥပဒေပြု လွှတ်တော်တွင် တပ်မတော်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းပါဝင်ပြီး တပ်မတော် ရည်ရွယ်ချက်တွေကို ကာကွယ်စောင့်ရှောက် သွားပါလိမ့်မယ်။

ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တွေ့ကျင့်သုံးမှုဟာ ရွေးကောက်ပွဲတွင် အရပ်သားနိုင်ငံ ရေးသမားများပါဝင်မှု အတိုင်းအတာရယ် အစိုးရအဖွဲ့အတွင်း ရွေးချယ်ခံ ကိုယ်စားလှယ်များရဲ့ လုပ်ပိုင်ခွင့် ရယ်တို့ အပေါ်မှာ မှီတည်နေပါလိမ့်မယ်။ အစိုးရအဖွဲ့သစ်အတွင်းမှာ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ် များရဲ့ လုပ်ပိုင်ခွင့်တွေ အများကြီးရရှိနိုင်ဖို့ရာ ဖွဲ့စည်းပုံဥပဒေက အပ်နှင်းထားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ် အကောင်အထည်ဖော်နိုင်မှုဟာ ဒီမိုကရေစီလိုလားတဲ့ အရပ်သားတွေ ရွေးကောက်ပွဲမှာ ပါဝင်မှု အတိုင်းအတာရယ် အစိုးရအဖွဲ့သစ်တွင် သူတို့ရဲ့အခန်းကဏ္ဍရယ်တို့ အပေါ်မှာ တည်မှီနေပါတယ်။ တပ်မတော် အစိုးရဘက်မှာလည်း အခက်အခဲကြီး (၃) ရပ် ရှိနေပါတယ်။ ပထမ အခက်အခဲကတော့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ဆင်းဖို့ရာ အရပ်သား နိုင်ငံရေးသမားများကို နိုင်ငံရေးလုပ်ပိုင် ခွင့်ပေးဖို့ ချိန်ဆနေဆဲ ဖြစ်ပါတယ်။ ဘာကြောင့်ဆို ကျောင်းသားခေါင်းဆောင်များကို လွှတ်ပေးပြီး သူတို့ လိုလားသူများ အကြားမှာ လှုပ်ရှားစည်းရုံးခွင့် ပေးလိုက်မှုက ရလိုက်တဲ့ ခါးသည်းတဲ့ သင်ခန်းစာကြောင့်ပဲ ဖြစ်တယ်။ သူတို့ရဲ့ လှုပ်ရှားမှုဟာ ၂၀၀၇ ခုနှစ်တွင် သံဃာတော်များ ဦးဆောင်ဆန္ဒပြမှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ ဒါကြောင့် အလားတူအမှားမျိုး ထပ်မံမကျူးလွန်မိအောင် အစိုးရဘက်က အထူးသတိထားလျက် ရှိတယ်။

ဒုတိယအခက်အခဲကတော့ ၂၀၁၀ရွေးကောက်ပွဲတွင် NLD အနိုင်ရနိုင်တဲ့ အလားအလာနဲ့ ပတ်သက်ပါတယ် ရွေးကောက်ပွဲအနိုင်ရ အရပ်သားကိုယ်စားလှယ်များ အကြားတွင် တပ်မတော် ဆန့်ကျင်ရေးသမားတွေ အများစုဖြစ်လာပြီး ရွေးကောက်ပွဲ အပြီးကာလတွင် တပ်မတော်ကို ထိပ်တိုက်ဆန့်ကျင်မှုပြုဖို့ အတိုက်အခံများကို လှုံဆော်လာနိုင်ပါတယ်။ တနည်းဆိုရရင် လာမယ့် ရွေးကောက်ပွဲတွင် အပြု သဘောဆောင်သူတွေ ပိုမိုပါဝင်ယှဉ်ပြိုင်ရေးကို တပ်မတော်က လိုလားပါတယ်။ ၂၀၀၄ ခုနှစ်တွင် ကျောင်းသားခေါင်းဆောင်များကို လွှတ်ပေးလိုက်မှုဟာ NLD နှင့် အစိုးရအကြား တတိယအင်အားစု တရပ် ဖန်တီးဖို့ မူလကရည်ရွယ်ရင်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းသားခေါင်းဆောင်များက ပြင်းထန် တဲ့ ရည်ရွယ်ချက် သဘောထားဘက်ကို ရွေးချယ်ခဲ့ကြတယ်။

အစိုးရရဲ့ အဓိက ရည်ရွယ်ချက်ဟာ NLD အပါအ၀င် သဘောထားပြင်းထန်သူများရဲ့ အရှိန်သြဇာ ကိုလျှော့ချရေးဖြစ်ပုံရတယ်။ နိုင်ငံရေးလှုပ်ရှားသူများကို လောလောဆယ်ဖမ်းဆီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာဟာ ရွေးကောက်ပွဲမတိုင်မှီ သဘောထားတင်းမာသူများကို လမ်းရှင်းထားရေးစီမံချက်ဖြစ် ပုံရတယ်။ တဘက်မှာတော့အတိုက်အခံအင်အားစုများဘက်တွင် အပြုသဘောဆောင်သူတွေတစု တစည်းတည်း ရပ်တည်မလာနိုင်သေးပါ မြန်မာနိုင်ငံရေးဟာ ရန်-ငါ အစွန်းနှစ်ဘက်သာရှိတဲ့ ဆက်ဆံ ၄ ရေး (Nature of Polarization) ဖြစ်နေလို့ အပြုသဘောဆောင်သူ တသီးပုဂ္ဂလများအနေနဲ့ တတိယ အင်အားစုအဖြစ်ရပ်တည်ရေးမှာ လက်နှေးနေကြတယ်။ မြန်မာအတိုက်အခံ နိုင်ငံရေးနယ်ပါယ်တွင် အပြုသဘောဆောင်တဲ့ရည်ရွယ်ချက်ကို အချောင်သမား၊ အစိုးရအလိုတော်ရှိလို့လွယ်လွယ်ပဲ တံဆိပ်ကပ် ချိုးနှိမ်ပြစ်လေ့ရှိတယ်။

တတိယစိုးရိမ်မှုကတော့ အရပ်သားတွေဦးဆောင်တဲ့အစိုးရဟာ တပ်မတော်ရဲ့အဓိကဦးတည် ချက်တွေကို ထိပါးလာမယ့်အလားအလာနှင့်ပတ်သက်လို့ပါပဲ အရပ်သားနိုင်ငံရေးသမားတွေအပေါ် မယုံကြည်စိတ်မချနိုင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အထိမ်းအကွပ်တွေထားတာ ဖြစ်ပါတယ်။ အချုပ်ဆိုရလျှင် ၂၀၁၀ရွေးကောက်ပွဲအပြီးကာလ ပေါ်ပေါက်လာမယ့်အစိုးရသစ်မှာ ရှေ့နောက် ချင့်ချိန်နိုင်စွမ်းရှိတဲ့ အရပ်သား လုပ်ဖော်ကိုင်ဖက်တွေ မရှိသေးပါ အရပ်သား နိုင်ငံရေးသမားများအပေါ် စိတ်မချနိုင်မှုကတဘက် အပြန်အလှန်မိတ်ဆွေရင်းခြာသဖွယ် ဆက်ဆံရေးမပေါ်ပေါက်သေးတာကလည်း တဘက်ဆိုသလို ကြုံနေရတဲ့အတွက် တပ်မတော် ခေါင်းဆောင်စုများအကြား ကိုယ့်တပ်ကို အခိုင်အလုံပြုရေးက (Siege mentality) ရှေ့တန်းရောက်လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အထိမ်းအကွပ်တွေ ပိုထည့်လာမှု ဖမ်းဆီးနှိပ်ကွပ်မှုတွေနဲ့ မိမိတို့ရပ်တည်ချက်တွေကို အကာအကွယ်ယူလာပါတော့တယ်။


၂၀၁၀ ရွေးကောက်ပွဲအတွင်း အရပ်သား အင်အားစုများရဲ့ အခန်းကဏ္ဍ
ရွေးကောက်ပွဲဝင်ကြမယ့် တပ်မတော်လိုလားသူအပါအ၀င်အင်အားစုများမှာလာမယ့်ရွေးကောက် ပွဲအပေါ်ထားရှိတဲ့သဘောထားနဲ့ အခန်းကဏ္ဍတွေပေါ်အခြေခံပြီး အရပ်သားနိုင်ငံရေးသမားများအကြား (၄)မျိုး(၄)စားခွဲခြားနိုင်ပါတယ် အတိုက်အခံအများစုကတော့အစိုးရရဲ့လမ်းညွှန်မြေပုံကို ဆန့်ကျင်နေကြ တယ်။ သူတို့ဟာ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်နေဦးမှာဖြစ်တယ်။ အဲဒီလိုသဘောထား ပြင်းထန်သူအများစုဟာပြည်ပမှာရှိနေတယ် ပြည်တွင်းသဘောထားပြင်းထန်သူအများစုကတော့ ပြီးခဲ့တဲ့ သံဃာလှုပ်ရှားမှုဖြိုခွင်းပြီးနောက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရပြီးပြီဖြစ်တယ်။ အစွန်းရောက်သမားတွေရဲ့သဘော ထားတွေဟာ ရွေးကောက်ပွဲကျင်းပမှုအပေါ်အနည်းငယ်သာ အကျိုးသက်ရောက်နိုင်ပါတော့မယ်။ ဒုတိယအမျိုးအစားကတော့ လာမယ့်ရွေးကောက်ပွဲကို နောက်တကြိမ်ထိပ်တိုက်ရင်ဆိုင်ပွဲအဖြစ် ကျင့်သုံးလိုတဲ့အတိုက်အခံတွေဖြစ်တယ်။ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ဆက်လက် တောင်းဆိုနေပေမယ့် ၂၀၁၀ နောက်ပိုင်းကာလတွင် NLD ပါတီ တရားဝင်ရပ်တည်ခွင့်ရရေးလူထုစည်းရုံး လှုပ်ရှားနိုင်ရေးတို့အတွက် NLD ဟာ၂၀၁၀ရွေးကောက်ပွဲမှာ ပါဝင်နိုင်စရာရှိပါတယ် ဗမာပြည်ကွန်မြူနစ် ပါတီ(ဗကပ) အပါအ၀င်သဘောထားပြင်းထန်သူများအဖို့ကတော့ လာမယ့်ရွေးကောက်ပွဲဟာ ပဋိပက္ခပိုမို အရှိန်အဟုန်မြှင့်တင်ရေးအတွက်စစ်မြေပြင်တရပ်ဖြစ်ပါတယ်။

တတိယနိုင်ငံရေးအင်အားစုကတော့ လာမယ့်ရွေးကောက်ပွဲကို မိမိတို့အကျိုးစီးပွားတွေ ဆက် လက်ချဲ့ထွင်ရေးအခွင့်အလမ်းအဖြစ်သဘောထားတဲ့ ငြိမ်းချမ်းရေးအပစ်အခတ်ရပ်စဲရေးအဖွဲ့တွေဖြစ်တယ် လာမယ့်ရွေးကောက်ပွဲလွတ်လပ်တရားမျှတမှုရှိမရှိဆိုတာထက် ရွေးကောက်ပွဲမှတဆင့်မိမိတို့ရဲ့ရပ်တည်မှု ပိုမိုခိုင်မာရေးတရားဝင်ဖြစ်လာရေးကို လိုလားကြတယ်။

စတုတ္ထအမျိုးအစားတွင် အပြုသဘောအမြင်ရှိတဲ့ တတိယအင်အားစုတွေအဖြစ်ရပ်တည်လိုတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေပါဝင်တယ်။

မြန်မာနိုင်ငံအတွင်းက တတိယအင်အားစုအဖြစ်ခံယူထားကြတဲ့ တသီးပုဂ္ဂလများဟာ NLD မဟုတ်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူများဖြစ်ပြီး စီးပွါးရေးပိတ်ဆို့မှုကိုလိုလားတဲ့ NLD ရဲ့သဘောထား ရယ် အစိုးရနှင့်ထိပ်တိုက်တွေ့ရေးရယ်တို့ကို မနှစ်သက်သူတွေဖြစ်တယ်။ အပြုသဘောအမြင်ရှိသူများ အဖြစ်ခံယူထားကြပြီး NLD ဦးဆောင်တဲ့အတိုက်အခံလှုပ်ရှားမှုဟာ အရေးနိမ့်နေပြီလို့ ယူဆထားကြသူ တွေပဲ အဲဒီအသိုင်းအ၀ိုင်းမှာ နိုင်ငံရေးအကျဉ်းသမားဟောင်းများ၊ NLD မှ ရွေးချယ်ခံလွှတ်တော်ကိုယ် စားလှယ်များ၊ လတ်တလောဖွဲ့စည်းထားတဲ့ြွဥ အဖွဲ့တာဝန်ခံများ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးသမား များ ပါဝင်ကြတယ် သူတို့အနေနဲ့ နိုင်ငံရေးအင်အားစုတရပ်အဖြစ် တလုံးတစည်းတည်း ပေါ်ထွက် မလာသေးပေမယ့် ၂၀၁၀ ရွေးကောက်ပွဲတွင်မဟာမိတ်ဖွဲ့ပြီး ယှဉ်ပြိုင်မယ့် အလားအလာရှိနေပါတယ်။


၂၀၁၀ ရွေးကောက်ပွဲအပြီးကာလတွင် နိုင်ငံရေးမတည်ငြိမ်မှု ပေါ်ပေါက်နိုင်စရာအလားအလာ
တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမယ့် နိုင်ငံတော် အစိုးရပုံစံဟာ ရာနှုန်းပြည့်ဒီမိုကရေစီစနစ်မျိုးဖြစ်မည်မဟုတ်ပါ။ ၁၉၅၅ ခုနှစ်မှ ယနေ့အချိန်အထိ ကမ္ဘာ အ၀ှမ်းနိုင်ငံရေးမတည်ငြိမ်မှုများကိုလေ့လာဆန်းစစ်ချက်အရခေတ်စနစ်တရပ်သို့ အသွင်ကူးပြောင်းသည့် ကြားကာလတွင် ပါတီစုံဒီမိုကရေစီအပြည့်အ၀ကျင့်သုံးခြင်းမရှိတဲ့ နိုင်ငံတရပ်မှာ စီးပွားရေးကျဆင်းမှုနဲ့ နိုင်ငံရေးဂိုဏ်းဂနစိတ်ဝမ်းကွဲမှုတွေရှိနေပြီဆိုရင် နိုင်ငံရေးမတည်ငြိမ်မှုတွေ မုချပေါ်ပေါက်လာတတ်တယ် ဆိုတာ တွေ့ရှိရပါတယ်။ (Goldstone , J. Robert Bates , Ted Gurr & et. al. ( 2005 ) အမေရိကန်နိုင်ငံရေးသိပ္ပံတွင် နှစ်ပတ်လည်အစည်းအဝေးတွင် နိုင်ငံရေးမတည်ငြိမ်မှုလေ့လာရေးအဖွဲ့ ဖတ်ကြားတဲ့ ''A global forecasting model of political instability'' စာတမ်း) အစိုးရသစ်တရပ်ဟာမည့်သည့်အသွင်ကူးပြောင်းရေး ပုံစံကျင့်သုံးသည်ဖြစ်စေ လောလောဆယ် စီးပွားရေးနိမ့်ကျနေမှုမှ ချက်ချင်းနလံထူလာနိုင်မည်မဟုတ်ပေ။ လူနေမှုအဆင့်နိမ့်ကျနေမှုဟာ ၂၀၁၀ အပြီးကာလတွင် ဆက်လက်တည်ရှိနေပါလိမ့်ဦးမည်။ စီးပွားရေးအခက်အခဲတွေဟာနိုင်ငံရေး မကျေနပ်မှု များသို့ ကူးစက်သွားတတ်တယ်၊ စီးပွားရေးနိမ့်ကျဆင်းရဲမှု ဆက်လက်တည်ရှိနေရင် အစိုးရအဖွဲ့ထဲ တပ်မတော်ဆက်လက်ပါဝင်နေမှုကို လူထုကအပြစ်မြင်လာနိုင်တယ်။

ရာနှုန်းပြည့် ပါတီစုံဒီမိုကရေစီစနစ်သို့ ချက်ချင်းကူးပြောင်းနိုင်ခြင်းမရှိသေးတဲ့ နိုင်ငံများမှာတချိန် က ဖိနှိပ်ချုပ်ချယ်ခံထားရတဲ့ နိုင်ငံရေးအတိုက်အခံများအဖို့ လွတ်လပ်ခွင့်တစုံတရာပွင့်လင်းလာပါ တယ်။ စီးပွားရေးမှာမကျေနပ်ဖြစ်နေတဲ့ လူထုတွေဟာ နိုင်ငံရေးလှုံ့ဆော်မှုတွေနောက်ကို ပါသွားတတ်ပါ တယ်။ သဘောထားတင်းမာတဲ့ အတိုက်အခံတွေဟာ အစိုးရသစ်အပေါ် ဖိအားပေးဖို့ရာ ဆင်းရဲဒုက္ခ ရောက်ပြီးမကျေနပ်စိတ်တွေနဲ့ မွမ်းကြပ်နေတဲ့လူထုတွေကို လတ်တလောပွင့်လင်းလာတဲ့ နိုင်ငံရေးအခွင့် အလမ်းအသုံးပြုပြီး လှုံ့ဆော်လေ့ရှိတယ်။ သူတို့ရဲ့ဦးတည်ချက်ကတော့ တည်ဆဲဖွဲ့စည်းပုံဥပဒေပျက်ပြား စေရေးနဲ့ တပ်မတော်ကို နိုင်ငံရေးမှဖယ်ထုတ်ရေးတွေပါပဲ။

၂၀၁၀ ရွေးကောက်ပွဲပြီးစီးချိန်တွင် မိမိလမ်းညွှန်စီမံခဲ့တဲ့ဖွဲ့စည်းပုံဥပဒေ အကာအကွယ်ရှိနေသေး တဲ့တိုင်အောင် တပ်မတော်ဟာခံစစ်အနေအထားသို့ ရောက်ရှိနိုင်စရာရှိပါတယ်။ ပါလီမန်အတွင်းရှိ တပ်မတော်ကိုယ်စားလှယ် ၂၅% ဟာအတိုက်အခံဆန့်ကျင်မှုတွေ အန္တရာယ်မှ တပ်မတော်ရဲ့အဓိကဦး တည်ချက်များဆက်လက်တည်တံ့ရေးကို ထိမ်းသိမ်းစောင့်ရှောက်သွားပါလိမ့်မယ်။ တပ်မတော်ဟာ သဘောထားတင်းမာသူများကို ၂၀၁၀ရွေးကောက်ပွဲတွင် မဲဆန္ဒပေးခွင့်မရှိအောင် လုပ်သွားနိုင် သလို ၂၀၁၀ နောက်ပိုင်းကာလမှာပင် သူတို့ရဲ့နိုင်ငံရေးလွတ်လပ်ခွင့်ကို ကန့်သတ်သွားနိုင်စရာရှိပါတယ်။ အဆိုပါ အခြေအနေအလားအလာအရပ်ရပ်အရ ရွေးကောက်ပွဲအပြီးကာလမှာလည်း တပ်မတော်နှင့် သဘောထားတင်းမာသူများအကြားထိပ်တိုက်တွေ့မှုဟာ ပိုမိုအရှိန်မြင့်လာစရာရှိပါတယ်။

၂၀၁၀ နောက်ပိုင်းတက်လာမဲ့အစိုးရသစ်အတွက် စိန်ခေါ်မှုနောက်တခုကတော့ အပစ်အခတ် ရပ်စဲထားတဲ့အဖွဲ့စည်းများ ဖျက်သိမ်းရေးပါပဲ။ အနှစ် ၂၀ ကြာခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင်အပစ်အခတ် ရပ်စဲရေး အဓိကအဖွဲ့အစည်း (၁၅) ခုနှင့်နိုင်ငံရေးသဘောတူညီမှုရသည်အထိခရီးမရောက်သေးပါ။ စုစု ပေါင်းလက်နက်ကိုင်အင်အား ၄၀ယ ၀၀၀ ခန့်ရှိပြီး အာဖဂန်နစ္စတန်ရှိ တာလီဘန်အဖွဲ့ထက် ( ၄ ) ဆ ကြီးပါတယ်။ ၂၀၁၀ အသွင်ကူးပြောင်းရေး ခြေလှမ်းတချက်မှားရင် တိုင်းပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခကြီးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ စစ်မက်ထူပြောလာတာနဲ့အမျှ မြန်မာနိုင်ငံရေးတွင်တပ်မတော်ရဲ့ အရေးပါမှုဟာလည်း မရှောင်လွှဲသာဆက်လက်တည်ရှိပါလိမ့်မယ်။


၂၀၁၀ နောက်ပိုင်းလက်တွေ့ကျတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး
နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ပျက်စီးကျေပြုန်းမဲ့ထိပ်တိုက်တွေ့မှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှု တဖန်ပြန် ခေါင်းထောင်လာမှုတွေ စတဲ့အလားအလာတွေမှရှောင်ကွင်းဖို့ရာ တခုတည်းသော လမ်းကတော့ ၂၀၁၀ အပြီးကာလတွင် စစ်မှန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို လက်ခံကျင့်သုံးဖို့လိုပါတယ်။ အတိုက်အခံ များရဲ့ အတိတ်က အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မှုများမှာ အဓိကလိုအပ်ချက်များ မပါဝင် တဲ့အတွက် အထမမြောက်မအောင်မြင်ခဲ့တာပါ။

၂၀၁၀ အပြီး အသွင်ကူးပြောင်းရေးကြားကာလဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုချက်ချင်း လက်ငင်းမွေးဖွားပေးမယ်တော့မဟုတ်ပါ ဒါပေမယ့် ပဋိပက္ခအတွင်းက အဓိကတာဝန်ရှိသူများအကြား အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်မယ့် ဘုံရပ်တည်ချက် နိုင်ငံရေးနယ်ပါယ်တရပ် ဖန်တီးလာနိုင် ပါလိမ့်မယ် အတိတ်တုန်းကတော့ ကာယကံရှင်နှစ်ဦးနှစ်ဘက်လုံးဟာ အမျိုးသားပြန်လည်သင့်မြတ် ရေးစကားလုံးကို တဘက်နှင့်တဘက် အသာစီးရရေးမှာသာ အသုံးချခဲ့ကြပြီး နိုင်ငံနှင့်ပတ်သက်တဲ့ ဘုံအကျိုးစီးပွါ်းနှင့် စပ်ဆိုင်တဲ့နေရာမှာပူးပေါင်းဆောင်ရွက်ရန် ဘုံရပ်တည်ချက် (Commonground) တွေ မရှာဖွေခဲ့ကြပါ။

(၂၂) နှစ်ကြာပြီးတဲ့နောက် ပါလီမန်အတွင်းတွင် အရပ်သားနိုင်ငံရေးသမားကိုယ်စားလှယ်များနှင့် တပ်မတော်ကိုယ်စားလှယ်များအတူ ယှဉ်တွဲဆောင်ရွက်ကြရတော့မှာ ဖြစ်ပါတယ်။ အနာဂတ်အတွက် မူဝါဒရေးရာရှာဖွေ ဆွေးနွေးတိုင်ပင်ချမှတ်ရာ အစည်းအဝေးခန်းမဖြစ်လာပါလိမ့်မယ်။ ၂၀၁၀ အသွင်ကူး ပြောင်းရေးကာလဟာဖြင့် တိုင်းပြည်တွင်များစွာ လိုအပ်လျက်ရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှာကြံရာမှာ အရှိန်အဟုန်နှင့်အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးအစပြုဖို့ အခွင့်အလမ်းတရပ် လည်း ပွင့်လင်းလာစရာရှိပါတယ်။

အစိုးရရဲ့အနာဂတ်လမ်းညွှန်မြေပုံကိုတော့ ရှောင်ရှားလို့ရနိုင်တော့မှာမဟုတ်ပါ အဲဒီလမ်းညွှန်ချက် ကိုစွန့်လွှတ်ပြီး အတိုက်အခံနဲ့စေစပ်လိမ့်မယ်လည်းမဟုတ်ပါ။ တပ်မတော်ဦးဆောင်မယ့် အသွင်ပြောင်း ရေးဖြစ်စဉ်မှတဆင့်သာ နိုင်ငံရေးခန်းဟာ ဖြစ်ပေါ်စရာရှိပါတယ် အတိတ်တုန်းက ဆန့်ကျင်ဘက်နိုင်ငံရေး သမားတွေဘက်က မိမိတို့ခင်းကျင်းထားတဲ့စားပွဲမှာ တပ်မတော်ကို ထိုင်ဖို့တောင်းဆိုခဲ့တယ်။ ယခုအချိန်မှာတော့ တပ်မတော်ရဲ့အခင်းအကျင်းအတိုင်း ဆန့်ကျင်သူ တွေက လိုက်ပါဆောင်ရွက်ရတော့မယ့် အနေအထားကို ရောက်နေပါပြီ။

၂၀၁၀ ခုနှစ်အပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ တပ်မတော်၊ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံများနဲ့လူမျိုးစုများအကြား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုပုံစံရယ်လို့ ချက်ချင်းလက်ငင်းပေါ် ထွက်လာဦးမည်မဟုတ်ပါ ပါလီမန်လွှတ်တော်နဲ့ အစိုးရအဖွဲ့အတွင်း တပ်မတော်နှင့်အပြုသဘောအမြင်ရှိ သူများရဲ့ ဆက်ဆံရေးတွေနဲ့အစပြုစရာရှိပါတယ်။ နိုင်ငံရေးနယ်ပါယ်မှာပါဝင်နေပြီဖြစ်တဲ့ အပစ်အခတ်ရပ် အဖွဲ့များဟာ လူမျိုးစုပြသနာများတွေ့ဆုံဆွေးနွေးရာတွင် အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်လာစရာရှိပါ တယ်။

၂၀၁၀ ပြီးကာလရဲ့ ဦးစားပေးလုပ်ငန်းများဟာ အဖျက်လုပ်ငန်းဆန့်ကျင်ကာကွယ်ရေးနဲ့ နိုင်ငံ တည်ဆောက်ရေးတွေ ဖြစ်ပါလိမ့်မယ်။ ဒီမိုကရေစီထွန်းကားရေးအောင်မြင်ဖို့ရာ အဆိုပါလုပ်ငန်းစဉ် (၂)ရပ် ဟာ အရေးပါလှပါတယ်။ လွတ်လပ်ပွင့် လင်းရေး(Liberalization) နဲ့ ဒီမိုကရေစီထွန်းကားရေး (Democratization) ဖြစ်ပေါ်ဖို့တွင် အုပ်စုဂိုဏ်းဂဏစိတ်ဝမ်းကွဲမှုဟာ ဆိုးကျိုးကိုသာဖြစ်ပေါ်စေပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုင်ရာ ခါးသည်းနာကျည်းစရာအမှန်တရားကတော့ ၁၉၅၅ ခုနှစ်မှစလို့ ရေတွက်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု (၁၀၈)ခုမှာ နိုင်ငံ(၁၂)နိုင်ငံသာ ဒီမိုကရေစီစခန်းသို့ တက်လှမ်းရောက်ရှိနိုင်ခဲ့တယ်ဆိုတာပါပဲ။ ကိစ္စများစွာမှာ အသွင်ကူးပြောင်း ရေးနောက်တော်ပါးမှ နိုင်ငံမတည်မငြိမ်မှုတွေလိုက်ပါလာခဲ့ခြင်းပါပဲ။ အချို့နိုင်ငံများမှာတော့ အာဏာရှင် စနစ်အသွင်တမျိုးမျိုးပြန်ပေါ်ပေါက်လာခဲ့ပါတယ်။ အသွင်ကူးပြောင်းမှုပြုနေတဲ့နိုင်ငံများအတွင်း အုပ်စု ဂိုဏ်းဂဏတိုက်ပွဲ စိတ်ဝမ်းကွဲမှု တွေနဲ့ကြုံတွေ့နေကြရဆဲဖြစ်ပါတယ်။


အပြုသဘော ဆောင်သူများရဲ့ အရေးပါမှု
မြန်မာနိုင်ငံရေးပဋိပက္ခမှာ ဂိုဏ်းဂဏစိတ်ဝမ်းကွဲမှုတွေလည်း များပြားလှပါတယ်။ တပ်မတော်နဲ့ ဆန့်ကျင်ဘက်အုပ်စုတို့ကြားမှာလည်း နက်ရှိုင်းတဲ့ကွာဟမှုရှိနေပါတယ်။ ဆန့်ကျင်ဘက်အုပ်စုများက တော့ ၂၀၁၀ နောက်ပိုင်းမှာလည်း တပ်မတော်နဲ့ထိပ်တိုက် ဆက်လက်ရင်ဆိုင်သွားစရာရှိတယ်။ စီးပွား ဖွံ့ဖြိုးရေး ၊ ကျန်းမာရေးစောင့်ရှောက်မှု လုံခြုံရေးနဲ့လူထုဘ၀ဖူလုံရေးလို အကျိုးတူကိစ္စရပ်များမှာပင် အရပ်သားနိုင်ငံရေးသမားများနဲ့ တပ်မတော်တို့လက်တွဲဆောင်ရွက်နိုင်မှု မရှိသမျှကာလပတ်လုံး ယုံကြည် မှုတည်ဆောက်ရေးဟာ အကောင်အထည်ဖော်နိုင်မည်မဟုတ်ပါ။ အလုံးစုံထိပ်တိုက်ဆန့်ကျင်ရေးအစား အကျိုးတူကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ကြရေးဟာအဓိက အလုပ်ပါ။

၂၀၁၀ နောက်ပိုင်းကာလမှာ လက်တွဲဆောင်ရွက်နိုင်မယ့် အရပ်သားနိုင်ငံရေးသမားတွေ အလုံ အလောက် မရှိသေးဖူးလို့ တပ်မတော်အနေနဲ့ထင်မြင်နေသေးရင် လာမယ့်ရွေးကောက်ပွဲမှာ အရပ်သား နိုင်ငံရေးသမားတွေပါဝင်မှုနဲ့ စည်းရုံးလှုပ်ရှားနိုင်မှုတွေကို ကန့်သတ်ချုပ်ချယ်ထားနိုင်စရာရှိပါတယ်။ တပ်မတော်နှင့်ယုံကြည်စိတ်ချလက်တွဲဆောင်ရွက်သွားလိုတဲ့ အရပ်သားအင်အားစုတရပ်ကတော့ NLD မဟုတ်တဲ့ အပြုသဘောအမြင်ရှိသူ ဒီမိုကရေစီသမားများဖြစ်တယ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေအပေါ် လိုလားလက်ခံမှုမရှိကြပါ တပ်မတော်အနေနဲ့ အဆိုပါတတိယအင်အားစုအပေါ် အပြည့်အ၀ယုံကြည် စိတ်ချမှုမရှိနိုင်ပေမယ့် မိမိရဲလမ်းညွှန်မြေပုံအကောင်အထည်ဖော်ရေးမှာ လက်တွဲဆောင်ရွက်ရမယ့် တခု တည်းသော အရပ်သားလုပ်ဖော်ကိုင်ဖက် ဖြစ်ပါတယ်။

အရပ်ဘက်နဲ့စစ်ဘက်ဆက်ဆံရေးတွင် ယုံကြည်မှုတည်ဆောက်ကြရာမှာ တာထွက်ပဏာမ အဆင့်တွေဖြစ်တဲ့ နိုင်ငံဖွံ့ဖြိုးရေးဆိုင်ရာနယ်ပါယ်များတွင် တပ်မတော်နှင့် တတိယအင်အားစုတို့ အကြား တူညီတဲ့ ဘုံရပ်တည်ချက်တွေရှိနေကြတယ်။ မြန်မာ့နိုင်ငံရေးပဋိပက္ခအတွင်းက ရန်-ငါ ဆက်ဆံရေး တွေကို လျော့ပါးစေခြင်းဖြင့် အစွန်းနှစ်ဘက်တို့အကြား လိုအပ်နေတဲ့ ကြားခံစခန်းထောက်အဖြစ် အဆို ပါ တတိယအင်အားစုဟာ ထမ်းရွက်နိုင်စရာရှိပါတယ်။

မြန်မာနိုင်ငံအတွင်းက တတိယအင်အားစုဖြစ်လာနိုင်ဖို့ အလားအလာရှိသူများအကြား အဓိက လိုအပ်ချက်ဖြစ်နေတာကတော့ ထက်မြက်တဲ့ခေါင်းဆောင်မှုနဲ့ ညီညွတ်ပေါင်းစည်းမှု တို့ပါပဲ အပြုသဘော အမြင်ရှိသူများအကြားမှာ လက်ရှိအခြေအနေတွင် နိုင်ငံရေးအဖွဲ့အစည်း တရပ်အဖြစ်လက်တွေ့ကျကျဆောင်ရွက်နိုင်ဖို့ရာ မိမိတို့ကိုယ်ပိုင်နိုင်ငံရေးလမ်းစဉ်နဲ့ ခေါင်း ဆောင်မှုတွေစုစည်းနိုင်ခြင်းမရှိသေးပါ ၂၀၁၀ ရွေးကောက်ပွဲဟာဖြင့် မြန်မာနိုင်ငံရေး နယ်ပါယ် တွင် အပြုသဘောဆောင်တဲ့ သဘောထားရှိသူများ တစုတစည်းတည်း ဖြစ်ပေါ်လာရေး အတွက် မွေးမြူလေ့ကျင့်ပေးမယ့် ဘူမိနက်သန်နေရာမှန် ဖြစ်လာပါလိမ့်မယ်။ မြန်မာနိုင်ငံတွင် အပြောင်းအလဲတရပ်ဖြစ်ပေါ်ရေးအတွက် တပ်မတော်ရဲ့လမ်းပြမြေပုံဟာ မရှောင်သာတဲ့လိုအပ် ချက်ဖြစ်နေသမျှကာလပတ်လုံး ၂၀၁၀နောက်ပိုင်း အမျိုးသားပြန်လည်သင့်မြတ်ရေး အရှိန် အဟုန်နှင့်ဖြစ်ပေါ်ဖို့ကိစ္စတွင် လုပ်ရည်ကြံရည်နှင့်ပြည့်စုံတဲ့ တတိယအင်အားစု ပေါ်ပေါက်ရေး ဟာလည်း မဟာဗျုဟာမြောက် အရေးပါအရာရောက်မှုဖြစ်နေပါတော့တယ်။

ဦးမင်းဇော်ဦးဟာ တောင်အာရှနှင့်အရှေ့တောင်အာရှဆိုင်ရာ ဒေသလုံခြုံတည်ငြိမ်ရေးပြဿနာနှင့် ပတ်သက်ပြီး အထူးပြုလေ့လာသူဖြစ်တယ်။ သူဟာ ဂျော့မေဆင်တက္ကသိုလ်မှာ ဒီမိုကရေစီအသွင်ကူး ပြောင်းမှု (၁၀၈)ခုအပေါ် လေ့လာသုံးသပ်ချက်ပါရဂူဘွဲ့ဆိုင်ရာစာတန်း တင်သွင်းထားသူ ဖြစ်ပါတယ်။ ဂျော့တောင်းတက္ကသိုလ်တွင် လုံခြုံမှုဆိုင်ရာလေ့လာရေး မဟာဝိဇ္ဇာဘွဲ့ ဂျော့မေဆင်တက္ကသိုလ်တွင် ပဋိပက္ခဆန်းစစ်ဖြေရှင်းမှု မဟာသိပ္ပံဘွဲ့များ ရရှိထားသူဖြစ်ပါတယ်။



ရက်စွဲ၊ ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီ (၂၂)

ဘာသာပြန်သူရဲ့အမှာစာ
၁၉၅၅ ခုနှစ်မှအစပြုလို့ ဒီကနေ့အထိ နိုင်ငံပေါင်း(၁၀၈)နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်ရပ်များကို သုံးသပ်လေ့လာထားတဲ့ ပါရဂူဘွဲ့စာတန်း ဂျော့မေဆင်တက္ကသိုလ်မှာ တင်သွင်းထားသူ ဦးမင်းဇော်ဦးက ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုင်ရာ ခါးသည်းနာကျည်းစရာ အမှန်တရားက တော့ ၁၉၅၅ ခုနှစ်မှစလို့ရေတွက်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု(၁၀၈)ခုမှာ နိုင်ငံ(၁၂)နိုင်ငံ သာ ဒီမိုကရေစီ စခန်းသို့ အောင်မြင်စွာတက်လှမ်းနိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

နိုင်ငံဖွံ့ဖြိုးရေးဆိုင်ရာ သမိုင်းလမ်းကြောင်းများကို ကိုယ်ပိုင်အတွေ့အကြုံများမှတဆင့် ဆည်းပူး သင်အံအဖြေရှာရတဲ့ ပြည်တွင်းက တို့များအဖို့တော့ ၁၉၇၀ ပြည့်လွန်ကာလများဆီကပင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ စက်မှုနှင့်ကုန်သွယ်အရင်းရှင်တို့က အုပ်စိုးသူပဒေသရာဇ်လူတန်းစားအပေါ် ဆန့် ကျင်ဦးဆောင်ဆင်နွှဲတဲ့ တော်လှန်ရေး (Revolution From Below) အမျိုးအစားသာမက နိုင်ငံခေတ်မီ ဖွံ့ဖြိုးရေးကို အုပ်စိုးသူ လူတန်းစားများ အထဲက လမ်းခွဲထွက်ပြီးဦးဆောင်ဆင်နွှဲတဲ့တော်လှန်ရေးမျိုး (Revolution From Above) ရှိကြောင်း ဂျာမနီ၊ ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ်တို့ရဲ့ အတွေ့အကြုံ များအရ တွေ့ရှိသိမြင်ခဲ့ပါတယ်။

ဦးမင်းဇော်ဦးက ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အပြုသဘောဆောင်တဲ့ဒီမိုကရေစီလိုလားသူ အရပ်သားများ ပါလီမန်မှာ တပ်မတော်နှင့်လက်တွဲသွားဖို့အရေးဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် အခြေခံ လိုအပ်ချက်ဖြစ်ကြောင်း တင်ပြထားပါတယ်။

တို့များဟာလည်း အုပ်စိုးသူလူတန်းစားများထဲက အစိတ်အပိုင်းတရပ် လမ်းခွဲထွက်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆင်နွှဲတဲ့ ရာဇ၀င်လမ်းကြောင်းကို သိမြင် သဘောပေါက်ထားတာရယ် တဘက်မှာလည်း နိုင်ငံရေးအရငြိမ်းချမ်းတည်ငြိမ်ပြီး စီးပွားဖွံ့ဖြိုးမှုအရှိန်မပျက်ဖြစ်ပေါ်မှသာ လူထုတွေ ဟာ ဒီမိုကရေစီထုံးစဉ်လာတွေ အလေ့အကျင့်ရ ကျင့်သုံးဆောက်တည်လာနိုင်တယ်ဆိုတဲ့ မက္ခ၀ါဒ နိုင်ငံရေးဘောဂဗေဒရဲ့ အလင်းရောင်ပေးမှုရယ်တို့ကြောင့် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်အာဏာရယူပြီး ပါတီစုံဒီမိုကရေစီနိုင်ငံရေးနဲ့ ဈေးကွက်စီးပွားရေးကို ကျင့်သုံးမယ်လို့ တပ်မတော်ခေါင်းဆောင်စုများက ကြေငြာလိုက်တဲ့အချိန်မှအစပြုလို့ ပြီးခဲ့တဲ့နှစ်ပေါင်း (၂၀) ကျော်ကာလအတွင်းမှာ အပြုသဘောဆောင် တဲ့ ဒီမိုကရေစီအင်အားစုတွေပေါ်ပေါက်ရေးကို သဘောတရားအရရော လက်တွေ့အရပါ ကိုယ်တိုင်ပါဝင် လေ့ကျင့်ပျိုးထောင်မှုတွေ အဆက်မပြတ်ပြုလုပ်ခဲ့ပါတယ်။

လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလမှာလည်း အမျိုးသားနိုင်ငံရေးလိုလားတဲ့ အဖွဲ့(၈)ဖွဲ့ ပူးပေါင်းပြီး အပြုသဘောဆောင်တဲ့ဒီမိုကရေစီအင်အားစုများ ၂၀၁၀ရွေးကောက်ပွဲတွင် ပါဝင်ဆင်နွှဲဖို့ ကြိုး ပမ်းသွားတော့မှာဖြစ်ပါတယ်။

ဒီကြိုးပမ်းမှုအစဉ်မှာ ပူးတွဲပါ ဦးမင်းဇော်ဦးရဲ့စာတန်းဟာဖြင့် အမတရွှေဂူ ဒီမိုကရေစီပြည်နိဗ္ဗန်သို့ သယ်ယူဆောင်ပို့မယ့် ဖောင်ကူးတို့ကြီးတစင်းသဖွယ်ဖြစ်ပါကြောင်း မှတ်တမ်းတင်လိုက်ရပါတယ်။

အပြုသဘောဆောင်တဲ့ ဒီမိုကရေစီနိုင်ငံရေးသမားများ ပေါ်ထွန်းရေးသို့

(လှမြင့်)

No comments:

Post a Comment