Thursday, February 5, 2009

သူပုန်များ ချောင်းမြောင်းပစ်ခံမည်ကိုစိုးရိမ်၍ ရွာသူ၊သားများရေခပ်ခိုင်း

ခူပါးရယ်

ကရင်နီပြည် ဖရူဆိုမြို့နယ် ဖိုးကရားခူကျေးရွာအနီးတွင် လာရောက်အခြေစိုက်သော စစ်အစိုးရတပ်သည် ၎င်းတို့ တပ်စခန်းအတွက် လိုအပ်နေသည့် နေ့စဉ်လုပ်ဆောင်ချက်များကို ရွာသားများက လုပ်အာပေးရန် အမိန့်ထုတ်ထားသည် ဟု သိရသည်။

၎င်းအမိန့်သည် ဗိုလ်ကြီးတင်ဇော်ထွန်း ဦးဆောင်သည့် ခြေမြန်တပ်ရင်း (ခမရ) ၅၇၆ မှ ထုတ်ထားခြင်း ဖြစ်ပြီး ဒိုးဖရဲ ကျေးရွာအုပ်စုများတွင် နေထိုင်သော ရွာသူ၊သားများက ယခင်လ (၂၅) ရက်မှ စတင်၍ ရေချောင်းမှ တပ်စခန်းသို့ ရေခပ်ပေးနေရခြင်း ဖြစ်သည်။

မြန်မာစစ်တပ်များက တပ်စခန်းအပြင်သို့ ထွက်သွားရာတွင် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ကရင်နီတပ်မတော်များက ပစ်ခတ်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ယခုကဲ့သို့ ရွာသူ၊သားများကို ရေခပ်ခိုင်းနေခြင်း ဖြစ်သည်ဟု ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးဌာနမှ သတင်းတာဝန်ခံ ခူဂေက ပြောသည်။

၎င်းက "သူတို့ကစခန်းအပြင်ကို ရေခပ်ဆင်းတဲ့အခါ လမ်းမှာ သူတို့အတွက် အခက်အခဲရှိတယ်လေ၊ သူတို့ မထွက်ရဲ့ဘူး၊ အဲလိုမျိုးစခန်းမှ အပြင်ထွက်မယ်ဆိုရင် ဒီဘက်က လက်နက်ကိုင်တဲ့ သူတွေရဲ့ ပစ်ခတ်မှာကို စိုးရိမ်တယ်ပေါ့ကွာ၊ ကရင်နီတပ်မတော်က လာပစ်မှာ စိုးရိမ်တာ ပေါ့" ဟု ပြောကြားသည်။

ရွာသူ၊သားများသည် တပ်စခန်းအတွက် တစ်ရက်လျှင် တစ်ရွာမှာ (၁၀) ဦး မနက်တစ်ခါ ညတစ်ခါ ပုံမှန် ရေခပ်ပေးနေရသည်။ ရေခပ်ပေးနေ ရသောကျေးရွာများမှာ ဖိုးကရားခူ၊ ဘီဆို၊ ၀ီးတူတောင်း၊ ဒိုးဖရဲ၊ ထျေးဒူလဲ၊ ထျေးဒူခူ၊ လျားခူ၊ ကိုးဖရာနှင့် တောင်ခူ စသည့်ကျေးရွာများ ဖြစ် သည်ဟု ဆိုသည်။

စစ်အစိုးရတပ်များက ၎င်းတို့ တပ်စခန်းအတွက် သစ်ခုတ်ခြင်း၊၀ါးခုတ်ခြင်း၊ ရေခတ်ခြင်းနှင့် အခြားသော လုပ်အားပေးများကို အမြဲမပြတ် ခိုင်းစေ လေ့ရှိသည့်အတွက် ဒေသခံများသည် ၀မ်းစာရေးနှင့် စားဝတ်နေရေးအတွက် အလုပ်အကိုင်ဘက်ဆိုင်ရာ ရှာဖွေလုပ်ကိုင် စားသောက် ရာတွင် မြောက်များစွာ အခက်အခဲများ ရှိစေကြောင်း ခူဂေက ဆက်လက်ပြောဆိုသွားသည်။

ယခုလက်ရှိ စစ်အစိုးရတပ်ဖွဲ့သည် ရှမ်းပြည်နယ်မှ ၀င်ရောက်လာပြီး ယင်းတပ်ဖွဲ့ လာရောက် အခြေမစိုက်မှီ ခြေမြန်တပ်ရင်း (ခမရ) ၅၂၀၊ ဗိုလ်ကြီးသက်ဇော် ဦးဆောင်သော အဖွဲ့က နေထိုင်ခဲ့သည်။ ၎င်းတပ်ဖွဲ့ အခြေစိုက်နေချိန်အတွင်း ရွာသူ၊သားများ၏ ပိုင်ဆိုင်မူပစ္စည်းများ ဖြစ်သော ၀က်၊ နွားနှင့် ဆန်များကို တောင်းယူသိမ်းပိုက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment