Wednesday, February 25, 2009

မြန်မာ့အရေးတွင် အမေရိကန်မူဝါဒ အပြောင်းအလဲ ဖြစ်လာနိုင်မလား

မုံပီး

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာပြည်ရေးရာ မူဝါဒကို ပြန်လည်သုံးသပ်နေကြောင်းနှင့် မြန်မာပြည်သူများနှင့် ထိတွေ့ဆက်ဆံနိုင်ရန် နည်းလမ်းများကို ရှာဖွေနေကြောင်း အမေရိကန်ပြည်ထောင်စုက သောကြာနေ့က ပြောကြားသွားသည်။

မြန်မာစစ်အစိုးရ၏ အပြုအမူများ ပြောင်းလဲရေးအတွက် အမေရိကန်က နည်းလမ်းပေါင်းစုံ ရှာဖွေနေသည်ဟု သောကြာနေ့က ပုံမှန်ကျင်းပလေ့သော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရသူ ဂေါ်ဒွန်ဒူးဂွစ် - - Gordon Duguid က သတင်းထောက်များကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ကျနော်တို့ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်လေ့လာနေပါတယ်။ မြန်မာပြည်က ခေါင်းဆောင်တွေအပေါ် သက်ရောက်မှုရှိနိုင်တဲ့ နည်းလမ်းတွေကို ကျနော်တို့ ကြိုးစားရှာဖွေနေပါတယ်" ဟု ဒူးဂွစ်က ပြောသည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က သူမ၏ အာရှခရီးစဉ်အတွင်း အင်ဒိုနီးရှား၌ ပြောကြားခဲ့သည့် မြန်မာစစ်တပ်နှင့် ပိုမိုကောင်းမွန်သော ထိတွေ့ဆက်ဆံမှု ရရှိရန်အတွက် မြန်မာစစ်တပ်အပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ပြန်ဖွင့်ရေး အပါအဝင် နည်းလမ်းပေါင်းစုံကို အမေရိကန်ပြည်ထောင်စုက စဉ်းစားနေပါသည် ဟူသော ပြောဆိုမှုအပြီး ရက်ပေါင်းအနည်းငယ်အတွင်း ဒူးဂွစ်၏ ထုတ်ပြန်ပြောဆိုချက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ဂျကာတာတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ မစ္စကလင်တန်က "ကျမတို့လုပ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုဟာ မြန်မာစစ်အစိုးရအပေါ် သြဇာသက်ရောက်မှု မရှိခဲ့ဘူးဆိုတာ သိပ်ထင်ရှားပါတယ်။ သို့သော် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ ချမှတ်ကျင့်သုံးခဲ့ကြတဲ့ စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ ဆက်ဆံရေး မူဝါဒမှာလည်း အလားတူ သြဇာသက်ရောက်မှု မရှိခဲ့ပါ" ဟု ပြောကြားခဲ့သည်။

ပိတ်ဆို့အရေးယူမှုများ သက်သာလျော့ပါးရေးသည် အိုဘားမားအစိုးရက စဉ်းစားသုံးသပ်နေသည့် အဓိက မူဝါဒသုံးသပ်ချက်များထဲက နည်းလမ်းတခုဖြစ်ကြောင်းကိုမူ သူမက ငြင်းဆိုသွားခြင်း မရှိပါ။ "ဖြစ်နိုင်စရာရှိတဲ့ တင်ပြနိုင်မယ့် အကြံအစည်များကို ကြည့်ရှုလေ့လာနေပါတယ်" ဟုသာ ပြောကြားခဲ့သည်။

သို့သော် ဒူးဂွစ်ကမူ သတင်းစာရှင်းလင်းပွဲ၌ "ဒါပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ ပန်းတိုင်က ဒီအတိုင်းပဲ မပြောင်းပါဘူး။ လွတ်လပ်စွာ ဖော်ပြနိုင်စွမ်းရှိတဲ့ ပြည်သူ့ဆန္ဒနဲ့အညီ လိုက်ပါဆောင်ရွက်နိုင်မယ့် ကိုယ်စားပြုအစိုးရတရပ် ပေါ်ပေါက်လာရေးပဲ ဖြစ်ပါတယ်" ဟု ပြောသည်။

"ဒါဆို အခုလောလောဆယ် မြန်မာစစ်အစိုးရအပေါ် ချမှတ်အရေးယူထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကို အပြောင်းအလဲလုပ်မယ့် အစီအစဉ်ကော ရှိပါသလား" ဟု မေးမြန်းရာတွင်မူ သူက "မရှိပါဘူး၊ ဒါမျိုး မရှိပါဘူး" ဟု ဖြေကြားခဲ့သည်။

ထိတ်လန့်တုန်လှုပ်ဖွယ် လူ့အခွင့်အရေးမှတ်တမ်းနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ရန် ဝန်လေးနေခြင်းအတွက် မြန်မာစစ်အစိုးရကို ဥရောပသမဂ္ဂနှင့်အတူ အမေရိကန် ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ကျင့်သုံးချမှတ်ခဲ့သည်။

အရေးယူမှုကို ၂ဝဝ၈ ခုနှစ် ဇူလိုင်လတွင် JADE (Junta Anti-Democratic Efforts) ဥပဒေပြဋ္ဌာန်းပြီး ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ရက်စက်စွာ နှိမ်နင်းခဲ့သည့်အတွက် ထပ်မံတိုးမြှင့်ချမှတ်ခဲ့သည်။ ထိုဆန္ဒပြပွဲများအတွင်း အနည်းဆုံး လူပေါင်း ၃ဝ သေဆုံး၍ ရာပေါင်းများစွာသော သံဃာတော်များနှင့် တက်ကြွလှုပ်ရှားသူများ အဖမ်းဆီးခံခဲ့ရသည်။


ပိတ်ဆို့အရေးယူမှု မအောင်မြင်

အမေရိကန်က စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ထိရောက်မှုမရှိကြောင်း ဝန်ခံပြောကြားလိုက်ပြီး၊ မြန်မာ့ရေးရာ မူဝါကို ပြန်လည်သုံးသပ်နေကြောင်း ဖော်ပြလိုက်ခြင်းသည် ဝေဖန်သူများနှင့် အကဲခတ်များအကြား ပိတ်ဆို့အရေးယူမှုများ ထိရောက်မှုမရှိကြောင်း ၂ ဂိုဏ်းကွဲ ငြင်းခုံနေကြချိန်တွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာ့နိုင်ငံရေးကို ကြာရှည်စွာ အကဲခတ်လေ့လာခဲ့သူ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ဟောင်း ဒဲရက်တုံကင် - Derek Tonkin က ဤပိတ်ဆို့အရေးယူမှုများသည် ပစ်မှတ်ကို မထိမှန်ဘဲ စစ်အစိုးရနှင့် ပိုမိုဝေးကွာသွားစေခြင်းကိုသာ ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ရည်ရွယ်မထားသော နောက်ဆက်တွဲ အကျိုးဆက်များဖြစ်သည့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း တိုးတက်မှု ဆိတ်သုဉ်းသွားစေခြင်းတို့နှင့် သာမန်ပြည်သူလူထုကို ထိခိုက်စေခြင်းတို့ကိုသာ ဖြစ်ပေါ်စေခဲ့ကြောင်း ပြောသည်။

မဇ္ဈိမနှင့် တွေ့ဆုံမေးမြန်းခန်းတွင် တုံကင်က "ပိတ်ဆို့အရေးယူမှုတွေက အဓိကရည်မှန်းချက်ဖြစ်တဲ့ စစ်အစိုးရကို သူ့ မူဝါဒတွေ ပြောင်းလဲဖို့လည်း မဆွဲဆောင်နိုင်ခဲ့ဘူး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်အောင်လည်း မတတ်နိုင်ခဲ့ဘူး" ဟု ပြောသွားခဲ့သည်။

စစ်အစိုးရဘက်က ဘာမှလုပ်မပြဘဲ ဆုချသည့်အနေနှင့် ပိတ်ဆို့အရေးယူမှုများကို လုံးဝဖယ်ရှားပစ်လိုက်ရန် မသင့်သော်လည်း သေချာစွာ အကဲဖြတ်စစ်ဆေးခြင်းမရှိဘဲ ကျပန်းသဘောထည့်ထားသည့် အချို့သော လူပုဂ္ဂိုလ်များ၏ အမည်များကိုမူ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့၏ အမည်ပျက်စာရင်းမှ ဖယ်ရှားပေးသင့်ကြောင်း သူက ပြောသည်။

စစ်အစိုးရထံမှ အကျိုးအမြတ်များ ခံစားခွင့်ရနေကြပြီး၊ စစ်အစိုးရကို ငွေကြေးအားဖြင့် ထောက်ပံ့ကူညီ ပေးနေသည့် လူပုဂ္ဂိုလ်များ အမည်ပျက်စာရင်းတခုကို အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က ချမှတ်ထားသည်။ ထိုပုဂ္ဂိုလ်များအား ခရီးသွားဗီဇာ ပိတ်ပင်ခြင်း၊ သူတို့၏ ပိုင်ဆိုင်မှုများကို ထုတ်ယူ၍ မရအောင် ထိန်းချုပ်ထားခြင်းများ ပြုလုပ်ခဲ့သည်။

"အဲဒီ အမည်ပျက်စာရင်းမှာပါတဲ့ တချို့လူပုဂ္ဂိုလ်တွေက ဒီချုပ် (NLD) ရဲ့ အမာခံထောက်ခံသူတွေ ဖြစ်နေကြတယ်" ဟု မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီ ဒအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒ (NLD) ကို ရည်ည¸န်းပြောကြားခဲ့သည်။

သို့သော် ဤသို့ ပိတ်ဆို့အရေးယူမှုများကို လုံးဝဖယ်ရှားပစ်လိုက်ရန်မှာ လက်တွေ့မကျသော်လည်း၊ တိုင်းပြည်အတွင်း အပြောင်းအလဲများ ပေါ်ပေါက်လာရေးအတွက် အခြားမတူခြားနားသော ချဉ်းကပ်မှုများ ရှိသင့်ကြောင်းဖြင့်လည်း သူက ပြောသည်။

အလားတူပင် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးအောင်နိုင်ဦးကလည်း အစောပိုင်းက မဇ္ဈိမနှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ရာတွင် ပိတ်ဆို့အရေးယူမှုသည် စစ်အစိုးရ၏ အပြုအမူပြောင်းလဲရေးအတွက် နိုင်ငံရေး လက်နက်ကရိယာ တန်ဆာပလာတခု ဖြစ်သော်လည်း ယင်း၏ ရည်မှန်းချက်များ အောင်မြင်ခြင်း မရှိခဲ့ဟု ပြောသည်။

မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့် ဒေသတွင်း နိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယတို့က စစ်အစိုးရနှင့် ဆက်လက်၍ ဆက်ဆံနေသည့်အတွက် ပိတ်ဆို့အရေးယူမှုများသည် လိုချင်သည့် နိုင်ငံရေးအပြောင်းအလဲများကို ဖြစ်ပေါ်လာစေခဲ့ခြင်း မရှိဟု ပြောသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုဆိုင်ရာ မူဝါဒကို ပြန်လည်စဉ်းစားခြင်းသည် အမြော်အမြင်ကြီးရာရောက်ပြီး ပိတ်ဆို့အရေးယူမှုသက်သက် ချမှတ်မည့်အစား အတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်မှုများကို ပိုမို ပြုလုပ်သင့်ကြောင်းဖြင့်လည်း သူက ဆက်ပြောသည်။


ပူးပေါင်းကြိုးပမ်းမှုများ ပိုလုပ်ရေး

ကမ္ဘာတလွှား ခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့ (CSW) မှ ဘီနီဒစ်ရော်ဂျာ - Benedict Rogers ကမူ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်စေရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် သံတမန်ရေးနှင့် နိုင်ငံရေးအရ ကြိုးပမ်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သင့်ကြောင်း ပြောဆိုသည်။ ဘီနီဒစ်ရော်ဂျာသည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို စောင့်ကြည့်လေ့လာနေသူဖြစ်သည်။

"ကမ္ဘာ့ကုလသမဂ္ဂက ဦးဆောင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ သံတမန်ရေးနဲ့ နိုင်ငံရေးအရ လက်တွဲကြိုးပမ်းမှုတွေ လိုအပ်ပါတယ်" ဟု ရော်ဂျာက မဇ္ဈိမကို ပြောသည်။

သူတို့ဘက်က အပြုအမူပြောင်းလဲမှုများ ပေါ်ပေါက်လာလျှင် ပိတ်ဆို့အရေးယူမှုအချို့ကို ရုပ်သိမ်းပေးနိုင်သည် ဟူသော ပြင်းထန်သည့် သတင်းစကားကို ယခုအထိ နိုင်ငံတကာ အသိုင်းအဝိုင်းက မပေးနိုင်ခဲ့သေးဟု သူက ဆက်ပြောသည်။

"သူတို့ ဘာပဲလုပ်လုပ်၊ ပိတ်ဆို့အရေးယူမှုတွေက ဆက်ရှိနေမှာပဲ။ ဒါကြောင့် ဘာမှမလုပ်တာဘဲ ကောင်းတယ်ဆိုတဲ့ စဉ်းစားမှုမျိုး စစ်အစိုးရမှာ အခုလောလောဆယ် ရှိနေတယ်လို့ ကျနော် ထင်ပါတယ်" ဟု ရော်ဂျာက ပြောသည်။

"အကယ်၍သာ တိုးတက်မှုကို ပိတ်ဆို့အရေးယူမှုနဲ့ ဆက်စပ်ထားလိုက်နိုင်မယ်ဆိုရင် အလုပ်ဖြစ်လိမ့်မယ် ထင်တယ်။ ပိတ်ဆို့အရေးယူမှုကို လုံးလုံးကြီး ခြွင်းချက်မရှိ ဖယ်ရှားလိုက်တာတော့ မလုပ်သင့်ဘူး ထင်ပါတယ်။ စစ်အစိုးရဘက်က ပထမခြေလှမ်းကို စလှမ်းဖို့ လိုပါတယ်" ဟု သူက ဆက်ပြောသည်။

ရန်ကုန်မြို့မှ ဝါရင့်တိုင်းရင်းသား နိုင်ငံရေးသမားကမူ ပိတ်ဆို့အရေးယူမှုများသည် မြန်မာပြည်သူများက တောင်းဆိုခဲ့ခြင်း မဟုတ်သည့်အတွက် ဤသို့ အရေးယူမှုများ ချမှတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံများအပေါ်တွင်သာ တည်ပါကြောင်း ပြောကြားသည်။

သို့သော် ပိတ်ဆို့အရေးယူတာပဲဖြစ်ဖြစ်၊ ပိတ်ဆို့အရေးယူမှု မဟုတ်တာဘဲဖြစ်ဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်တွင် အပြောင်းအလဲများ ပေါ်ပေါက်ရေးအတွက် မိမိတို့၏ ကြိုးပမ်းမှုများကို တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း သူက ပြောသည်။

"ပိတ်ဆို့အရေးယူမှု ဆက်ထားမယ်၊ မထားဘူးဆိုတာ ကျနော်တို့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက တိုးမြှင့်ဆောင်ရွက်တာကတော့ လိုပါတယ်" ဟု ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဒပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။


ဘာအကောင်းဆုံးလဲ

ပိတ်ဆို့အရေးယူမှုသည် စစ်အစိုးရဘက်က အပြုအမူပြောင်းလဲမှုများ ပေါ်ထွက်လာအောင် မလုပ်နိုင်ခဲ့ဆိုသည်ကို အကဲခတ်များနှင့် ဝေဖန်ဆွေးနွေးသူများအကြား အတိုင်းအတာတခုအထိ သဘောတူညီကြသော်လည်း၊ စစ်အစိုးရနှင့် မည်သို့ အကောင်းဆုံး ထိတွေ့ဆက်ဆံနိုင်မည်ဆိုသည့် မေးခွန်းအတွက်မူ တညီတညာတည်းသော အဖြေတရပ် မရရှိသေးပါ။

ဂရစ်ဖစ်တက္ကသိုလ် ဂရစ်ဖစ် အာရှ အင်စတီကျု (Griffith Asia Institute) မှ အင်ဒရူးဆဲလ်သ် -Andrew Selth က ဖေဖော်ဝါရီလဆန်းပိုင်းက နယူးဒေလီတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေး အင်စတီကျု (Institute of Peace and Conflict Studies) ၌ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ သြဇာ၏ အကန့်အသတ်များ (Burma and the limits of International Influence) ဆိုသည့် ခေါင်းစဉ်နှင့် ဆွေးနွေးရာတွင် စစ်အစိုးရနှင့် ဆက်ဆံရာတွင် စစ်အစိုးရ၏ စိတ်သဘောထားကို နိုင်ငံတကာ အသိုင်းအဝိုင်းက နားလည်ရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

မြန်မာစစ်အစိုးရအပေါ်တွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ သြဇာသက်ရောက်မှုသည် အကန့်အသတ်နှင့်သာ ရှိကြောင်းနှင့် စစ်အစိုးရ၏ အနီးကပ်ဆုံး မဟာမိတ်ဟု ယူဆကြသော တရုတ်နိုင်ငံပင်လျှင် သူ့သြဇာအရှိန်အဝါမှာ အကန့်အသတ်ဖြင့်သာ ရှိကြောင်းဖြင့် ဒေသတွင်း လုံခြုံရေးကျွမ်းကျင်သူ ဆဲလ်သ်က ပြောသည်။

သူ့အဆိုအရ စစ်အစိုးရ၏ စိတ်သဘောထားကို နားလည်ပြီး၊ စစ်အစိုးရ၏ အမြင်ဘက်မှ ကြည့်မြင်နိုင်လျှင် တိုင်းပြည်တွင်း၌ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ရေးအတွက် အထောက်အကူဖြစ်မည်ဟု ဆိုသည်။

နိုင်ငံတကာ မီဒီယာများက မြန်မာနိုင်ငံကို လူဆိုးသူခိုးနိုင်ငံအဖြစ် ပုံဖော်ကြသည်မှာ မှန်နိုင်သည်။ သို့သော် ရန်ကုန်မြို့၏ မြောက်ဘက် ကီလိုမီတာ ၃ဝဝ အကွာ မြန်မာနိုင်ငံ၏ တောတွင်းမြို့တော်သစ် နေပြည်တော်မှ တိုင်းပြည်ကို ကိုင်တွယ်အုပ်ချုပ်နေသည့် စစ်အစိုးရသည် နိုင်ငံတကာ နိုင်ငံရေးကို ကောင်းမွန်စွာ ကစားနိုင်သူများ ဖြစ်ကြသည်ဟု ဆဲလ်သ်က ပြောသည်။

စစ်အစိုးရနေရာမှနေ၍ ဝင်စဉ်းစားပြီး စစ်အစိုးရ၏ အမြင်ဘက်မှ ကြည့်ရှုသုံးသပ်နိုင်မည်ဆိုလျှင် မြန်မာနိုင်ငံကို ရာစုနှစ် တဝက်နီးပါးမျှ အုပ်စိုးခဲ့သော စစ်အစိုးရအား မည်သို့ အကောင်းဆုံး ချဉ်းကပ်ဆောင်ရွက်နိုင်မည် ဆိုသည်ကို နားလည်အောင် လုပ်ရာတွင် အထောက်အကူ ဖြစ်လိမ့်မည်ဟု ဆဲလ်သ်က ပြောသည်။

(အချို့သော သတင်းအချက်အလက်များကို နန်းဒေဝီ က ဖြည့်စွက်သည်။)

No comments:

Post a Comment