Thursday, February 19, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ် ရပ်စဲရေး အဖွဲ့များ ကံကြမ္မာ - အပိုင်း (၃)

ဗိုလ်ထက်မင်း

မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံများနဲ့ မတူပဲ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြလို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ အလွန်အရေးကြီးပါတယ်။ နအဖ အနေနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ဒို့တာဝန် အရေးသုံးပါးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်အော်ဟစ်နေပေမဲ့ လက်တွေ့မှာတော့ လက်နက်နှင့် အာဏာကို ရှေ့ တန်းတင်ကာ စီးပွားရေးနဲ့ လဲလှယ်ပြီး မမှန်မကန် နိုင်ငံရေး အမြတ်ထုတ်ဖို့သာ ကြံစည်ခဲ့တာကြောင့် အစစ်အမှန် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးဟာ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တိုင်းရင်းသား ပါတီ တော်တော်များများ ဟာ နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ရွေးချယ်ခံခြင်း မပြုဖို့ သဘောထား ရှိခဲ့ကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ကံကြမ္မာ အပိုင်း (၁) နဲ့ (၂) ကို ဖော်ပြခဲ့ပြီးတဲ့နောက် ဒီနေ့မှာတော့ အပိုင်း (၃) ကို ဆက်လက် တင်ပြသွားပါမယ်။ စစ်အာဏာရှင်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ဘယ်လို နည်းဗျူဟာ သုံးပြီး၊ ဆက်ဆံရေး ချဉ်းကပ်တဲ့ ပုံစံသစ်ကို ပြောင်းလဲ အသုံးပြုလာကြတယ်။ သူတို့ရဲ့  မဟာဗျူဟာ မူဝါဒရောဘယ်လို ရှိလာတယ်၊ စစ်အာဏာ ရှင်ထိပ်ပိုင်း အချင်းချင်း သဘောကွဲလွဲမှုရှိပြီး တိုင်းရင်းသားတွေအပေါ် သဘောထားမှန်ကန်မှု မရှိပုံ၊ ရိုးသားမှု မရှိပုံ စတာတွေကို ဆက်လက် တင်ပြသွားပါမယ်။

ယခင် မဆလ စစ်အာဏာရှင်ဦးနေ၀င်း လက်ထက်က တိုင်းရင်းသား လက်နက်ကိုင် တွေအပေါ် တောက်လျှောက် “အကြွင်းမဲ့ လက်နက်ချရေး” မူကိုသာ တရားသေ ဆုပ်ကိုင်ထားလို့ အပြန်အလှန်ယုံကြည်စွာ ဆက်ဆံမှု တော်တော်များများ ပျက်ပြယ်သွားခဲ့ပါတယ်။ အဲဒီလိုအခြေအနေကို သုံးသပ်ပြီး န၀တ စစ်ခေါင်းဆောင် ဗိုလ်စောမောင်က တဆင့်လျော့ကာ၊ ဆက်ဆံရေးချဉ်းကပ် ပုံစံပြောင်းပြီး အခင်းအကျင်း နည်းဗျူဟာ စတင်ပြင်ဆင်ခဲ့ပါတယ်။

“လက်နက်ကိုင်ခွင့် ဆက်လက်ခွင့်ပြုပေးထားသော်လည်း သူတို့ကို စီးပွားရေး အခွင့်အလမ်း မက်လောက်အောင် လုပ်ပေးထားရင် ဇိမ်ခံတတ်လာပြီး ပျော်လာပါက လက်နက်ဟာ တုတ်လောက်မှ တန်ဖိုးမရှိတော့တဲ့ အနေအထား ဖြစ်အောင်ဖန်တီးကာ တဖြည်းဖြည်းချင်း လက်နက်တွေကို သိမ်းဖို့ နည်းဗျူဟာ” ချမှတ်ခဲ့ပါတယ်။ အကြွင်းမဲ့ လက်နက်ချရေးကို လုံးဝမပြောတော့ပဲ ပထမဦးဆုံး အပစ်ရပ် အဖွဲ့များဖြစ်ကြတဲ့ ကိုးကန့်နဲ့ “၀” UWSA၊ ကချင် KIA တို့နဲ့ ဆွေးနွေးကြတဲ့အခါ န၀တရဲ့  မဟာဗျူဟာ မူဝါဒအရ ဒို့တာဝန် အရေးသုံးပါးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ လက်ခံလို မလို အရင်ဆုံး မေးမြန်းပါတယ်။ အဲဒီအပစ်ရပ် အဖွဲ့တွေက သဘောတူ လက်ခံပြီဆိုပေမဲ့ တိုင်းရင်းသားကိစ္စ၊ နိုင်ငံရေးကိစ္စတွေကို ဆက်တိုက် တောင်းဆိုလာခဲ့ပါတယ်။ ကကလှမ်းက တိုင်းရင်း သားအရေးနဲ့ နိုင်ငံရေးကို ပြောခွင့်မပြုခဲ့ပါ။ “ငါတို့ဟာ စစ်သားဖြစ်တယ်၊ နိုင်ငံကို စစ်ဥပဒေနဲ့ အုပ်ချုပ်နေတာ ဖြစ်တယ်။ တိုင်းရင်းသားတွေကို အဲဒီကိစ္စတွေ ကတိပေးတယ် ဆိုတာ သဘာဝမကျဘူး၊ ငါတို့ဟာ ရွေးကောက်ခံထားတဲ့ သူလည်းမဟုတ်ဘူး။ ဒါကြောင့် ဒီကိစ္စ ဆွေးနွေးလို့လည်း တရားမ၀င်ဘူး၊ ဒီကိစ္စတွေကို အမျိုးသားညီလာခံကျမှ ဆက်လက် ဆွေးနွေးကြပါ” လို့ ပြန်ပြောခဲ့ကြပါတယ်။

အဲဒီနောက် ဒို့တာဝန်အရေး “၃” ပါး ကို တိုင်းရင်းသား အပစ်ရပ် အဖွဲ့တွေက လက်ခံ သဘောတူပြီးနောက် နယ်မြေသတ်မှတ်မှု အပြန်အလှန် လုပ်ပါတယ်။ မိမိပိုင် နယ်မြေကို ၀င်လာမယ် ဆိုပါက ဆက်ဆံရေးရုံး (ယခင် ထောက်လှမ်းရေးတပ်များ) တွေကို အကြောင်းကြား ခွင့်တောင်းပြီးမှ ၀င်ရန်နဲ့ လက်နက် ကိုင်ဆောင်ပြီး “မ” ၀င်လာရန် ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်များ ထားပါတယ်။

လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး ဥပဒေ ဘောင်ကို ၀င်တယ် ဆိုတဲ့ စကားလုံးကိုတော့ အကျေအလည် ရှင်းလင်းဆွေးနွေး ခဲ့ကြရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အပစ်ရပ် တိုင်းရင်းသားတွေဟာ လက်နက်ကိုင်ဆောင်ထားတဲ့ အတွက် မြန်မာနိုင်ငံ နယ်မြေအတွင်း ပြည်မ မြို့ တော်တွေကို ၀င်ရောက်လာချင်တယ်ဆိုရင်တော့ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ နယ်မြေတရား ဥပဒေသကို လိုက်နာကြမှ ဖြစ်မယ်ဆိုပြီး ဆွေးနွေးကာမှ သူတို့က လက်ခံလာတဲ့အတွက် လမ်းပွင့်သွားခဲ့ရပါတယ်။

အရင်ဆုံး ၀င်လာတဲ့ အဖွဲ့တွေကို “ရဲ” တပ်ဖွဲ့ရဲ့  ရာထူးနဲ့ အဆင့်မပေးပဲ လစာနဲ့ ရိက္ခာကိုတော့ ထောက်ပံ့ပေးမယ်ဆိုပေမဲ့ နောက်ပိုင်းမှာ နအဖက မတတ်နိုင်တော့ပဲ ကတိပျက်လာကြသလို တိုင်းရင်းသား အဖွဲ့တွေကလည်း စည်းကမ်းဖောက်လာတာတွေလည်း တွေ့ရပါတယ်။ အပစ်ရပ် အဖွဲ့တွေနဲ့ န၀တဟာ ၁၉၈၉ ခုနှစ်မှာ ငြိမ်းချမ်းရေး စတင် အကောင်အထည် ဖော်ခဲ့ရာ ဗိုလ်စောမောင်က ဗိုလ်ခင်ညွှန့် ကို စတင်တာဝန်ပေးခဲ့ပါတယ်။ ဗိုလ်ခင်ညွှန့်ရဲ့  ကိုးကန့်အဖွဲ့ကို စတင် တွေ့ဆုံခဲ့စဉ်က ရင်ဆိုင်ရတဲ့ ပြဿနာ တချို့  ကိုတင်ပြချင်ပါသေးတယ်။

ကိုးကန့် အဖွဲ့ဟာ ဗိုလ်ခင်ညွှန့်ရဲ့  အနီးကပ် လုံခြုံရေး တပ်ဖွဲ့တွေကို အ၀င်မခံပဲ ဖြစ်နေရာ လူကြီးလုံခြုံရေး အတွက် စိတ်ပူကာ ရမခ တိုင်းမှူးကတောင် တင်းမာတဲ့ မူဝါဒ စွဲကိုင်ပြီး မိမိတို့ဘက်က မလျော့ဖို့ တင်ပြပါသေးတယ်။ ဒီနေရာမှာ ဗိုလ်ခင်ညွှန့်က ငြိမ်းချမ်းရေးအတွက် စွန့်စားပြီး သူ့လုံခြုံရေး လက်နက်ကိုင်တွေ ကို ထားခဲ့ကာ သူနဲ့ PA နှစ်ဦးသာ ၀င်သွားခြင်းဖြင့် ယုံကြည်မှုနဲ့ လေးစားမှု စတင်တည်ဆောက်ခဲ့ပါတယ်။ န၀တ ထိပ်ပိုင်း စစ်အာဏာရှင်တွေ အချင်းချင်းအကြား အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေ အပေါ်ထားရှိတဲ့ သဘောထားမူဝါဒတွေ ကွဲလွဲနေတာ ကိုလည်း တင်ပြပါအုံးမယ်။ ထိုစဉ်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေ တဲ့ ဗိုလ်စောမောင်ရဲ့  အရှိန်အ၀ါကြောင့် ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးနဲ့ ဗိုလ်သိန်းဟန် တို့ဟာ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းမှာကို မလွှဲမရှောင်သာပဲ ပြန်မပြောရဲလို့ လက်ခံရပေမဲ့ သူတို့ စိတ်ထဲမှာတော့ ဘ၀င် မကျမှုတွေ မယုံကြည်မှုတွေ ပြည့်နှက်လျက် ရှိခဲ့ကြပါတယ်။

ဗိုလ်သန်းရွှေနဲ့ ဗိုလ်သိန်းဟန်တို့ဟာ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုဗိုလ်ချုပ်ကြီး အေးကို လက်ထက်က ဗိုလ်အေးကိုရဲ့  တပည့်ရင်း တွေ ဖြစ်ခဲ့ကြပြီး ကက (ကြည်း) စစ်ဦးစီးမှူး (ပထမတန်း) တာဝန်ကို ထမ်းဆောင်ခဲ့သူများ ပီပီ ရင်းနှီးခဲ့ကြသူများ ဖြစ်ပါတယ်။
တပ်မ (၈၈) မှာ ဗိုလ်သန်းရွှေ တပ်မမှူး ဖြစ်ခဲ့စဉ်ကလည်း ဗိုလ်သိန်းဟန်က ဒု တပ်မမှူး အဖြစ် အတူတူ နေခဲ့ကြသူများ ဖြစ်ပါတယ်။ အလားတူ ဗိုလ်မောင်အေးကလည်း “၀” နဲ့ KNPP၊ တာကလယ်ရဲ့  “ရလလဖ” အဖွဲ့တွေလိုမျိုး အပစ်ရပ် အဖွဲ့များအား မျက်စိ ဆံပင်မွှေး “စူး” နေပြီး “၀” နဲ့ ငြိမ်းချမ်းရေး လုပ်လာချိန်မှာလည်း ဟန့်တားမှုတွေ အများအပြား လုပ်ဆောင်ခဲ့ပါတယ်။

န၀တ၊ နအဖ ခေတ် အဆက်ဆက်တွေမှာ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့ဟာ ဒီ အပစ်ရပ် အဖွဲ့တွေကို သီးခြားစီ လက်ခံ တွေ့ဆုံခဲ့တဲ့ အခမ်းအနားမျိုးကို သတင်းတွေမှာ ဖော်ပြထားတာ မရှိခဲ့ကြောင်း တွေ့ရပါလိမ့်မယ်။ ပြည်ထောင်စုနေ့ ကဲ့သို့ မလွှဲမရှောင်သာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဟန်ပြလုပ်ရမဲ့ အခမ်းအနားမျိုးတွေမှာသာ အပစ်ရပ် အဖွဲ့တွေကို စုပေါင်းပြီး “ပြီးစလွယ်” အချိန်တိုတိုနဲ့ လက်ခံတွေ့ဆုံတဲ့ အကြိမ်မျိုးတောင် အလွန်နည်းပါး ပါတယ်။

ဒါပေမဲ့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့ဟာ သူတို့ရဲ့  စစ်ရေး နိုင်ငံရေးနဲ့ ပတ်သက်လို့ အကြပ်အတည်း တွေ့လာပြီ ဆိုရင် အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေကို လိုရင် လိုသလို အသုံးချ ခိုင်းစေကာ ရပ်တည်ရေး၊ စားဝတ်နေရေး၊ တိုင်းရင်းသား အခွင့်အရေးများ ကိုတော့ ပေးဖို့ လက်တုံ့နှေးကာ ကတိပျက် ပစ်ပယ်ခဲ့ကြတာ တပုံတပင်ကြီး တွေ့ရှိနိုင်ပါတယ်။

လိုရင်းပြောရရင် စစ်အာဏာရှင်တွေဟာ သူတို့ မနိုင်လို့ တိုင်းရင်းသားအချင်းချင်း အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းတဲ့ နည်းဗျူဟာနဲ့ အခွင့်အရေးတန်းတူ မပေးပဲ သွေးခွဲအုပ်ချုပ် စည်းလုံးညီညွတ်မှု မရှိအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသား အဖွဲ့တွေ အနေနဲ့ စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အတွက် ကြိုးစားအားထုတ်ကြရင်း ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကြဖို့ တိုက်တွန်းတင်ပြလိုက် ရပါတယ်။

No comments:

Post a Comment