Tuesday, February 17, 2009

ဖေဖော်ဝါရီ


ဤလတွင် ၁၂ ရက်မြောက်နေ့က ပြည်ထောင်စုနေ့။ ပြောသာပြောရ ကိုယ့်တိုင်းရင်းသားတွေကိုလည်း တီဗီထဲမှာသာ ပျော်ပျော်ရွှင်ရွှင် ကခုန်နေသည်ကို မြင်ရသည်။ အပြင်မှာကား စာဖွဲ့၍ မကုန်နိုင်သော ဒုက္ခများနှင့် သံသရာဝဋ်ဆင်းရဲကို ခံနေသည်လား၊ ပေးဆပ်နေရသည်လား မပြောနိုင်။ တောင်ပေါ်၊ တောင်အောက်၊ မြေပြန့် တိုင်းရင်းသားတို့ကို အားပေးဖို့ နေနေသာသာ ကိုယ့်မှာလည်း ကိုယ့်အပူနှင့်။ တော်တော်နှိပ်စက်သည့် အစိုးရ။

ငယ်ငယ်က ရွှေသွေးဂျာနယ်၊ တို့ကျောင်းသားတို့တွင် ဆရာဦးဘကြည်၏ တိုင်းရင်းသားပုံပြင်လေးများ သရုပ်ဖော် ကာတွန်းတွေ တ၀ကြီး ကြည့်ရသည်။ သန်းကြွယ်၏ ပြည်ထောင်စုနေ့ ကာတွန်းများလည်း အားရပါးရ ကြည့်ရသည်။ ဦးစိန်၏ ကာတွန်းများ၊ ၀၀တုတ်တုတ် ကရင်ပုံလေးများ၊ လှလှပပ ကချင်သူလေးများ၊ ယဉ်ယဉ်ကျေးကျေး ရှမ်းအမျိုးသမီးပုံလေးများ၊ ခန္ဓာကိုယ် အလယ်တွင် မောင်းကြီးနှင့် နာဂလူမျိုးများ၊ ကြည့်ရတာက ပျော်စရာလည်းကောင်း၊ ချစ်စရာလည်းကောင်း၊ စိတ်ဝင်စားစရာလည်း ကောင်းလှသည်။

ယခု ကျနော်တို့ တွေ့နေရသည့် တိုင်းရင်းသားများမှာ စစ်ဖနောင့်အောက်တွင် ပြားချပ်တွန့်လိမ်ပြီး၊ စိတ်သောက ဖိစီးနေကြရာ ထိုစဉ်က ကာတွန်းပုံများနှင့် ယှဉ်ကြည့်မိလျှင် "ဟာ တူလည်းတူဘူး၊ ဘယ်လိုကြီးလဲ" ဟု မေးလိမ့်မည်။

၁၀ ရက်နေ့တုန်းက အိမ်တွင် ကျနော့် တူ၊ တူမများနှင့် ကျောင်းမသွားခင် စကားဝိုင်းကြသည်။ ကျနော့်အောက်က ညီ၊ ညီမများက မွေး၍ ကျနော်က သူတို့ကို ဘဘ ဟု သုံးသည်။ သူတို့ကို ကျနော်က -

"၁၂ ရက်နေ့က ဘာနေ့လဲ"

အားလုံးက "ပြည်ထောင်စုနေ့"

နောက် "၁၄ ရက်နေ့ကကော "

တူ၊ တူမထဲက မြီးကောင်ပေါက်တွေက "ဟီဟိ"

"ဟာ့  ဘဘကြီးကလည်း ကြီးမှ ကဲနေပြီ"

"တော်ကွာ၊ ငါက မင်းတို့သိတဲ့ အတိုင်းပဲ။ မင်းတို့နဲ့ နေရတာကို မ၀နိုင်ဘူး။ မင်းတို့ အသက်ကြီးပြီး၊ ငါနဲ့ မနေတော့မှာတောင် ကြောက်နေတာ" ဟု စကားလွှဲလိုက်သည်။

ပြီးမှ "ခုန ကျော်သွားတဲ့ ၁၃ ရက်ကကော ဘာနေ့လဲ၊ သိလား"

သူတို့ အနည်းငယ် ကြောင်သွားသည်။

ကျနော်က "ဖေဖော်ဝါရီ ၁၃ မှာ"

ထိုအခါမှ သူတို့အားလုံးက -

"ဗိုလ်ချုပ်မွေးနေ့ပါ

၁၉၁၅ ရှေ့နေဦးဖာသား

ဇာတိနတ်မောက် မကွေးခရိုင်

သိကြများခုတိုင်

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား

မိခင်ဒေါ်စုသား"

အေ့း့  အဲလို တိုင်းပြည်ရဲ့ သမိုင်းတလျှောက် ပြည်သူတွေ အကြည်ညိုဆုံး၊ အရိုးသားဆုံး၊ ကိုယ်ကျိုးမဖက်ဆုံး ခေါင်းဆောင်ကြီးရဲ့ မွေးနေ့ကွ။ ဒါ့ကြောင့် ဘဘက ဒီလဟာ ၂၈ ရက်၊ လေးနှစ်တခါ ၂၉ ရက်ပြောင်းနေတဲ့ လအရှင်၊ ပြီးတော့ ဗိုလ်ချုပ်မွေးတဲ့လ၊ ပြီးတော့ ပြည်ထောင်စုနေ့ ကျင်းပတဲ့လ၊ တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင် နေထိုင်ဖို့ သတိရစေတဲ့လ ဆိုပြီး ကြီးမြတ်တဲ့လလို့ ပြောတာပါ။

ဤတွင် ဖေဖော်ဝါရီလ မွေးသော တူကလေးတယောက်က ကျောကလေးကော့၊ ခေါင်းကလေးထောင်ပြီး ဘေးဘီကို ကြည့်သည်။ အင်း သူလည်း အာဇာနည်ဖြစ်နိုင်တာပဲ။

ဒါပေမဲ့ ဘယ်လပဲ မွေးမွေးပေါ့ကွာ။ တိုင်းကျိုးပြည်ကျိုးပြုတဲ့ လူဖြစ်ရင် တန်ဖိုးရှိတာပါပဲ။ အခုလာမယ့် ပြည်ထောင်စုနေ့ ဘဘတို့ ဘာလုပ်ကြမလဲ။ ဘဘစိတ်ကူးကတော့ သားသားတို့၊ မီးမီးတို့ တယောက်ချင်းစီက လူမျိုးတမျိုးစီ သရုပ်ဆောင်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ သီချင်းတွေ ဆိုကြမယ်၊ ကကြမယ်ကွာ။

ကလေးများက "ဟေ့း့ ကရင်ဒုံးယိမ်းကွ၊ ရှမ်းအိုးစည် ကမယ်"

အေ့း့ ကောင်းတယ်ကွာ။ နောက်ရက် ဗိုလ်ချုပ်မွေးနေ့ကျတော့ ဘဘက ဗိုလ်ချုပ်ရဲ့အကြောင်း သားသားတို့ကို ပြောပြမယ်။ အခု ဘဘတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် ဗိုလ်ချုပ်ရဲ့ သမီးအကြောင်းကိုလည်း ဘဘပြောပြဦးမယ်။ ဟိုတုန်းက ရှုမ၀ထဲမှာ ဆရာသုမန ရေးထားတဲ့ အဲဒီတုန်းကတော့ စုစုပေါ့။ အခု ဒေါ်အောင်ဆန်းစုကြည် အကြောင်းလည်း ပြောပြမယ်။

နောက် ၁၄ ရက်နေ့ကျတော့ကော။ ကလေးများက မေးရာ ကျနော် စဉ်းစားနေသည်။

ကလေးတွေက ပန်းခြံသွားမယ်။ အတွဲချောင်းမယ်။

ဟာ့  သူတို့ဘာသာ နေပါစေကွာ။ ဘဘတို့ တူရီးတွေ ဘုရားသွားပြီး၊ အေးစေချမ်းစေ ဆုတောင်းမယ်။ မုန့်စားမယ်။ တကမ္ဘာလုံး ဒီ ၁၄ ရက်နေ့လိုပဲ နေ့တိုင်း တယောက်နဲ့ တယောက် ချစ်နိုင်ကြပါစေလို့ ဆုတောင်းမယ်ကွာ။

ကလေးများက "ဝေး" ဟု ဆိုကာ၊ လက်ခုပ်တီးကြသည်။

အင့်း့  ငါ့မှာလည်း ငါ့သဘောတရားတွေ နားထောင်မယ့်သူဆိုလို့ ဒီကလေးတသိုက်ပဲ ရှိတာ။ ဒါတွေ ဆုံးရှုံးမသွားအောင် မုန့်ဖိုးလေးတော့ အကုန်ခံမှ။ ဒါက ငါ့ရဲ့ ပြောရေးဆိုခွင့် ရပ်ကွက်ပဲဟု ကိုယ့်ကိုယ်ကို နားချရသေး၏။

ဖေဖော်ဝါရီလ၏ အကျိုးကျေးဇူးကို အားလုံး နှလုံးသွင်းနိုင်ကြပါစေ။

No comments:

Post a Comment