Tuesday, March 10, 2009

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး တောင်းဆို

Narinjara News

အောင်အောင်ဦး(နိရဉ္စရာ) ပြည်ပရောက် ရခိုင်အမျိုးသမီး အဖွဲ့မှ ၂၀၀၉ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့တွင် ဖမ်းဆီးခံနေရသော အမျိုးသမီး နိုင်ငံရေး အကျဉ်းသား များအား လွှတ်ပေးရန်နှင့် အမျိုးသမီး များအပေါ် ခွဲခြားဆက်ဆံမှု များကို ရပ်တန့်ရန် နအဖ စစ်အစိုးရအား တောင်းဆိုလိုက်သည်။

နအဖ စစ်အစိုးရသည် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျဉ်ချုပ်ဖြင့် ယနေ့ထိ ဖမ်းဆီးထိန်းချုပ်ထား ဆဲဖြစ်ပြီး အခြေခံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူ တခြားအမျိုးသမီး ၁၈၀ ကျော်ကိုလည်း နိုင်ငံတ၀န်းရှိ အကျဉ်း ထောင်များ ထဲတွင် အကျဉ်း ချထားကြောင်း အမျိုးသမီးများ ၏ထုတ်ပြန်ကြေငြာချက် အရ သိရှိရသည်။

အဆိုပါ ဖမ်းဆီးခံထားရသူအမျိုးသမီးများထဲတွင် မနီနီမေမြင့် ခေါ် ရခိုင်ကျောင်းသူတစ်ဦးနှင့် မသန်းသန်းယဉ် ခေါ် ရခိုင်အမျိုး သမီးငယ်တစ်ဦး ပါဝင်ကြောင်းနှင့် သူတို့၏ အခြေအနေ ဆိုးရွား နေကြောင်းကို ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဌ ဒေါ်စောမြ ရာဇာလင်းက ယခုကဲ့သို့ ပြောကြားခဲ့သည်။

“ ရခိုင်ပြည်နယ်တောင်ကုတ်မြို့ ၂၀ ပြည့် ရှစ်လေးလုံး အထိမ်း အမှတ်ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မနီနီမေမြင့်ဟာ အခုအခါ ဘူးသီးတောင် အကျဉ်းထောင်ထဲမှာ အမျိုးသမီး တန်ပေမယ့် အမျိုးသားတွေနဲ့ရောပြီး တိုက်ပိတ်ထားခြင်း ခံနေရတယ်။ ထောင်ဝင်စာ တွေ့ခွင့် မပေးဘူး။ အ၀တ်ဆင်းရဲ အစားဆင်းရဲ နဲ့အတော့်ကိုဒုက္ခ ရောက်နေတယ်လို့ကြား သိရပါတယ်။”

“ စစ်တွေ မင်းဂံရပ်ကွက်နေ မသန်းသန်းရီ ကိုလည်း ပြည်ပအဖွဲ့စည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး မကြာခင်က နေအိမ်ကနေ ဖမ်းယူသွားခဲ့ပါတယ်၊ အခုသူ့ကို အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ဖမ်းဆီးချုပ်နှောင်ထားပြီးတော့ မိသားစုဝင်တွေကို တွေ့ခွင့်မပေးဘူးလို့ သိရပါတယ်။”

မြန်မာနိုင်ငံတွင်လွတ်လပ်ရေးရပြီးချိန်မှစ၍ နှစ်ပေါင်း ၆၀ ကျော်တိုင်အောင် စစ်အာဏာရှင်အဆက်ဆက်တို့၏ ဖိနှိပ်အုပ်ချုပ်မှုကြောင့် တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူ တရပ်လုံးနှင့် အမျိုးသမီးများ၏ဘ၀များမှာ ဘက်ပေါင်းစုံမှ နာနာဆုံးရှုံးမှုများ တွေ့ကြုံခံစားနေရဆဲဖြစ် ကြောင်း အမျိုးသမီးများ၏ထုတ်ပြန်ကြေငြာချက်၌ ဖေါ်ပြထားသည်။

ယခုအချိန်တွင်လည်း နအဖ စစ်အစိုးရသည် သူတို့၏အာဏာတည်မြဲရေးအတွက် ပြည်သူတို့၏သဘောထားမပါဘဲ အတင်းအဓမ္မအတည်ပြုထားသည့် ၂၀၀၈ ခုဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံကာ ၂၀၁၀ ရွေးကောက်ပွဲအတွက် တဖက်သတ်စီစဉ်ဆောင်ရွက်နေကြောင်းကို အမျိုးသမီးတဦးက ယခုကဲ့သို့ ပြောကြားခဲ့သည်။

“ ၂၀၀၈ ခု ဖွဲ့စည်းပုံကို အတိုက်အခံနိုင်ငံရေးပါတီတွေနဲ့ ပြည်သူ့ဆန္ဒမပါဘဲ နအဖ က အတင်းအဓမ္မ အတည်ပြုထားတာဖြစ်တယ်။ အဲဒီဖွဲ့စည်းပုံထဲမှာ အမျိုးသမီးတွေရဲ့ဘ၀ တိုးတက်မြှင့်တင်ပေးမဲ့ အချက်အလက် တခုမှ မတွေ့ဘူး၊ ဒါကြောင့် အဲဒီဖွဲ့စည်းပုံကို အခြေခံပြီးတော့ သူတို့ပြုလုပ်မဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူတရပ်လုံးအနေနဲ့ ဆန့်ကျင်ကန့်ကွက်ဖို့ လိုပါတယ်” ဟု ပြောသည်။

နိုင်ငံတကာ အမျိုးသမီးနေ့ အခမ်းအနားကို မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB)က ကြီးမှုးပြီး ဒက္ကာမြို့တွင် ရခိုင်အမျိုးသမီးများအစည်းအရုံးက ကျင်းပခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment