Wednesday, March 11, 2009

သံဃာကို ဘုရားကသာ ဘွဲ့ပေးရာသည်

ပညာကျော်

ဗုဒ္ဓဘာသာရှုထောင့်ကနေ ကြည့်ပါလျှင် ဤလောကအား သတ္တဝါများဖြင့် တည်ဆောက်ထားပါသည်ဟု ဆိုရပါမည်။

သတ္တလောကကို ခွဲခြမ်းပြီးကြည့်သော် သတ္တဝါထဲတွင် လူတို့သည် အသိပညာကြီးမားကြသဖြင့် အတတ်ပညာကို ပုံဖော်နိုင်စွမ်း ရှိသူများ ဟု သတ်မှတ်ကြ ပါသည်။ လူထဲတွင်လည်း “ရဟန်း၊ ရှင်၊ လူ” ဟု သုံးမျိုး ခွဲခြားကာ သတ်မှတ် ထားသည်ကို တွေ့ရပါမည်။ ဤသို့သတ်မှတ် ထားခြင်းမှာ လူ့လောက၌ ကိုယ့်ကျင့်တရား တို့၏ ကောင်းမြတ်ခြင်း၊ မကောင်းမြတ်ခြင်းတို့ကို အခြေခံ ခွဲခြားထားခြင်း သာ ဖြစ်ပါသည်။

ရဟန်း၊ ရှင်၊ လူဟူ၍ ကွာခြားရခြင်းမှာ “ရဟန်းတို့သည် ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်ခြင်းအပြင် (၂၂၇) သွယ်သော သိက္ခာများကို ထိန်းသိမ်းထားရှိခြင်း၊ ရှင်တို့သည် ဆယ်ပါးသီလအပြင် (၁၁၅) ပါးသော သိက္ခာကို စောင့်ထိန်းခြင်းနှင့် လူတို့သည် ငါးပါးသီလကိုစောင့်ထိန်းခြင်း” တို့ကြောင့် ဖြစ်ပါသည်။ အချုပ်ဆိုရသော် ကိုယ်ကျင့် တရား စောင့်ထိန်းနိုင်မှုအပေါ်မှာမူတည်ပြီး ရဟန်း၊ ရှင်၊ လူ ဟူ၍ခွဲခြားထားခြင်း ဖြစ်ပါသည်။ ရဟန်း၊ ရှင်၊ လူ တို့တွင် ရဟန်းသည် ကိုယ်ကျင့်သီလအမြတ်ဆုံးဖြစ်သဖြင့် ရှင်ရောလူပါ ဦးခိုက်ရိုသေမှုကို ခံရသူလည်းဖြစ်ပါသည်။ လောကတွင် အတုမရှိသော ဗုဒ္ဓမြတ်ဘုရားသည်လည်း ရဟန်းတော် တပါးသာလျှင်ဖြစ်ပြီး ရဟန်းအားလုံးတို့၏ အကြီးအမှူးလည်းဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာရေး နယ်ပယ်မှ ကြည့်လျှင် ရဟန်းသည် အမြင့်မြတ်ဆုံးသော လူသားများဖြစ်နေသဖြင့် ရှင်၊ လူ စသောပုဂ္ဂိုလ်တို့၏ ဂုဏ်ပြုချီးမြှင့်ပါမှ ဂုဏ်တင့်သော သူများမဟုတ်ပါ။

လူမှုရေးရာ အခြေခံကျင့်ဝတ်ဖြစ်သော မင်္ဂလသုတ်လာတရားတော်ကို ပြန်ကြည့်ပါက ထင်ရှားစွာသိမြင်ပါလိမ့်မည်။ မင်္ဂလသုတ်တော်တွင် “မာတာပိတု ဥပဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော” ဟူသော “ဒေသနာအရ” မိဘတို့ကို ပြုစုလုပ်ကျွေးခြင်း၊ သားသမီးဇနီးတို့ကို ချီးမြှင့်ထောက်ပံ့ခြင်းဟု ခွဲခြားကာ ဟောကြားခဲ့သည်ကိုတွေ့ရပါမည်။ သားသမီးတို့သည် မိဘတို့အား ပြုစုလုပ်ကျွေးခြင်းကိုသာ ပြုလုပ်နိုင်ပြီး၊ ချီးမြှင့်ထောက်ပံ့မှုကိုကား မပြုလုပ်အပ်၊ သားသမီးကို မိဘတို့ကသာ ချီးမြှောက်အပ်ရာသည်ကို ထင်ရှားစွာသိမြင်နိုင်ပါမည်။

လောကဓမ္မာတာတို့အရ ရေတို့၏သဘောသည်ကား မြင့်ရာမှနိမ့်ရာသို့သာ စီးဆင်းရိုးရှိဘိသကဲ့သို့ လူ့လောက တွင်လည်း ဂုဏ်ကျေးဇူးကိုအခြေခံပြီး စီးဆင်းမှုကို အနန္တောအနန္တငါးပါးအရ တွေ့ရှိရပေမည်။ အနန္တောအနန္တငါးပါး တွင် “ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ” ကို ဂုဏ်ကျေးဇူးအလိုက် ကြီးစဉ်ငယ်လိုက် ဖော်ပြထားသည်ကို တွေ့ရှိနိုင်ပြီး “မြတ်ဘုရား” သည် လောကအားလုံးတို့၏ ဆရာဖြစ်သည့်အတွက် ထိုဘုရားအား လောကလူသား အပါအဝင် နတ်ဗြဟ္မာများတို့သည်ကား ချီးမြှောက်ခြင်းကို မပြုနိုင်သည့်အတွက် ပူဇော်ပြုစုလုပ်ကျွေးခြင်းကိုသာ ပြုကြကုန်၏။

ထို့တူ သံဃာအားလည်း လူနတ်ဗြဟ္မာတို့သည်ကား မချီးမြှောက်ထိုက်သဖြင့် ပူဇော်ခြင်း၊ လုပ်ကျွေးခြင်းကိုသာ ပြုကြကုန်၏။ ထိုအကြောင်းကိုလည်း အနုဂ္ဂဟနှစ်ပါးတွင် “ပစ္စယနုဂ္ဂဟနှင့်ဓမ္မနုဂ္ဂဟ” ဟုဖော်ပြထားသည်ကို
တွေ့ရသဖြင့် လူသားတို့သည် သံဃာများအား ပစ္စည်းလေးပါးဖြင့်သာ ပူဇော်လုပ်ကျွေးနိုင်သည်ကို တွေ့ရမည်သာ ဖြစ်သည်။ ဓမ္မနုဂ္ဂဟသည်ကား သံဃာမှသံဃာကို ချီးမြှောက်ခြင်းသာဖြစ်သည်။

တခါက စာရေးသူသည် ဆရာတော်ကြီးတပါးနဲ့ခရီးအတူသွားခိုက် လမ်းတနေရာတွင် မသန်စွမ်းသူတယောက် ပိုက်ဆံတောင်းခံနေသည်ကို တွေ့လေသည်။ ဆရာတော်ကြီးက ပိုက်ဆံနှစ်ဆယ်ကို ထိုသူအားပေးရာ ထိုသူမှ ဆရာတော်ကြီး ကျန်းမာပါစေ၊ ချမ်းသာပါစေဟု ဆုပေးလေ၏။ ထိုအခါ ဆရာတော်ကြီးက “ဟေ့ဒကာ၊ နင့်ကိုယ်နင် အရင်ပြည့်အောင်လုပ်၊ ကိုယ့်မှာမပြည့်ဘဲနှင့် သူများကိုမပေးရဘူး၊ ပေးလည်းမရဘူးဟ၊ နင်ပင်ပန်းရုံပဲရှိမယ်။”

စာရေးသူလည်း ဆရာတော်ကြီး ပြောလိုက်သောစကားကိုကြားပြီး အော်ဟုတ်ပါလေစ။ မှန်လေစဟုသာ တွေး
မိပါလေသည်။ ဟုတ်ပါသည် ဥပမာလူတယောက်တွင် ငွေတဆယ်ရှိသည်ဆိုပါစို့ တခြားတယောက်မှ သူ့ထံလာပြီး နှစ်ဆယ်တောင်းလျှင် ပေးနိုင်ပါမည်လား။ စဉ်းစားရပါလိမ့်မည်။ ထို့ကြောင့်လည်း ဗုဒ္ဓမြတ်ဘုရားက ပေးသင့် ပေးထိုက်သူများကို သူ့အဆင့်နဲ့ သူခွဲခြားသတ်မှတ်ပြီး အစုန်သာပေး၍ အဆန်မပေးရန်လည်း တားမြစ်ထားပေး ခဲ့ခြင်းဟု နားလည်ရပါမည်။

ဒီတော့ ယနေ့ခတ်တွင် သံဃာတော်များအား စစ်အစိုးရတို့က ဘွဲ့ပေးချီးမြှောက်ခြင်းဆိုသည်ကိုလည်း စဉ်းစား ရပါမည်။ စစ်အစိုးရမှ သံဃာများကို ချီးမြှင့်သောဘွဲ့ကိုခွဲခြားသော် “စာပေထူးချွန်ဘွဲ့နှင့် ဂုဏ်ထူးဆောင်ဘွဲ့” ဟူ၍နှစ်မျိုး တွေ့ရပါမည်။ စာပေထူးချွန်ဘွဲ့ဆိုသည်မှာ “ငယ်၊ လတ်၊ ကြီး၊ ဓမ္မစရိယမှတိပိဋက” ထိပါဝင်ပြီး ဤဘွဲ့များမှာ စာမေးပွဲဖြေဆိုပြီးမှ အောင်မြင်သူများကို ပေးအပ်သောဘွဲ့ဖြစ်ပါသည်။ ဤသည် သာသနာတော် တည်တံ့ တည်မြဲရေးအတွက် ဗုဒ္ဓကျမ်းဂန်များကိုတက်သိပြီး တဆင့်ပြန်လည် သင်ကြားပို့ချပေးနိုင်ရန်အတွက် ဖြစ်သည့်အတွက် ကောင်းမြတ်သောလုပ်ရပ်ဟု ဆိုရမည်ဖြစ်ပြီး ဤဘွဲ့များကို စိစစ်ရွေးချယ်သူများမှာလည်း သံဃာများသာဖြစ်သဖြင့် သံဃာမှသံဃာကို ချီးမြှောက်ခြင်းဖြစ်သဖြင့် အထူးမပြောလိုပါ။

ဂုဏ်ထူးဆောင်ဘွဲ့ဆိုသည်မှာ ယနေ့ စစ်အစိုးရမှသတ်မှတ်ထားသော “ပရိယတ္တိစာပေကို အထူးတက်သိ ကျွမ်းကျင်ဘွဲ့ (အဂ္ဂမဟာပဏ္ဍိတဘွဲ့) ၊ ပရိတ္တိစာပေကျွမ်းကျင်ထူးချွန်ဘွဲ့ (စာချဘွဲ့) ၊ ဗုဒ္ဓဓမ္မများကို ကျွမ်းကျင်စွာ ဟောပြောနိုင်မှု (ဓမ္မကထိကဘွဲ့)၊ သာသနာတော်ကို ကာကွယ်ထိန်းသိမ်းနိုင်မှု (သာသနာပြုဘွဲ့)၊ ကိုယ်တိုင်လည်း ကျင့်သူများကိုလည်း ကျင့်နိုင်အောင် စွမ်းဆောင်နိုင်ခြင်း (တရားပြဘွဲ့)၊ အပါအဝင် ဘွဲ့ပေါင်းများစွာကို ပေးပါသည်။ (အဂ္ဂမဟာပဏ္ဍိတ၊ ဂန္ဓဝါစကပဏ္ဍိတ၊ သဒ္ဓဓမ္မဇောတိက၊ ကမ္မဌာနာစရိယဘွဲ့များကို အကျဉ်းချုံး
ဖော်ပြခြင်းသာ ဖြစ်ပါသည်။)

မြတ်စွာဘုရားလက်ထက်တော်အခါက ဤဘွဲ့များကိုပေးခဲ့ပါသည်။ မြတ်ဘုရားသည် ပညာအရာတွင် အထူးတက် သိကျွမ်းကျင်သော အရှင်သာရိပုတ္တရာကို (အဂ္ဂမဟာပဏ္ဍိတဘွဲ့) ကိုပေးခဲ့သလို တရားစစ်သူကြီးဘွဲ့ (ဓမ္မဘဏ္ဍာဂါရိကဘွဲ့) ကိုချီးမြှောက်ခဲ့ပါသည်။ ယခု စစ်အစိုးရမှ တိပိဋကဆရာတော်များကို (ဓမ္မဘဏ္ဍာဂါရိကဘွဲ့) ပေးပါသည်။ ထို့အတူ မြတ်ဘုရားက သာသနာ့အတွက် စွမ်းဆောင်ကြသော ရဟန်းသံဃာများနှင့် ထူးချွန်သော ရဟန်းသံဃာများကို (ဧတဂဒ်) ဘွဲ့ပေးကာ ချီးမြှောက်ခဲ့ပါသည်။ ထိုဘွဲ့များကို မြတ်ဘုရားက ထူးချွန်သည့် အပိုင်းအလိုက်ပေးခဲ့ပါသည်။ မြတ်ဘုရားက သံဃာများကို ဘွဲ့ပေးသည်မှာ သံဃာများ၏ အကြီးအမူးဖြစ်သလို ကိုယ်တိုင်လည်း သိရှိနားလည် တက်မြောက်ပြီးဖြစ်သဖြင့် ချီးမြှင့်ခြင်းသာဖြစ်ပါသည်။ ဘွဲ့ချီးမြှင့်ခြင်းခံရသော သံဃာများမှာလည်း သူ့နေရာနဲ့သူ ထူးချွန်မှုကို ပြသနိုင်ပြီး သာသနာတော်ဖွား သံဃာတော်များကို မြတ်ဘုရား ချီးမြှောက်သည်မှာ အလွန်ပင် နေနှင့်လ၊ ရွှေနှင့်မြ၊ ရေနှင့်ကြာပမာ အထူးပင်တင့်တည်လှပါသည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် ပထမသံဃာယနာ တင်တော်မူခဲ့သော အဇာတသတ်မင်း၊ သီဟိုဠ်ဘုရင် သီရိသုဓမ္မရာဇာအသောကမင်းတို့သည် သာသနာတော်တည်တံ့ပြန့်ပွားရေးအတွက် အထူးအလေးပေး ဆောင်ရွက် ခဲ့ကြသော သာသနာပြု မင်းကောင်းမင်းမြတ်များဖြစ်သည်။ (အဇာတသတ်မင်းသည် သူ့ခမည်းတော်ကို သတ်ပြီး နောက် ဗုဒ္ဓသာသနာကို အထူးယုံကြည်လေးစားပြီးချိန်) သို့သော်လည်း ဤမင်းမြတ်တို့လက်ထပ်တွင် သံဃာများ ကို ဘွဲ့ချီးမြှင့်ခဲ့ပုံတို့ကို စာပေများတွင် မတွေ့ရပါ။ ထိုမင်းတို့တွင် အဇာတသတ်သည် မြတ်ဘုရား၏ ဓာတ်တော်များကို မပျောက်မပျက်ရအောင် စေတီများတည်ထားသကဲ့သို့ မြတ်ဘုရား၏ ဓမ္မများ မပျောက်ပျက်ရ အောင် သံဃာယနာတင်တော်မူခဲ့သည်။ သီရိသုဓမ္မရာဇာမင်းသည်လည်း “စေတီပေါင်း၊ ကျောင်းပေါင်း၊ ရေတွင်း ပေါင်း၊ ရေကန်ပေါင်း၊ ဇရပ်ပေါင်း ရှစ်သောင်းလေးထောင်စီ တည်ကာသာသနာပြုသဖြင့်” အရှင်ဗာကုလမထေရ် မြတ်မှ အသောကမင်းကို “သီရိသုဓမ္မရာဇာဘွဲ့” ကို ချီးမြှင့်ခဲ့ပါသည်။

ဤသည်ကိုကြည့်လျှင်လည်း သာသနာတော်ဆိုင်ရာဘွဲ့ကို ရဟန်းသံဃာတော်များကသာ ချီးမြှင့်သည်ကို တွေ့ရပါသည်။ ထို့အပြင် ဝိသာခကို “ကပ္ပိယဘွဲ့” ၊ ကောသလမင်းကို “ပသေနဒီ” ဘွဲ့တို့ဖြင့် ဘုရားက ချီးမြှင့်ခဲ့သည် ကိုသာ တွေ့ရပါသည်။ လူဒါယကာများက သံဃာတော်များကို ဂုဏ်ထူးဆောင်ဘွဲ့ပေး ချီးမြှောက်သည်ဆိုသည်မှာ ချီးမြှောက်ရာ ရောက်သည်မရောက်သည်ကို စဉ်းစားဖို့လိုပါလိမ့်မည်။ မင်းကျင့်တရား သိက္ခာပြည့်စုံတော်မူ ခဲ့ကြသော မင်းများသော်မှ ပေးစွမ်းချီးမြှောက်နိုင်ခြင်းမရှိသော ဘွဲ့များကို စစ်အစိုးရက ပေးနေခြင်းမှာ သာသနာ တော်အတွက် ကောင်းကျိုးဖြစ်နိုင်ပါမည်လား။ ရဟန်းသံဃာကို ဘွဲ့ပေးချီးမြှောက်သောသူမှာ ထိုရဟန်းသံဃာတို့ ထက် တက်သိနားလည်နိုင်စွမ်းရှိသော၊ ကိုယ်ကျင့်သီလပြည့်စုံသော ပုဂ္ဂိုလ်သာဖြစ်ရမည် ဖြစ်သဖြင့် “စစ်အစိုးရ ကိုသာ သံဃာတော်များက ပူဇော်ရမလား၊ ဘုရားကိုသာ ပူဇော်ရမလား” ဟူ၍ သံဃာများအနေဖြင့် စဉ်းစားရ ခက်ကြတော့မည်သာ ဖြစ်ပါသည်။

No comments:

Post a Comment