Thursday, March 12, 2009

နိုင်ငံခြား ရေဒီယို နားထောင်ပြီး နားမယောင်ဖို့ ၀ တပ်မဟာမှူးအား တြိဂံတိုင်း ဂျီဝမ်းပြော

သျှမ်းသံတော်ဆင့်

ယခု လဆန်းပိုင်းက တြိဂံတိုင်း စစ်ဌာချုပ် ဂျီဝမ်း - ၀ ပြည်သွေးစည်းရေး တပ်မတော်ဌာနချုပ် ပန်ဆန်း သို့ရက်ပိုင်း ခရီးထွက်စဉ် မိုင်းပေါက်ရှိ ၀ တပ်မဟာမှူးအား နိုင်ငံခြား အသံလွှင့်ဌာနမှ ထုတ်လွှင့်သော သတင်းများ နားထောင်ပြီး နားမယောင် ကြရန် ၀ အရာရှိများ အားသတိပေး တိုက်တွန်းသင့် သည်ဟု ပြောခဲ့ကြောင်း တရုပ်နယ်စပ် သတင်းက ဆိုသည်။


မတ်ခ်ျ ၃ ရက်က ကျိုင်းတုံ အခြေစိုက်တြိဂံတိုင်း ဂျီဝမ်း ဗိုလ်မှူးကြီးသန်းထွဋ်သိန်းနှင့် အပေါင်းပါ ၅-၆ ယောက်သည် ကျိုင်းတုံ UWSA ရုံးမှ ၀ ကိုယ်စားလှယ် အရာအချို့ကိုဖိတ်ခေါ်၍ ကျိုင်းတုံ - မိုင်းယန်း - မိုင်းဖျန် - ဟိုတောဝ်း - မိုင်းပေါက် မှ တဆင့် ပန်ဆန်း ဌာနချုပ်သို့ သွားရောက်ခဲ့ကြောင်း၊ ၆ ရက်နေ့မှ ကျိုင်းတုံ သို့ပြန်သွားကြောင်း၊ ပန်ဆန်း၌ မည်သူတို့နှင့် တွေ့ပြီး မည်သည့်ကိစ္စများ ဆွေးနွေး ခဲ့သည်ကို အသေးစိပ် မသိရသော်လည်း တပ်မဟာ ၄၆၈ ဌာနချုပ် မိုင်းပေါက်၌ ခရီး တထောက်နားစဉ် တပ်မဟာမှူးအား အဓိက နှစ်ချက် ပြောဆိုခဲ့သည်ဟု ဆိုပါသည်။

“သန်းခေါင် စာရင်းကောက်ပြီး မှတ်ပုံတင် လုပ်ဖို့ကိစ္စ ၀ ဘက်က အဆင်သင့်ဖြစ်ပြီ ဆိုရင် ကျနော်တို့ကို သတင်း ပို့စေချင် တယ်။ သက်ဆိုင်ရာဝန်ထမ်း တွေလွှတ်လိုပါတယ် ။ ဒုတိယ အချက်က ပြည်ပ အသံလွှင့်ဌာန တွေက တပ်မတော်အစိုးရ နဲ့ ၀ တပ်ဖွဲ့ကြား ပိဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်တဲ့ မဟုတ်မမှန် သတင်းတွေ မကြာခဏ ထုတ်လွှင့်တဲ့အတွက် နားထောင် တဲ့ အရာရှိတွေ၊ တခြား လူတွေရှိရင် - နားယောင်ပြီး မယုံမိဖို့ ကြုံတိုင်းသတိပေး စေချင်တယ်” - ဟုဗိုလ်သန်း ထွဋ်သိန်း ကပြောကြောင်း ၀ တပ်မှူးနှင့် ရင်းနှီးသည့် အမည်မဖေါ်လိုသူ ကျိုင်းတုံကုန်သည် တဦးက သျှမ်းသံတော်ဆင့် အားပြန်လည် ပြောပြသည်။

ဖေဖေါ်ဝါရီလနှောင်းပိုင်းက ၀ ထိန်းချုပ်နယ်မြေ နှင့် မိုင်းလား ထိန်းချုပ်နယ်မြေ အတွင်း နအဖ ဌာနဆိုင်ရာ ၀န်ထမ်းများ သန်းခေါင်စာရင်း ဆင်းကောက်စဉ် နယ်ခြား ဂိတ်စောင့် UWSA ၀ တပ်ဖွဲ့က - “အထက်က အမိန့် မရတဲ့အတွက် ဖြတ်သန်းခွင့် မပြုနိုင်ဘူး ”- ဟု အပြတ် ပြောခဲ့သည့် အတွက် လူ ၂၇ ယောက်ပါ ကား ၂ စီး မိုင်းယန်း သို့ပြန်လှည့်ကာ ကျိုင်းတုံသို့ ပြန်ခဲ့ရ သည်။

ဗမာ စစ်အစိုးရ အာဘော် သတင်းစာ တွင်လည်း နိုင်ငံခြား အသံလွှင့်ဌာန မြန်မာဘာသာ၊ တိုင်းရင်းသားဘာသာများလွင့် သည့် RFA, VOA, BBC တို့အား မိုးလုံးပြည့် မုသာဝါဒီများ၊ အဖျက်အမှောင့်လုပ်ငန်း မှိုင်းတိုက်သူများ ဟု နေ့စဉ်ထုတ် သတင်းစာ၌ ရေးသားထား လေ့ရှိ၏။

No comments:

Post a Comment