Tuesday, March 24, 2009

အရှုံးမပေးကြေး


ကျနော်ဂျာနယ်လစ်ဘဝ ခံယူခဲ့သည်မှာ သတင်းထောက်ဘဝမှစသော် ဆယ်စုနှစ်သက်တမ်းတခု ဖြတ်သန်းခဲ့ပေပြီ။ အာဏာရှင်စစ်အစိုးရ ဖိနှိပ်အုပ်ချုပ်ခဲ့သည့် သက်တမ်းတဝက်မျှ သတင်းစာသမားဘဝဖြင့် မိမိတတ်နိုင်သမျှ အခွင့်အရေးရသ၍ ပြည်သူအတွက် အလုပ်အ ကျွေး ပြုခဲ့သည်။

သတင်းစာသမားသည် တိုင်းပြည်၏ စတုတ္ထမဏ္ဏိုင်ဟု ဆိုထားသည့်အတိုင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဒေါက်တိုင်သုံးခု မယိုင်းမယိုင်စေရေးအတွက် ဝင်ရောက် အထောက်အကူပြုသည့် လေးခုမြောက် ဒေါက်တိုင်ပင်။ အိမ်စောင့်ခွေးဟုလည်း တင်စားပြောကြသည်။ ပြည်ကြီးပုခုံး၊ ပြည်ကြီးမျက်လုံးဟုလည်း တင်စားဆိုကြပါသေးသည်။ မြန်မာပြည် လွတ်လပ်ရေး မရခင်ကတည်းက စတင်ကာ သတင်းစာ၊ သတင်းစာဆရာနှင့် သတင်းထောက်တို့ ခေါင်းဆောင်မှု မပါခဲ့သော ခေတ်တခေတ်မှ မရှိသေးပေ။ ထိုသို့ခေါင်းဆောင်မှု ပြုရသူအဖြစ်ကို စာရေးသူ အားကျပေသည်။

ကုန်းဘောင်ခေတ် ရတနာပုံနေပြည်တော်ကို အုပ်ချုပ်တော်မူသော မင်းတုန်းမင်းတရားကြီး၏ “ရတနာပုံသတင်းစာ” မှ စတင်ကာ မြန်မာသတင်းစာသမားတို့၏ အရေးအရာပါမူ စတင်လာခဲ့ပါသည်။ “ငါမကောင်းလျှင် ငါ့အကြောင်းရေး၊ ငါ့မိဖုရား မကောင်းလျှင် ငါ့မိဖုရားအကြောင်းကို ရေး၊……” မှ စတင်ကာ သတင်းစာလွတ်လပ်ခွင့် ၂၆ ချက် သတ်မှတ်ပေးလျက် လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် ပေးခဲ့ပေသည်။ ထိုမှသည် ကိုလိုနီလက်အောက်၊ ပါလီမန် ဒီမိုကရေစီခေတ်နှင့် တော်လှန်ရေးကောင်စီ လက်ထက်ထိ သတင်းစာ လွတ်လပ်ခွင့်ရှိစွာ လုပ်ကိုင်ခွင့် ရခဲ့ကြသည်။ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှ စတင်ကာ ယနေ့ အာဏာရှင် စစ်အစိုးရ လက်ထက်ထိမူ သတင်းစာလွတ်လပ်ခွင့် ဆုံးရှုံးခဲ့ရသည့်အပြင် ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်များပါ ရပ်ဆိုင်းခဲ့ရသည်။

စစ်အစိုးရလက်ထက်တွင် ပုဂ္ဂလိက သတင်းဂျာနယ်များ ထုတ်ဝေခွင့် ရခဲ့သည်မှာ ဆယ်စုနှစ် တစုကျော်သာ ရှိပါသေးသည်။ စာပေစိစစ်ရေးဌာန၏ ဆင်ဆာဖြတ်တောက်မှုကို ကြံ့ကြံ့ခံရင်း ရနိုင်သမျှ အခွင့်အရေးလေးဖြင့် ပြည်သူ့အကျိုး သယ်ပိုးလာခဲ့ကြသည်မှာ ယနေ့ထိတိုင် ဖြစ်ပါသည်။

စာရေးသူ၏ အဖိုးနှင့်အဖွား (စာရေးသူ ဖခင်၏ အဖေနှင့် အမေ) တို့သည် ၁၃ဝဝ ပြည့် အရေးတော်ပုံ၏ ရေနံမြေ သခင်၊ သခင်မများ ဖြစ်သည်။ စာရေးသူ၏ ဖခင်မှာလည်း ၁၉၇၅ ခုနှစ် ဦးသန့်အရေးအခင်းတွင် ပါဝင်ခဲ့သောကြောင့် ထောင်ချခံခဲ့ရပြီး၊ အစိုးရဝန်ထမ်းဘဝက အထုတ်ခံခဲ့ရသူဖြစ်သည်။ စာရေးသူ၏ ဘဝတွင် နိုင်ငံရေးမှာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံမှ စတင်ကာ ဝင်ရောက်လာခဲ့ပါသည်။ ထိုစဉ်က စာရေးသူမှာ ရှစ်တန်းကျောင်းသားအရွယ်။ နိုင်ငံရေးအကြောင်း ဂဃနဏမသိ။ သူများ 'ဒို့အရေး' အော်၍ လိုက်အော်ခဲ့သော အဆင့်။ ဒီမိုကရေစီဆိုသည့် အဓိပ္ပာယ်ကို နားမလည်။ သူများတွေက ရရှိရေး တောင်းဆိုသဖြင့် ကိုယ်လည်း ခေတ်နောက်မကျအောင် တောင်းဆိုခဲ့သော ဒီမိုကရေစီ ရရှိရေးသာ။

ထိုမှ အတန်းကြီးလာလေ၊ လေ့လာဖတ်ဖြစ်သော စာတွေ များလာလေ၊ နိုင်ငံရေးဆိုသည့် စကားနှင့် အဓိပ္ပာယ်ကို ရေးရေးမျှ သိလာခဲ့ရသည်။ ရန်ကုန်တက္ကသိုလ် ၇၅ နှစ်ပြည့် စိန်ရတုနှစ်တွင်တော့ နယ်မြို့လေးမှ စာရေးသူသည် တက္ကသိုလ်ပညာ ဆည်းပူးရန်အတွက် ရန်ကုန်မြို့တော်ကြီးသို့ ဆင်းလာခဲ့သည်။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် ပညာသင်ယူနေခိုက် ၁၉၉၆ ကျောင်းသားအရေးအခင်းတွင် ပါဝင်ဆင်နွှဲခဲ့သည်။ ရှေ့ရှေ့က ကျောင်းသားခေါင်းဆောင်များကို အားကျရင်း ဆင်နွှဲခဲ့သော အရေးတော်ပုံသည် ဖိနှိပ်နှိမ်နှင်းမှုများ ဟိုယခင်ကအတိုင်းပင် ခံခဲ့ကြရလေ၏။

ထိုအချိန်မှ စတင်ကာ စစ်အာဏာရှင်စနစ်ဆိုးကို ရွံ့မုန်းလျက် မိမိတတ်နိုင်သည့် နည်းဖြင့် အံတုရန် အားထုတ်ခဲ့သည်။ နိုင်ငံရေးလုပ်သူတို့မှာ တိုင်းပြည်နှင့် ပြည်သူအတွက် ထူးခြားလာအောင် ဘာတခုမှ လုပ်မပေးနိုင်သေးခင် သက်တမ်းရှည် ထောင်နန်းစံကြရသည်ကို တွေ့မြင်ခဲ့ရရာ နိုင်ငံရေးသမားအနေဖြင့် မရပ်တည်ဘဲ မည်သည့်နည်းဖြင့် နိုင်ငံရေးလုပ်၍ ရမည်လဲ အမြဲစဉ်းစားနေခဲ့မိသည်။ ထောင်ကျခံရမှာ ကြောက်၍တော့ မဟုတ်ပါ။ အချိန်နှင့် ပေးဆပ်ရမှုများက တန်ဖိုးများ၍ ဖြစ်ပါသည်။ ၁၉၉၉ ခုနှစ်တွင် စာရေးသူ ဂျာနယ်လစ်တယောက်အနေနှင့် ပြည်တွင်း သတင်းဂျာနယ်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။ စတင်ဝင်ရောက်စဉ်က ဝါသနာအရင်းခံဖြင့်သာ ဝင်ရောက်လာခဲ့သော်ငြား နောက်ပိုင်း နိုင်ငံရေးအမြင်များ ရရှိလာခဲ့ပါသည်။

ဆရာသမား သတင်းစာဆရာကြီးတဦးက “နိုင်ငံရေးကို စိတ်ဝင်စားပါ၊ လေ့လာပါ၊ နိုင်ငံရေးသမားတော့ မလုပ်နဲ့၊ ဒီတိုင်းပြည်ရဲ့ အခြေအနေအရ ကိုယ်သွားချင်တဲ့ ပန်းတိုင်အထိ နိုင်ငံရေးလုပ်ခွင့်ရမှာ မဟုတ်ဘူး။ ထောင်ထဲမှာပဲ အချိန်ကုန်သွားမယ်။ မင်း သတင်းစာဆရာ လုပ်ပြီး၊ နိုင်ငံရေး လုပ်လို့ရတာတွေ ရှိတယ်။ ပြည်သူအတွက် လုပ်လို့ရတာတွေ ရှိတယ်။ ဂျာနယ်လစ် အလုပ်လုပ်နေတာဟာလည်း ခံယူတတ်ရင် နိုင်ငံရေး လုပ်နေတာပဲ” ဟု သုံးသပ်ပြောပြသည်ကို နာယူခဲ့ရချိန်မှစကာ သတင်းစာသမား ဂျာနယ်လစ်ဘဝကို ခုံမင်စွာဖြင့် ဘယ်တော့မှ မစွန့်လွှတ်ဘဲ ကိုယ်တတ်နိုင်သ၍ တိုင်းပြည်နှင့် ပြည်သူအတွက် အလုပ်အကျွေးပြုသွားမည်ဟု သံဓိဋ္ဌာန် ချလိုက်မိသည်။

ဂျာနယ်လစ်လောကသို့ နောက်လူများ ဝင်လာပြီဆိုလျှင်လည်း ပြည်သူ့အကျိုး ဆောင်ရွက်မည့် သူတယောက် လာပြန်ပေပြီဆိုကာ ကြိုဆိုခဲ့ရမြဲ၊ မိမိအတွေ့အကြုံများ ပြန်လည်ဝေမျှပေးခဲ့မြဲ၊ ဂျာနယ်လစ်ဘဝကို မက်မက်မောမော ခံယူတတ်စေရန် ဤသို့ သတင်းစာဆရာဘဝဖြင့် နိုင်ငံရေးလုပ်နိုင်သည့် အကြောင်းကို ပြန်ဖောက်သည်ချ ပြောပြခဲ့မြဲပင်။

ဂျာနယ်လစ်လောကသို့ ဝင်ရောက်လုပ်ကိုင်ကာစက နိုင်ငံခြား သွားရနိုင်သည့် အခွင့်အရေး၊ ပြည်ပ သတင်းစာသင်တန်းများ တက်ရမည့် အခွင့်အရေးများ ရှိသည်ဆိုသည်ကို သိပင် မသိခဲ့ပါ။ ယခုနောက်ပိုင်းတွင်တော့ ဝါသနာထက်၊ သတင်းစာဆရာဘဝကို ခုံမင်၍ ဆိုသည်ထက် ဂျာနယ်လစ်လုပ်လျှင် နိုင်ငံခြားသင်တန်းများ သွားတက်နိုင်သည့် အခွင့်အရေးများ၊ နိုင်ငံခြားလေ့လာရေး ခရီးများ သွားရတတ်သည် ဆိုသည့် အခွင့်အရေးများ မျှော်ကိုးဝင်လာသူများ ရှိလာနေသည်။ တချို့ ပိုဆိုးသည်က ဂျာနယ်လစ်ဘဝနှင့် ပြည်တွင်းတွင် မနေကြတော့ဘဲ နိုင်ငံခြားတိုင်းပြည်များ ထွက်ကာ ထိုနိုင်ငံသား ခံယူလိုက်ကြသည်များနှင့် နိုင်ငံခြားလေ့လာရေး ခရီးစဉ် အခွင့်အရေးရရာမှ မြန်မာပြည်သို့ ပြန်မလာတော့ဘဲ ပြည်ပတွင် နေလိုက်ကြတော့သည်များပင် ရှိလာနေလေသည်။

တဦးနှင့် တဦး အမြင်မတူနိုင်ဘဲ ခံယူချက်ကွဲပြားကာ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ်ဟု ဆိုနိုင်ပါသော်လည်း စာရေးသူ၏ တသီးပုဂ္ဂလ ခံယူချက်နှင့် အမြင်ကို တင်ပြလိုပေသည်။

ပြည်တွင်းတွင် ဂျာနယ်လစ်တယောက် ဘဝဖြင့် ရပ်တည်လှုပ်ရှား ရုန်းကန်ရသည်မှာ ဝင်ငွေနည်းပါးမှုကြောင့် ခက်ခဲကောင်း ခက်ခဲပါမည်။ ဒါတောင် အခြားသော ကုမ္ပဏီဝန်ထမ်းများထက် စာလျှင် လစာခံစားခွင့်များ ပါသေးသည်။ ထိုသို့သော အခြေအနေကြောင့် ပြည်ပထွက်ကာ ဝင်ငွေပိုကောင်းသော ပြည်ပမီဒီယာများတွင် ဝင်လုပ်ပါသည် ဆိုသည့် ခံယူချက်မျိုးကိုတော့ဖြင့် အားမနာတမ်း ပြောရလျှင် လက်မခံလိုပေ။ မြန်မာပြည်တွင် မနေလိုသောကြောင့် ပြည်ပထွက်နေကာ ဘဝရပ်တည်ရေးအတွက် ပြင်ပမီဒီယာများတွင် ဝင်လုပ်ခြင်းကိုလည်း ကျနော်အနေဖြင့် နည်းနည်းမျှ သဘောမကျနိုင်ပေ။ နိုင်ငံရေးခံယူချက်ဖြင့် ပြည်တွင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် မရလေသောကြောင့် အပြင်ထွက်ကာ ပြည်ပမီဒီယာများမှနေ အာဏာရှင် စစ်အစိုးရကို တိုက်ခိုက်မည်ဆိုသည့် ခံယူချက်သက်သက် ဝင်ငွေအဓိကမကျ ဆိုသည့် သူမျိုးများကိုတော့ ခြွင်းချက်အနေဖြင့် လက်ခံပါသည်။

ပြည်တွင်းတွင် ဖြစ်ပေါ်ခဲ့သော အရေးအခင်းများတွင် အဓိကအခန်းများမှ ပါဝင်ဖြစ်ခဲ့ပြီး မြန်မာပြည်တွင်း ဆက်လက်နေထိုင်ရန် အန္တရာယ်ရှိလာသဖြင့် ပြည်ပသို့ တိမ်းရှောင်ကြရကာ ပြင်ပမီဒီယာများမှ ဆက်လက်၍ စစ်အာဏာရှင်စနစ်ဆိုး ပြုတ်ကျရေး ဆောင်ရွက်နေကြသူ ကနဦး နိုင်ငံရေးသမားဘဝမှ ဂျာနယ်လစ် ဖြစ်သွားသူများကိုတော့ ချီးကျူးဂုဏ်ယူပါသည်။

ကျနော်ပြောလိုရင်းမှာ ဆိုခဲ့ပါ မြန်မာပြည်တွင်း မည်သို့မှ နေထိုင်၍ မရတော့သည့် နိုင်ငံရေး လှုပ်ရှားမှု အခြေအနေများကြောင့် ထွက်သွားရသူများမှလွဲ၍ ကျန် အကြောင်းအမျိုးမျိုးဖြင့် ထွက်သွားကြလေသူများကို တိုင်းပြည်တွင်း နေနိုင်သ၍နေကာ လုပ်ခွင့်ရသလောက် တိုင်းပြည်နှင့် ပြည်သူအတွက် လုပ်ပေးကြဖို့ပင်။ ပြည်တွင်းတွင် လုပ်၍ရသလောက် အခွင့်အရေးကြားမှ လုပ်ပြကြဖို့၊ စိစစ်ဖြတ်တောက် ပိတ်ပင်မှုများကြားမှ လွတ်လာသလောက် ပြည်သူကို ပေးနိုင်မည့် အခွင့်အရေးကို ရှာဖွေပေးကြဖို့ တိုက်တွန်းလိုပါသည်။

ပြင်ပမီဒီယာများမှ မိတ်ဆွေများနှင့် စကားပြောဖြစ်တိုင်း ကျနော်ကို ယင်းတို့ထံတွင် လာရောက်လုပ်ကိုင်ဖို့ ခေါ်တတ်ကြပါသည်။ အပြင်ထွက်လာဖို့ တိုက်တွန်းတတ်ကြသည်။ ကျနော် အမြဲပြောသော စကားမှာ “ကျနော် အထဲကနေ ခင်ဗျားတို့ကို ကူညီပေးနိုင်သလောက် ကူညီပေးမယ်။ အထဲမှာ လုပ်ရဦးမှာတွေ၊ လုပ်လို့ရတာတွေ အများကြီးပါ။ ကျနော့်တိုင်းပြည်က ကျနော့်ကို လက်ခံနေသေးသ၍ ကျနော် အထဲမှာပဲ နေမယ်။ ဘယ်လိုမှ နေဖို့မဖြစ်နိုင်တော့ဘူး၊ ကျနော့်အတွက် အန္တရာယ်ရှိလာပြီဆိုမှပဲ ထွက်လာခဲ့မယ်” ဟု အမြဲ ပြောခဲ့ပါ၏။

ကျနော့်အမြင်မှာ အာဏာရှင်စစ်အစိုးရမှာ တိုင်းပြည်တွင်း၌ သတင်းစာဆရာတွေ ရှိနေသည်ကို ပိုဂရုစိုက်နေမည်ဟု ထင်ပါသည်။ ထိုသူတွေ ရှိနေသမျှ သူတို့ ဘယ်လောက်ပင် ပိတ်ပင်ဖြတ်တောက်ပါစေ သူတို့၏ မမှန်သော လုပ်ရပ်များက ဘယ်လိုမှ ဖုံးမရဘဲ ပေါ်ထွက်လာနေမည် ဖြစ်သောကြောင့်ပင်။ သတင်းစာဆရာ ဂျာနယ်လစ်တယောက် ပြည်ပထွက်သွားပြီး၊ ပြန်မလာတော့ဘူးဆိုသည့် သတင်းစကား ကြားရလေ သူတို့ ပျော်လေဖြစ်မည်ပင်။ သူတို့ကို ဒုက္ခပေးနိုင်သူတဦး လျော့သွားသောကြောင့် ဖြစ်ပါသည်။

ထိုသို့ ပျော်သည်ထက်ပိုကာ တယောက်တော့ဖြင့် တို့ကို အရှုံးပေးသွားပြန်ပြီဟု လှောင်ရယ်နေကြမည်ကို ကျနော် အခံရအခက်ဆုံး ဖြစ်သည်။ သူတို့ ပျော်သည်ကို ပြည်တွင်းတွင် ရှိနေသေးသော မိတ်ဆွေ သတင်းစာဆရာ ဂျာနယ်လစ်များ လိုလားပါသလား၊ အရှုံးပေးသွားပြန်ပြီဟု လှောင်ကြလေမည်ကို ခံနိုင်ပါသလား။ ကျနော်ကတော့ အရှုံးမပေးကြေး စိတ်ဓာတ် မွေးမြူဖို့ တိုက်တွန်းလိုပါသည်။

No comments:

Post a Comment