Sunday, March 29, 2009

ပြည်ထောင်စုနဲ့ ဘုံရန်သူ

ဗိုလ်ထက်မင်း

တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်း နေထိုင်ကြတဲ့ မြန်မာ နိုင်ငံမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနဲ့ တန်းတူ အခွင့်အရေး ရရှိရေးဟာ အထူး အရေးတကြီး လိုအပ်ပါတယ်။ ဒါ့ကြောင့် စစ်အာဏာရှင် တွေဟာ ဒါကို ဒို့တာဝန် အရေးသုံးပါး အနေနဲ့ အသံကောင်း ဟစ်ကာ ကြွေးကြော်ပြ နေပါတယ်။ ဒါပေမယ့် အတိတ် သမိုင်းကို ပြန်ပြောင်း ကြည့်ရင်း လက်တွေ့ကျကျ သိရှိနိုင်စေဖို့နဲ့ ပြည်ထောင်စုရဲ့  ဘုံရန်သူကို မျက်နှာဖုံး ခွာချကာ ဖော်ထုတ်ပြီး တိုင်း ရင်း သား ပြည်သူလူထု အားလုံး အချိန်မီ လက်ချင်း ချိတ်နိုင်ကြဖို့ ဒီဆောင်းပါးကို ရည်ရွယ် တင်ဆက်လိုက် ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ မူဆယ်တွင် ကကလှမ်းက ဒု-ဗိုလ်မှူးကြီးတင်ဝင်းနဲ့ KIA ခေါင်းဆောင်တွေ စတင်တွေ့ဆုံ ခဲ့ပါတယ်။ KIA က DAB အနေနဲ့ တွေ့မယ်လို့ ပြောခဲ့တာကို န၀တက လက်မခံ ခဲ့လို့ အဆင်မပြေ ဖြစ်ခဲ့ကြ ပါတယ်။ တခါ ၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ ဖြစ်တဲ့ Dr Saboi John (Christian Religious Leader), U Khun Myat (Businessman) and U La Won (Former Ambassador) တို့ဟာ ကကလှမ်းကို KIA အနေနဲ့ ကြားခံ သွားရောက်ဆက်သွယ်ကာ တွေ့ဆုံခဲ့ပါတယ်။


KIA တဖွဲ့တည်းအနေနဲ့ ဆွေးနွေးဖို့ကို သဘောတူညီချက်ရခဲ့ပြီး လားရှိုးမှာ ကကလှမ်း ဒု-ညွှန်မှူး ဗိုလ်မှူးချုပ် ကျော်ဝင်းနဲ့ အဖွဲ့တို့ကို KIA ခေါင်းဆောင်တွေက တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့ပါတယ်။ အဲဒီနောက် KIA ခေါင်းဆောင် ဗိုလ်ချုပ်ဘရန်ဆိုင်း ကွယ်လွန်ရာ ဗိုလ်ချုပ်ဇော်မိုင်က ဆက်လက်ညှိနှိုင်း လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလို ၁၉၉၄ က တွေ့ဆုံဆွေးနွေးခဲ့စဉ်မှာ ဗိုလ်ခင်ညွန့်အနေနဲ့ မှတ်ချက်ပြုခဲ့တာကတော့ KIA ဟာ ကချင်အမျိုးသား တွေရဲ့  ခေါင်းဆောင်မှုကို ရနိုင်ခဲ့ရင်၊ ကချင်ပြည်သူတွေကို စည်းရုံးနိုင်ခဲ့ရင် အမျိုးသား ညီလာခံမှာ ဆွေးနွေးညှိနှိုင်း ကြပြီးရင်တော့ တချိန်ချိန်မှာ KIA ခေါင်းဆောင်တွေအနေနဲ့ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဖြစ်လာလိမ့်မယ်လို့ ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

KIA အဖွဲ့မှာ ပညာတတ်ဘွဲ့ရ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်သူ၊ အမြော်အမြင်ကြီးသူတွေ ပါဝင်ပြီး သူတို့အဖွဲ့ရဲ့  တပ်ဖွဲ့စည်းပုံကို စစ်တပ်ပုံစံ War Establishment ဖြင့် စနစ်တကျ ဖွဲ့စည်းထားတဲ့အပြင် န၀တကို လိမ္မာပါးနပ်စွာ နည်းမျိုးစုံနဲ့ ချဉ်းကပ်ခဲ့တာမျိုး၊ အပျော့ဆွဲ လိုရာတောင်းဆိုတာတဖုံနဲ့ စည်းရုံးလှုပ်ရှားခဲ့ကြပါတယ်။

KIA အနေနဲ့ နယ်မြေ (၄) ခုကို စတင်တောင်းခဲ့ရာ ပထမတော့ န၀တက ခွင့်မပြုချင်ခဲ့ပေမယ့် ကျောက်စိမ်းနယ်မြေ၊ ဖားကန့် ဧရိယာနဲ့ နီးတဲ့ နယ်မြေတခုကို ပေးလိုက်ရကာ ထိုးကျွေးပြီး နိုင်ငံရေး အမြတ်ထုတ်ဖို့ န၀တက ကြံစည်ခဲ့ပါတယ်။

အရေးကြီးတဲ့ အတွင်းရေးတခုကတော့ န၀တကို KIA က “ငြိမ်းချမ်းရေးစာချုပ် တရားဝင်ချုပ်ဆို လက်မှတ်ထိုးပြီး ကချင်သမိုင်းမှာ မှတ်တမ်းမှတ်ရာ ထားချင်ကြောင်း၊ ကချင်လူထု ကို တချိန်မှာ ပြချင်ကြောင်း” လိမ္မာပါးနပ်စွာ ပြောဆိုခဲ့ပါတယ်။ န၀တဟာ မထိုးချင် ထိုးချင်နဲ့ ဒါကို ငြင်းလို့မရဘဲ လိုက်လျော ပေးခဲ့ရပါတယ်။ အဲဒီနောက် KIA ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မိုင် ကို န၀တဘက်က တိုင်းမှူးနှစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်စောလွင်နဲ့ ဗိုလ်ချုပ်အေးကျော်တို့ဟာ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ကြိတ်ပြီး လက်မှတ်ထိုးပေးခဲ့ရပါတယ်။ န၀တက ဒီစာချုပ်ကို လျှို့ဝှက်ထားပေးဖို့နဲ့ တခြားအပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေ သိသွားရင် အားလုံးက စာချုပ်ချုပ်ဖို့ ထပ်မံတောင်းဆိုလာနိုင်လို့ ဖုံးဖိထားဖို့ ပြောခဲ့ပါတယ်။

ဒီလို ပြောခဲ့တာကိုထောက်ရင် လက်နက်ကိုင် တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေးလုပ်ကတည်းက စစ်ခေါင်းဆောင် တွေရဲ့  မရိုးသားမှု၊ တိုင်းရင်းသား အခွင့်အရေးတွေကို ချုပ်ကိုင်ထားလိုမှုနဲ့ နိုင်ငံရေး အမြတ်ထုတ်လိုမှု သက်သက်တာဖြစ်ကြောင်းကို သိရှိနိုင်ပါတယ်။

ဒီလို စာနဲ့ပေနဲ့ ချုပ်ဆိုခဲ့တာတောင်မှ အမျိုးသားညီလာခံမှာ KIA အပါအ၀င် အပစ်ရပ်တိုင်းရင်းသား အဖွဲ့တွေရဲ့  တိုင်းရင်းသားအခွင့်အရေး တောင်းဆိုချက်တွေကို စစ်အာဏာရှင်တွေဟာ အရေးမစိုက် မလိုက်လျောတဲ့အတွက် ဒီစာချုပ်နဲ့ နအဖကို ပြန်ကိုင်ဖို့ လိုအပ်နေပြီလို့ သတိပေး ပြောကြားလိုပါတယ်။ အမျိုးသားညီလာခံ တက်နေတုန်း မှာ ရှမ်းပြည်မြောက်ပိုင်းရှိ KIA စခန်းကို တပ်က ၀င်ရောက်ပစ်ခတ်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နအဖရဲ့  နိုင်ထက်စီးနင်းလုပ်ရပ်ကို သဘောပေါက်ဖို့သင့်ပါတယ်။

တိုင်းရင်းသားတွေကို မျှော်လင့်ချက်တွေ အမျိုးမျိုးပေးခဲ့တဲ့ ကကလှမ်း အကြီးအကဲ ဗိုလ်ခင်ညွန့်ကို ဖြုတ်လိုက် ကတည်းက အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ အခြေအနေကို သုံးသပ်သင့်ပြီး စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ရရှိဖို့ စစ်အာဏာရှင်တွေကို တညီတညွတ်တည်း ဖိအားပေး တောင်းဆိုတိုက်ပွဲ ၀င်ဖို့ အချိန်ကျရောက်နေပြီ ဖြစ်ပါတယ်။

အခုအခါ နအဖဟာ KIA က ခွဲထွက်လာတဲ့ ဗိုလ်မှူးကြီး လဆန်အောင်ဝါတို့ကို ပြန်ပေါင်းဖို့ သဘောရိုးထက် သွေးထိုး ခွဲခြားဖို့ကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ တကယ်တမ်းပြောရရင် စစ်အာဏာရှင်တွေ အနေနဲ့ တချိန်တုန်းက KIA နဲ့ NMSP အဖွဲ့တွေကို အခြားအပစ်ရပ် အဖွဲ့တွေနဲ့ မတူဘဲ လိုက်လျောဆက်ဆံခဲ့တဲ့ အဓိက အကြောင်းရင်းရှိခဲ့ပါတယ်။ ဒါကတော့ KNU ကို အဓိက ရန်သူအဖြစ် ပစ်မှတ်ထားနေရလို့ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ KNU ရှိရာ လွတ်မြောက်နယ်မြေကို ကျောင်းသားအင်အားစုတွေ ထောင်သောင်းနဲ့ ချီပြီး ရောက်နေသလို လွှတ်တော် ကိုယ်စားလှယ်များလည်း ရောက်လာခဲ့လို့ အင်အားတောင့်တင်းခဲ့ပါတယ်။ KIA နဲ့ NMSP ဟာ KNU ခေါင်းဆောင် ဗိုလ်ချုပ်မြ ဦးစီးတဲ့ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF နဲ့ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် DAB တို့မှာ အရေးပါ အားထားရတဲ့နေရာတွေကို ကိုင်တွယ် ထားတာမို့ အင်အားတောင့်တင်းနေ တဲ့ KNU ကို ဖြိုခွဲချင်တာကြောင့် KIA နဲ့ NMSP ကို နအဖက ဖဲ့ထုတ်ခဲ့တာ ဖြစ်ပါတယ်။

KIA နဲ့ NMSP တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကြီးစိုးတဲ့ ဒေသနေရာတွေဟာလည်း မြန်မာပြည်ရဲ့  ထိပ်ပိုင်းနဲ့ အောက်ပိုင်းမှာဖြစ်သလို ပင်လယ်ထွက်ပေါက်၊ နယ်စပ်ထွက်ပေါက် အချက်အချာကျတဲ့ နေရာတွေ ဖြစ်နေလို့ ထိန်းချုပ်ကိုင်တွယ်ထားနိုင်တာမို့ သူတို့ကို အလွတ်မပေးရဲဘဲ နိုင်ငံရေး မဟာဗျူဟာအရ စစ်အာဏာရှင်တွေဟာ လိုက်လျောပြီး စည်းရုံးဆက်ဆံခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် KIA ကို ၁၉၉၄ ခုနှစ်၊ NMSP ကို ၁၉၉၅ ခုနှစ်တွေမှာ စည်းရုံးသိမ်းသွင်းကာ ငြိမ်းချမ်းရေးကို ကိုယ်ကျိုးစီးပွားနဲ့ မက်လုံးပေးပြီး နိုင်ငံရေးအရ စစ်အာဏာရှင်တွေက ထိန်းချုပ်ကစားခဲ့ပါတယ်။ ဆွေးနွေးပွဲ ကိုတော့ မော်လမြိုင် ရတခမှာ ကကလှမ်း ဒု-ညွှန်မှူး၊ တိုင်းမှူးတို့နဲ့ အတူ ပြုလုပ်ခဲ့ပါတယ်။

စစ်အာဏာရှင်တွေအနေနဲ့ NMSP ကို လိုက်လျောဆက်ဆံခဲ့ရတဲ့ နောက်တချက်က နအဖရဲ့ အသက် သွေးကြောဖြစ်တဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာ မွန်ပြည်သစ်ရဲ့  ဧရိယာနယ်မြေ အတွင်းမှာ ရှိလို့ လုံခြုံရေးအတွက် မချစ်ဘဲ အောင့်နမ်းခဲ့တာ ဖြစ်ပါတယ်။ KNU ကိုထိန်းချုပ်ဖို့ KIA နဲ့ NMSP တို့ကို စစ်ခေါင်းဆောင်တွေက ကနဦးမှာ လိုက်လျောဟန်ဆောင်ကာ မစားရ ၀ခမန်း ပြောခဲ့ပေမယ့် DKBA ကို ခွဲထုတ်ပြီး နယ်စပ်တွေမှာ ထိန်းချုပ် ချထားနိုင်ချိန်မှာတော့ NMSP ကို တခြားငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ လှည့်တိုက်တဲ့အထိ အတင့်ရဲစွာ လုပ်လာနိုင်ခဲ့ပြီ ဆိုတာကို သတိပြုကြဖို့ လိုပါတယ်။ နအဖရဲ့  ဘီလူးခေါင်း ခွာချပြပုံက NMSPရဲ့  ထမင်းအိုးဖြစ်နေတဲ့ ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်ထိန်မောင်အဖွဲ့ အား ပေးလိုက်တာပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဇာတိရုပ်ပေါ်လာတဲ့ နအဖကိုလည်း အမျိုးသား ညီလာခံတွင် NMSP က လေ့လာသူ အဆင့်သာ တက်ရောက်ပြီး တုံ့ပြန်ခဲ့ပါတယ်။ နှစ် (၅၀) ပြည့် မွန်ပြည်သစ်ပါတီ အခမ်းအနားမှာလည်း မွန်ခေါင်းဆောင်တွေက ၂၀၁၀ ရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး အခြေခံဥပဒေ ပြဋ္ဌာန်းချက် အချို့ကို ပြန်လည် ဆွေးနွေးပေးဖို့ နအဖကို တောင်းဆိုခဲ့ပါတယ်။

KIA နဲ့ NMSP တို့အနေနဲ့ အာဏာသိမ်းထားတဲ့ တရားမ၀င် စစ်အာဏာရှင်တွေ လက်ထဲမှာတောင် အမျိုးသားညီလာခံမှာ တင်ပြတောင်းဆိုချက်အား ဂရုမစိုက်ဘဲ ကတိ ဖောက်ဖျက်နေတာကို သင်ခန်းစာ ယူပြီး တရားဝင် အစိုးရဖြစ်ဖို့ ကိုယ့်ဘာသာကိုယ်ရေး၊ ကိုယ့်ဘာသာကိုယ် အတည်ပြုထားတဲ့ ဥပဒေနဲ့ ဒီရွေးကောက်ပွဲကြီး ကိုသာ ဆင်နွှဲခွင့် ပေးလိုက်မယ်ဆိုရင်တော့ အနာဂတ်အတွက် မတွေးရဲစရာ ဖြစ်မှာ သေချာသလောက် ဖြစ်တယ်ဆိုတာကို သိမြင်ဖို့ လိုပါတယ်။

အပစ်ရပ်တွေထဲမှာ အင်အားရှိတဲ့ KIA နဲ့ NMSP တို့သာ စစ်အာဏာရှင်တွေကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်စိန်ခေါ်ပြီး စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ တွန်းအားပေးမယ်ဆိုရင် တခြားအဖွဲ့ငယ်တွေလည်း လိုက်ပါနိုင်ကာ မြန်မာ့နိုင်ငံရေး တမျိုးတဖုံဖြစ်လာနိုင်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားသွန်ခွန်စိုက်လုပ်ချင်ပြီး တိုင်းရင်းသားတွေနဲ့ အဆင်ပြေတဲ့ ဗိုလ်ခင်ညွန့်ကို ထောက်လှမ်းရေးဆိုတဲ့ အမဲစက်နဲ့ ပြည်သူကို အရေးယူပြကာ တကောင်ထိုးကျွေးပြီး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူတွေနဲ့ အပစ်မရပ် တိုင်းရင်းသားတွေ အားလုံးကို သုံးကောင်စား တော့မယ့် ဗိုလ်သန်းရွှေရဲ့  “ကင်းပေါက်” အကွက်ကို အားလုံးဝိုင်းပိတ်ထားကြဖို့ အရေးကြီးဆုံး အချိန်ကို ရောက်နေပြီ ဖြစ်ပါတယ်။ ဘုံရန်သူ စစ်အာဏာရှင်တစုကို ဖြုတ်ချဖို့ အပစ်ရပ်ရော၊ အပစ်မရပ်ရော၊ တိုင်းရင်းသား လုပ်သားပြည်သူတရပ်လုံး လက်တွဲညီညီ ပူးပေါင်းချိတ်ဆက်ကာ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရန် အားကုန်ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။


No comments:

Post a Comment