Monday, March 9, 2009

မဲဆောက် - မြ၀တီ နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်

NEJ / မတ်လ(၉) ရက်၊ ၂၀၀၉


(၃) ရက်ကြာ ပိတ်ထားသည့် မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတားကို ယမန်နေ့က ပြန်ဖွင့်လိုက်သောကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မူများ ပုံမှန်အနေအထား ပြန်ရောက်လာပြီး နှစ်နိုင်ငံကုန်စည်များ အပြန်အလှန်တင်သွင်းလျက်ရှိသည်။


တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်း၏ ဆောင်ရွက်မူဖြင့် ယမန်နေ့နံနက်မှ စတင်ကာ မြန်မာကားများကို ထိုင်းဘက်က ပြန်လည်ပြေးဆွဲခွင့် ပြုလိုက်သောကြောင့် နှစ်ဖက်ကားများ အပြန်အလှန်ပြေးဆွဲခြင်းဖြစ်သည်။

ပြီးခဲ့သည့် ကြာသပတေးနေ့၌ ချစ်ကြည်ရေးတံတားနှင့် မဲဆောက်ပြေးဆွဲသည့် ထိုင်းလိုင်းကား အသင်းက မဲဆောက်မြို့တွင် မြန်မာခရီးသည်များ တင်ဆောင်သည့် တောင်းအေ့ကားများ ၀င်ရောက်ပြေးဆွဲမူကို ကန့်ကွက်သည့်အနေဖြင့် ချစ်ကြည်ရေးတံတား ထိုင်းဘက်ဝင်ပေါက်ကို လိုင်းကားအစီး (၁၀၀) ကျော်ဖြင့် ပိတ်ဆို့ဆန္ဒပြခဲ့ကြသည်။

ထိုင်းလိုင်းကားအသင်း၏ ထုတ်ပြန်ကြေညာချက်တွင် မြန်မာကားများကို ပိတ်ပင်ရခြင်းမှာ မြန်မာကားများသည် မဲဆောက်မြို့တွင်းမြို့ပြင်ရှိ လူနေရပ်ကွက်များအထိ ခရီးသည်များ ရှာဖွေတင်ဆောင်သောကြောင့် ထိုင်းလိုင်းကားများ ၀င်ငွေ ထိခိုက်ကျဆင်းရကြောင်း၊ မူလသဘောတူညီချက်အရ မြန်မာကားများသည့် ယခုကဲ့သို့ လုပ်ပိုင်ခွင့်မရှိကြောင်း ရေးသားဖော်ပြထားသည်။

ထိုသို့ပိတ်ခဲ့သဖြင့် မြန်မာဘက်ကလည်း ထိုင်းကားများကို အ၀င်မခံသောကြောင့် တံတားမှတဆင့် အပြန်အလှန်တင်သွင်းနေသည့် ကုန်စည်များ (၃) ရက်ကြာ ရပ်နားခဲ့သဖြင့် နှစ်နိုင်ငံကုန်သွယ်မူများ ထိခိုက်ကျဆင်းခဲ့ရသည်။ ချစ်ကြည်ရေးတံတား တရက်ပိတ်လျှင် ထိုင်းဘက်မှ ဘတ်သန်း (၄၀) ခန့် နစ်နာမူရှိသည်ဟု တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်း၏ မှတ်တမ်းတွင် ဖော်ပြသည်။

ယခု မြန်မာကားများကို ပြန်လည်ပြေးဆွဲခွင့်ပြုသော်လည်း အမျိုးအစား (၃) မျိုးခွဲပြီး အမှတ်အသားတံဆိပ်များ ပြုလုပ်ပေးမည်ဖြစ်သည်။ ခရီးသည်တင်ကား၊ ကုန်တင်ကား၊ ကိုယ်ပိုင်ကားဟူ၍ သတ်မှတ်ပေးမည်ဖြစ်ပြီး ခရီးသည်တင်ကားတစီးလျှင် (၈) ဦးခန့်သာ ခွင့်ပြုမည်ဟု တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်းက ပြောသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ကုန်သည်ကြီးမျာအသင်းသည် ယခုဖြစ်ပေါ်နေသည့် မပြေလည်မှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ နှစ်နိုင်ငံ အာဏာပိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးသွားမည်ဟု အဖွဲ့တာဝန်ရှိသူတဦးက ပြောသည်။

မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးမှတဆင့် ထိုင်းနိုင်ငံက ဆောက်လုပ်ရေးပစ္စည်းများ၊ လူသုံးကုန်၊ စားသောက်ကုန်များ၊ လယ်ယာပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးများ၊ အလှကုန်ပစ္စည်းများနှင့် အခြားထွက်ကုန်များကို လစဉ် ဘတ်သန်း (၁) ထောင်ကျော်ခန့် တင်သွင်းလျက်ရှိပြီး မြန်မာဘက်က လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ သစ်တောထွက်ပစ္စည်းများ၊ ချည်ထည်နှင့် အခြားထွက်ကုန်များ တင်သွင်းလျက်ရှိသည်။

ယခင်ကလည်း နယ်စပ်ပြဿနာများကြောင့် ချစ်ကြည်ရေးတံတား ရက်ရှည်ပိတ်ခဲ့ရပြီး နှစ်ဖက်ကုန်သည်များ ဆုံးရှုံးနစ်နာခဲ့ကြသည်။ အဆိုပါကာလမျိုး၌ နှစ်နိုင်ငံ သွင်းကုန်ပစ္စည်းများ ပြတ်လပ်မှုကြောင့် ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

ထိုင်းနိုင်ငံသည် မြန်မာနှင့် ပမာဏအများဆုံး ကုန်သွယ်သည့်နိုင်ငံဖြစ်ပြီး ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်အတွင်း နိုဝင်ဘာအထိ နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ (၂,၂၁၂) သန်းရှိသည်ဟု နအဖစစ်အစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။

No comments:

Post a Comment