Wednesday, March 11, 2009

ဗိုလ်ချုပ်ကြီး စောဘိုမြ အငယ်ဆုံးသားကို ကေအဲန်ယူ ထုတ်ပယ်

ခွန်အောင်မြတ်။
မတ်လ ၁၁ ရက်၊ ၂၀၀၉ ခုနှစ်။

ကွယ်လွန်သူ ကရင်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီး စောဘိုမြ သားထွေး ဗိုလ်ကြီး စောနေစိုးမြသည် ကရင် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)၏ ချမှတ်ထား သည့် စည်းကမ်းကို မလိုက်နာသဖြင့် အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်ဟု ကေအဲန်ယူ၏ အရာရှိ တဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားအငယ်ဆုံး မောင်အတေးလေး (ခေါ်) ဗိုလ်ကြီး စောနေစိုးမြကို အဖွဲ့အတွင်းမှ ထုတ်လိုက်သည့်အပေါ်နှင့် ပတ်သက်၍ ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး (၁) ပဒို စောလှငွေက ယခုလို ပြောသည်။

“၁၅ ရက်နေ့လောက်မှာကျတော့ မောင်တေးလေးက အဲဒီမှာ ဗိုလ်ထိန်မောင်တို့နဲ့ ကာတားနားတို့ ထိုကော်ကူးမှာတွေ့တဲ့အချိန်မှာ ဖားအံခရိုင်အတွင်းမှာ ၀င်ပြီးတွေ့တဲ့ အချိန်မှာ သူလည်းပါတယ်။ အဲဒါကတော့ အခွေတခွေထဲကနေ ကျနော်တို့လူထဲက ပြန်ပြီး တော့ သတင်းပေးတာပေါ့လေ။ နောက်တခုကတော့ ပြီးခဲ့တဲ့လ ၁၈ ရက်နေ့ လောက်မှာ မောင်တေးလေးက ဗိုလ်ထိန်မောင်တို့ အဖွဲ့တွေနဲ့ နေပြည်တော်ရောက် သွားပြီးတော့ အဲမှာ ဗိုလ်ချုပ်ရဲမြင့်နဲ့ သွားတွေ့တယ်။ အဲဒါလည်း ခိုင်လုံတဲ့အချက် သတင်းရရှိတဲ့အပေါ်မှာ ကျနော်တို့က ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်က တပ်က ညွှန်ကြားလိုက်တယ် မောင်တေးလေး ကို အဖွဲ့အစည်းထဲကနေ ထုတ်ပစ်လိုက်ဖို့ပဲ။ ပြီးခဲ့တဲ့ လကုန် ပိုင်းလောက်က ထုတ်မယ် ပြောတယ်။ စာကတော့ ဒီလဆန်းပိုင်းလောက်မှ ထွက်လာမယ်ထင်တယ်။ သူ့ကို ကျနော်တို့ အဖွဲ့အစည်းကနေ ထုတ်လိုက်တယ်။ ”

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၂၀၂ ၏ တပ်ခွဲမှူးဖြစ်သည့် ဗိုလ်ကြီးစောနေစိုးမြသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတဆင့် လေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ထွက်ခွါသွားပြီး နေပြည်တော် သို့ ရောက်ရှိသွားသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

၎င်းပြန်ရောက်ချိန်တွင် ကေအဲန်ယူ တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးခဲ့သည်ဟု ပဒို စောလှငွေ က ပြောသည်။

“အဲဒါကို ကျနော်တို့ တရားဝင် အဖွဲ့အစည်းအနေနဲ့ သတ်မှတ်ထားတဲ့ ကျနော်တို့ကို ဆန့်ကျင်နေ တဲ့ အဖွဲ့အစည်းတွေနဲ့ မသွားဖို့၊မလာဖို့ ရန်သူနဲ့လည်း မဆက်ဆံဖို့ ကျနော်တို့ ပြောတယ်။ ပြောပြီး သူကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီးတဲ့ နောက်တဆင့် မှာ ကျနော်တို့ လူစုံလို့ရှိရင် သူ့ကို ဘယ်လို အရေးယူရမှာလဲ ဆိုတဲ့အချိန်မှာ ကျနော်တို့ စဉ်းစားတယ်။ ”

ဗိုလ်ကြီးစောနေစိုးမြကို စစ်ဆေးအရေးယူရန်အတွက် ဗဟိုကော်မီတီများ မျက်နှာစုံညီ တွေ့ဆုံရန် အကြောင်း အမျိုးမျိုးကြောင့် ကြန့်ကြာခဲ့သဖြင့် ၎င်းက ဗိုလ်ချုပ်ထိန်မောင်နှင့် အတူ နေပြည်တော်သို့သွားပြီး ဗိုလ်ချုပ်ရဲမြင့် နှင့် တွေ့ဆုံခဲ့သဖြင့် အဖွဲ့အစည်းမှ ထုတ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် ဇနီး နော်လားဖိုးတို့တွင် သားလေးဦး၊ သမီးလေးသုံးဦး ရှိသည့်အနက် မောင်တေးလေးသည် ခြောက်ဦးမြောက်ဖြစ်သည်။

No comments:

Post a Comment