KT
ယနေ့ ကျရောက်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး နေ့တွင် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPPနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီအင်အားစုFDBတို့မှ မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန်အတွက် ဆန္ဒပြု လတ်မှတ် ကောက်ယူ သည့် လှုပ်ရှားမှုကို စတင်လုပ်ဆောင်လိုက်သည်။
ထိုင်းနိုင်ငံအပါအ၀င် နိုင်ငံပေါင်းဆယ်နိုင်ငံတွင် ထိုလှုပ်ရှားမှုကို လုပ်ဆောင်မှာဖြစ်ပြီး လတ်မှတ်ပေါင်း ရှစ်သိန်း ရှစ်သောင်း ရှစ်ထောင် ရှစ်ရာနှင့်ရှစ်ခုရအောင် လုပ်ဆောင်သွားမည်ဟု အေအေပီပီမှ ကိုတိတ်နိုင်က အခုလို ပြောသည်။
“ဒီမှာရှိနေတဲ့ ကျနော်တို့ လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းများနဲ့ စုပေါင်းပြီးတော့ ကျနော်တို့နိုင်ငံရေးအကျဉ်း သားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို ဒီနေ့ကနေစပြီးတော့ လှုပ်ရှားမှုကို စတင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာဆိုရင် ဘန်ကောက်၊ချင်းမိုင်၊မဲဆောက်အပါအ၀င် နိုင်ငံပေါင်းဆယ်နိုင်ငံမှာ ဒီကနေ့ကစပြီးလှုပ်ရှားမှုကို စတင်ပါပြီ။ ဆိုတော့ ကျနော်တို့က ဆန္ဒပြုလတ်မှတ်ကောက်ယူမှာ ဖြစ်ပါတယ်။ လတ်မှတ်ပေါင်းက ကျနော်တို့ ၈၈၈၈၈၈ခု ရအောင်အထိ ကျနော်တို့ ကြိုးစားသွားမှာပါ”
လှုပ်ရှားမှုပြုလုပ်သည့်ကာလမှာ ၇၃ရက် ဖြစ်ပြီး ဒေါ်အောင်ဆန်စုကြည်ကို ဖမ်းဆီးထားသည့် ကာလ ၆နှစ် ပြည့် မည်ဖြစ်သည့် လာမည့် မေလ၂၄ရက်နေ့အထိ ကောက်ယူသွားမှာဖြစ်ကြောင်း သူက ဆက်ပြောသည်။
“မေလ၂၄ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို နောက်ပိတ်ဆုံး ဖမ်းဆီးထားတဲ့ ခြောက်နှစ်မြောက်တဲ့နေ့ပါ။ အဲ့ဒီနေ့မှာက နအဖက ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဆက်လက်ထိန်းသိမ်းထားလို့ မရတော့ဘာဘူး။ တကယ်လို့ သူ့ကို ဆက်လက်ထိန်းသိမ်းထား မယ်ဆို လို့ရှိရင် တော့ ထောင်ချရင်ချ မချရင်ပြန်လွတ်ရမယ်ဆိုတဲ့ နှစ်ခုပဲ ရှိပါတယ်။ သူတို့ချမှတ်ထားတဲ့ ဥပဒေက လုံးဝကို ပြည့်သွားပါပြီဆိုတော့ အဲ့ဒီနေ့ကို ကျနော်တို့ နောက်ဆုံး အနေနဲ့ ကောက်ယူမှာပါ။ ပြီးရင်ကျနော်တို့ ရရှိထားတဲ့ လတ်မှတ်တွေကို ကျနော်တို့ ဖြစ်စေချင်တဲ့ မျှော်မှန်း ထားတဲ့ တောင်းဆိုချက်တွေနဲ့အတူ ကျနော်တို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ဆီကို ကျနော်တို့ တင်ပြမှာပါ ပြီးတော့ မစ္စတာဘန်ကီမွန်းကနေပြီးတော့ ကုလသမဂ္ဂရဲ့လုပ်ကိုင်ခွင့်အပြင် အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပုဂ္ဂလိက အနေနဲ့ပါ မြန်မာနိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးဖို့ နအဖကိုအရေးယူ ဆောင်ရွက်ပေး ဖို့ကို ဆက်လုပ်သွားဖို့ကို ကျနော်တို့ လုပ်ဆောင် သွားမှာပါ။”ဟု ကိုတိတ်နိုင်က ပြောသည်။
လှုပ်ရှားမှု ပြုလုပ်မည့်နိုင်ငံများမှာ အိန္ဒိယ၊ မလေးရှား၊ ကိုးရီးယား၊ ဂျပန်၊ အင်ဒိုနီးရှား၊ သြစတျေးလျား၊ လန်ဒန်၊ ဟောင်ကောင် စသည့် နိုင်ငံပေါင်း ဆယ်နိုင်ငံမှဖြစ်ပြီး လှုပ်ရှားမှုအား ပါဝင်ဆောင်ရွက်ပေးမှုအတွက် နိုင်ငံပေါင်း ၂၄နိုင်ငံမှ အဖွဲ့အစည်းပေါင်း ၁၆၇ဖွဲ့မှ သဘောတူထားပြီးဖြစ်သည်ဟု အေအေပီပီက ဆိုပါသည်။
အေအေပီပီနှင့် အက်ဖ်ဒီပီတို့မှ ယခုလိုလှုပ်ရှားမှုမျိုးလုပ်ဆောင်ရန် ယမန်နှစ်ကတည်းက ကော်မီတီဖွဲ့ထားပြီး သားဖြစ်ကြောင်း သို့သော် ယမန်နှစ်က နာဂစ်မုန်တိုင်းကျရောက်ခဲ့သည့်အတွက် မုန်တိုင်းအတွက် ပိုအသားပေးလုပ်ဆောင်နေရသဖြင့် ယခုနှစ်မှ ပြန်လည် စတင်နိုင်ခြင်း ဖြစ်သည်ဟုသိရသည်။
ယခုလိုလုပ်ရှားမှုမျိုးကိုလည်း အေအေပီပီမှ ၂၀၀၄ခုနှစ်က နယ်စပ်တလျှောက်တွင် တကြိမ်လုပ်ဆောင် ခဲ့ဖူးသည်။ ယခုနှစ် လုပ်ဆောင်ရာတွင် ကမ္ဘာ့လုံးဆိုင်ရာမှ အဖွဲ့အစည်းများမှ အသိအမှတ်ပြု ပါဝင်ကူညီ ဆောင်ရွက်ကြမှာ ဖြစ်သည်ဟု အေအေပီပီက ပြောသည်။
“ဒီနေ့ဒီချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့လိုပါပြီး ဒီမိုကရေစီအရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပထမခြေလှမ်းကို စမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးဖို့ လိုမယ်ဆိုတာကို အဓိက ကျနော်တို့ထောက်ပြတာပါ လွတ်တယ်မလွတ်ဘူးဆိုတာတော့ နအဖနဲ့သတ်ဆိုင်ပြီးတော့ ပြည်တွင်းရဲ့ ဖိအားတွေ ပြည်ပရဲ့ဖိအားတွေနဲ့လည်း သက်ဆိုင်နေမယ် ထင်ပါတယ်။”ဟု ကိုတိတ်နိုင်က ပြောသည်။
အေအေပီပီ၏ စာရင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၁၈၂ယောက် ရှိသည်။
No comments:
Post a Comment