Sunday, March 29, 2009

ရွှေပြည်တော် မျှော်တိုင်းဝေး


ဤခေါင်းစဉ်ကား ယခု ထွက်ခွာမည့် သင်္ဘောကြီး ၏ ခရီးစဉ်ဖြစ်သည်။ သဘောင်္ကြီးကား ငါ့မြင်းငါစိုင်း ဟု အမည်တွင်၏။ မာလိန်မှူးကား သင်္ဘော ဆိပ်ကမ်းက မခွာမီ ယူနီဖောင်း အပြည့်အစုံ ၀တ်ဆင်လျက် သင်္ဘောဦးရှိ ကုလားထိုင် ပေါ်တွင် ဇိမ်ကျကျ၊ စတိုင်ကျကျ ထိုင် လျက် ၀ီစကီကို ကျိုက်၊ စီးကရက်ကို ဖွာရှိုက်လျက်ရှိသည်။

ကမ်းပေါ်တွင်မူ ဂုဏ်သရေရှိ လူကြီးလူကောင်းများ သူ့အုပ်စုနှင့်သူ ရှိနေကြသည်။ သင်္ဘောထွက်ခွာမည့် ခရီးစဉ်ကို မကြိုက်နှစ်သက်သလို ကြိုဆိုဧည့်ခံ နေရာချထားရေးမှာလည်း ညံ့ဖျင်းလှသဖြင့် လိုက်ရကောင်းနိုး၊ နောက်တစီးကို စောင့်ရကောင်းနိုး ဖြစ်နေလေ၏။ ဤနေရာတွင်မူ သဘောင်္တစီးနှင့်တစီး အချိန်ကွာခြားချက်မှာ အနှစ် ၂၀ ခန့် ကြာပေသည်။ ထို့ကြောင့် စောင့်ရဖို့မှာလည်း စိတ်မောစရာကောင်းသလို လိုက်ရဖို့မှာလည်း စိတ်တိုင်းကျစရာ မရှိသည့် ခရီးစဉ် ဖြစ်နေသည်။

မြို့မိမြို့ဖ တချို့က သင်္ဘောပေါ်တက်ဖို့အရေး လူကြီးလူကောင်း ဂုဏ်အင်္ဂါနှင့် လျော်ညီစွာ ဧည့်ခံခင်းကျင်းစေလိုသည်။ ရွှေထီး၊ ရွှေဖိနပ်၊ ရွှေဝေါ၊ ရွှေကုလားထိုင်တို့ဖြင့် သိုက်မြိုက်စွာ တက်လိုသည်။ ဖြစ်နိုင်လျှင် ရွှေကုန်းဘောင်ပါ ထိုးပေးစေလိုသည်။ မာလိန်မှူးမှာမူ ယဉ်ကျေးဖွယ်ရာ မရှိသော မျက်နှာထားဖြင့် တောင်းဆိုချက်မှန်သမျှကို တွင်တွင်ကြီး ပယ်ချလျက် ၀ီစကီကျိုက်မပျက်၊ စီးကရက် ရှိုက်မပျက် ရှိလေသည်။

တဖြည်းဖြည်းနှင့် သင်္ဘောထွက်ခွာရန် ရေတက်ချိန် ရောက်လာပြီး သတ်မှတ်ချိန် ၂၀ နာရီ ၁၀ မိနစ်တွင် ထွက်ခွာမည့်အကြောင်း စပီကာနှင့် အော်ဟစ်လေသည်။ သူတစု၊ ကိုယ်တစု တောင်ရှည်ပုဆိုးကြီးများနှင့် ခေါင်းပေါင်းစ တထောင်ထောင် မြို့မိမြို့ဖများမှာ တချို့က ခပ်တင်းတင်းပင် တောင်းဆိုတာမရလျှင် နေခဲ့ကြမည်ဆို၏။ တချို့က ခရီးစဉ်ကို မကြိုက်သော်လည်း မာလိန်မှူး၏ ငါ့မြင်းငါစိုင်း သဘောင်္ကြီးကို မနှစ်သက်သော်လည်း နောက်တကြိမ် သင်္ဘောဆိုက်ဖို့ နှစ် ၂၀ မက ကြာကောင်းကြာမည်ဖြစ်ရာ ယခုလက်ရှိ သဘောင်္နှင့် ရောက်သလောက် လိုက်သွားပြီးမှ ကိုယ့်ခရီးကိုယ်ဆက်ဖို့ စီစဉ်ကြလေ၏။

သင်္ဘောကြီးကား ထွက်ခွာကာနီးပြီဖြစ်၍ အချက်ပေးဥဩ ဆွဲလေသည်။ တချို့လည်း တောင်ရှည်ပုဆိုးမ၍ ကသုတ်ကရက် ပြေးတက်ဖို့ ပြင်ဆင်ကြ၏။ တချို့လည်း လိုက်ရမည်လို၊ နေရစ်ရမည်လို ဝေခွဲမရ။ နောက်လာမည့် သင်္ဘောကို လှမ်းမျှော်ကာကြည့်ရင်း သက်ပြင်းချကြ၏။ သင်္ဘောကပ္ဗတိန် မာလိန်မှူးကြီးကား စုတ်ပဲ့စွာ ပြုံးရင်း သူ့စိတ်ကြိုက် ခရီးစဉ်ကို စဉ်းစားကြည်နူးနေလေ၏။

တစုသော မြို့မိမြို့ဖ တဖွဲ့ကား သားကတဖက်၊ သမီးကတဖက်၊ ယောက္ခမက တဖက်နှင့် အုတ်အုတ်ကျက်ကျက် ဖြစ်လျက် တွန်းတွန်းထိုးထိုး ရှိကြလေ၏။ ယောက္ခမကြီးတို့ကား လူကြီးပီပီ ရသမျှနှင့် တင်းတိမ်ဖို့၊ လူငယ်တို့ကား အပြည့်မှ မရလျှင် တ၀က်နှင့် မကျေနပ်နိုင် ဆို၏။ တချို့ကား ကိုယ့်လူကိုယ့်ဘက်သား၏ အရိပ်အကဲကို အကဲခတ်လျက်ရှိ၏။

ရွှေထီး၊ ရွှေကျိုင်း၊ ရွှေသိုင်း၊ ရွှေဝေါ၊ ရွှေထိုင်ခုံ ပါမှ အခမ်းအနားပါမှဟု တင်းခံရစ်သူတို့က မရမနေ ဇွဲကြီးနေလေ၏။ မာလိန်မှူးကား လှုပ်လီလှုပ်လဲ့ရှိသော ကုန်းဘောင်ကို ထိုးပေး၏။ ညစ်ပတ်ပေရေနေသော နေရာထိုင်ခင်းတို့ဖြင့် ဧည့်ခံ၏။ ထိုင်ချင်ထိုင် မထိုင်ချင်နေ၊ လိုက်ချင်လိုက် မလိုက်ချင်နေ သင်္ဘောကား သတ်မှတ်ချိန်အတိုင်း အတိအကျ ထွက်ခွာမည်ဟု သဘောရနေ၏။

မြို့မိမြို့ဖတို့နောက်မှ အကဲခတ်နေကြသော မြို့ခံလူအုပ်ကြီးကား ကိုယ့်လူကြီးများ ဘယ်သို့ဘယ်ပုံ လှမ်းကြမည်ကို စိတ်စောနေ၏။ ဟန်မှဟန်ပါ့မလား တွေးကြ၏။ ကိုယ့်လူကြီးများ တောင်းဆိုနေကြသော ရွှေထီး၊ ရွှေခမ်းရွှေလမ်းတို့ကား ပေါ်လာမည်မထင်။ သင်္ဘောပေါ်တွင်လည်း ဘယ်တုန်းကမှ မရှိခဲ့ဘူး။ မြို့မိမြို့ဖတို့ကား တွေဝေနေ၏။ မြို့ခံလူအုပ်ကြီးကား ပြူးကြောင်ကြည့်နေ၏။ ငါးမရလည်း ရေချိုးပြန်မည့်သူများကား သင်္ဘောပေါ် အလုအယက် တက်ကြ၏။ သင်္ဘောဦးမှ မာလိန်မှူးကြီးကား မည်သူ့ကိုမျှ အရေးစိုက်ဟန် မရှိသော်လည်း ကျေနပ်နှစ်သိမ့်နေပုံ ရလေ၏။ ငါ့မြင်းငါစိုင်း သင်္ဘောကြီးကား ရှေ့တွင် စောင့်မျှော်နေသော လှိုင်းကြားလေကြား၊ မုန်တိုင်းကြား ဇွတ်တိုးသွားမည် ပြင်နေ၏။ ရှေ့တွင်စောင့်မျှော်နေသော ကျောက်ဆောင် ကျောက်တန်းတို့ကို ခေါင်းခံပြီး တိုက်မည့် ပဲ့ကိုင်နှင့် ရေကြောလေကြော နားမလည်သော ခရီးသွားတို့ကား အကြောင့်အကြ ကင်းနေသည်လော။ စိတ်ဖောက်နေသည်လော အမှန်ပြောဆိုရန် ခက်ပေလိမ့်မည်။

လူတချို့ကား သင်္ဘောခရီးစဉ် မှားနေပြီဟု ပြောဆိုနေကြ၏။ သည်ခရီးသည် မိမိတို့လိုရာသို့ မရောက်နိုင်ဟု ကြီးမားလှသော ဉာဏ်ဖြင့် သုံးသပ်ကြလေသည်။ တချို့ကား နောက်သင်္ဘောစောင့်ရင်း အလုပ်မပျက် လုပ်ကိုင်ရင်း ကျွဲကူးရေပါ စခန်းသွားလိုကြ၏။ မြို့ခံလူထုကြီးကား မြို့မိမြို့ဖများကို မှာစရာရှိသည်များ မှာကြားထားပြီဖြစ်၍ ခရီးဘယ်လိုဆက်မည် ဆိုသည်ကို သိလိုကြ၏။ သည်လမ်း၊ သည်စခန်းတွင် ကိုယ်ပိုင်သင်္ဘောလည်း မဆောက်နိုင်၊ မ၀ယ်နိုင်၊ ခရီးကြုံသဘောင်္ကိုလည်း စိတ်တိုင်းမကျ စောင့်ရမည်ကိုလည်း မနှစ်သက်၊ မထွေးနိုင် မမျိုနိုင် ဖြစ်နေလေသည်။

မည်သို့ဆိုစေ ၂၀ နာရီ ၁၀ မိနစ်အတွင်း ထွက်ခွာမည့် ရွှေပြည်တော် မျှော်တိုင်းဝေး သဘောင်္ခရီးစဉ်ကြီးကို မောင်းနှင်တော့မည့် ငါ့မြင်းငါစိုင်း သဘောင်္ကြီးကား ဘယ်လူးညာလူးရင်း လှိုင်းအထပ်ထပ်ထဲ တိုးဝင်သွားပေတော့မည်။

No comments:

Post a Comment