Monday, March 23, 2009

စက်မှု (၁) ၀န်ကြီးဌာနမှကြံ့ဖွံ့အမတ်လောင်း (၃) ဦးလျာထား

NEJ / မတ်လ(၂၃) ရက်၊ ၂၀၀၉

ဝန်ကြီး ဌာနပေါင်းစုံမှ ပင်စင်ယူကာနီး အကြီးတန်း အရာရှိများကို ကြံ့ဖွံ့ အမတ်လောင်း အဖြစ် လျာထားရာ စက်မှု (၁) ၀န်ကြီး ဌာနမှ ဦးဆောင်ညွှန်ကြား ရေးမှူး (၃) ဦးပါဝင် သည်ဟု စက်မှု (၁) ၀န်ကြီးရုံး အရာရှိ တဦးက ပြောသည်။

နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ရှိ အထည်အလိပ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးသိန်းမောင်အား ရခိုင် (ကြံ့ဖွံ့) လွှတ်တော်ကိုယ်စားလှယ်၊ ထွေထိန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမောက်အား မလှိုင် (ကြံ့ဖွံ့) လွှတ်တော်ကိုယ်စား လှယ်နှင့် စက္ကူဓာတုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်အား မိုးညှင်း(ကြံ့ဖွံ့) လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျာထား ကြောင်း အဆိုပါ အရာရှိက ပြောသည်။

အဆိုပါ ဦးဆောင်ညွှန်ကြားရေးမှူး (၃) ဦးလုံး စစ်ဘက်အရာရှိများသာဖြစ်ပြီး ပင်စင်သွားတော့မည့်သူများ ဖြစ်သည်။

ရွေးကောက်ပွဲဥပဒေ မထုတ်ပြန်သေးသဖြင့် ကြံ့ဖွံ့ပါတီကို တရားဝင် နိုင်ငံရေးပါတီ ပြောင်းကြောင်း မကြေညာသေး သော်လည်း ကြံ့ဖွံ့ပါတီအတွက် စည်းရုံးရေးလုပ်ငန်းများကိုမူ သက်ဆိုင်ရာဝန်ကြီးများက တိုင်းအလိုက် စည်းရုံးရေး ဆင်းနေသည်မှာ ၂၀၀၈ ခုနှစ်ကတည်းက ဖြစ်သည်။ သဘောမှာ ရွေးကောက်ပွဲနီးမှ ကပ်ပြီး ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်သည့်အခ်ျိန် အခြားပါတီများ စည်းရုံးရေးစရန် ပြင်နေချိန်တွင် ကြံ့ဖွံ့ပါတီက တနိုင်ငံလုံး စည်းရုံးထားပြီး ဖြစ်နေအောင် ကြိုတင်လျှို့ဝှက် အကွက်ရိုက်ထားသည်ဆိုသည့် သဘောဖြစ်သည်ဟုလည်း အဆိုပါအရာရှိက ပြောသည်။

အချို့မြို့နယ် အတော်များများရှိ နယ်မြေခံ ချမ်းသာသည့် ကြံ့ဖွံ့တာဝန်ခံများကလည်း ၂၀၁၀ ရွေးကောက်ပွဲ အတွက် ကြံ့ဖွံ့ ပါတီကိုယ်စား လှယ် အရွေးခံနိုင်ရန် မျှော်လင့်ထားရာ ယခုကဲ့သို့ အရွေးခံမည့် ၀န်ကြီးဌာန အကြီးအကဲများနှင့် ထိပ်တိုက်ပြဿနာဖြစ်မည့် အလား အလာများလည်း ရှိနေသည်ဟု နေပြည်တော်ဝန်ကြီးဌာန များကြား ခန့်မှန်းပြောဆိုနေကြသည်။

ကြံ့ဖွံ့ပါတီအတွက် အရွေးခံမည့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များသည် လောလောဆယ် တာဝန်ထမ်း ဆောင်နေသည့်အတွက် ၎င်းတို့၏ ဌာနဆိုင်ရာ ငွေကြေးသုံးစွဲခွင့် လုပ်ပိုင်ခွင့်များကို အသုံးချပြီး ကြံ့ဖွံ့အတွက် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် အရာရှိတဦးကလည်း ပြောသည်။


No comments:

Post a Comment