Wednesday, April 1, 2009

ဝန်-ဝန်ကြီး-ဝန်ထောက် ဟူသောဝေါဟာရသို့

ရတနာပုံ ဖိုးမှတ်စု (ရွှေကိုင်းသား)

မြန်မာမှုတရပ်ကို ထုတ်ဖော်တင်ပြသည့်အနေဖြင့် ရှေးမြန်မာမင်း များ လက်ထက်အခါက ဘွဲ့တံဆိပ် အမည်ပေးပုံတို့ကို ယခုပြည်ထောင်စုခေတ်တွင်ပေးသော လွတ်လပ်ရေးဘွဲ့တံဆိပ် များနှင့် နှိုင်းယှဉ်ပြီးလျှင် ဖော်ပြလာခဲ့သည်မှာ ဆောင်းပါး (၂) ပတ်ပင်ရှိသွားပေပြီ။ ယခုအပတ်တွင်ကား ထိုဆောင်းပါးများ၏ နောက် ဆက်တွဲအနေဖြင့် ယခုခေတ်တိုင်အောင် ခေတ်စားဆဲဖြစ် သော “ဝန်မင်း” ဟူသောဝေါဟာရကို စိစစ်ဝေဖန်၍ တင်ပြလိုပေ သည်။

ဝန်ဟူသည်ကား…

ဝန်မင်းဟူသော မြန်မာဘာသာ ဝေါဟာရဖြစ်ပေါ်လာပုံကို ဝေါဟာရလိနတ္တ ဒီပဏီကျမ်းပြုဆရာက ဤသို့ကြံဆ၍တင်ပြခဲ့ ပေသည်။ ပေတဝတ္ထုအဋ္ဌကထာတွင် ရဇ္ဇဘာရုံ၊ ပြည်၏ဝန်ကို၊ အမစ္စေသု၊ အမတ်တို့နှိုက်၊ အာရောပေတွာ၊ တင်ထားခဲ့၍၊ မဝလုဒ္ဒပဒေသေန၊ မုဆိုး၏နည်းဖြင့်၊ သန္နဒ္ဓဓနုကလာပေါ၊ ဝတ်ဆင်အပ်သော ချပ်-လေး-မြား-တောင့် ရှိသည်ဖြစ်၍ ခဂ္ဂ၊ ဥန်လျက်ကို၊ ဗန္ဓိတွာ ဖွဲ့၍ဟု ဗရာဏသီမင်းကြီးဟိမဝန္တာသို့ ဝင်သောအခါ မှူးမတ်တို့အား ဝန်ပြု၍ အပ်ထားခဲ့ကြောင်းဆိုသည်။ ၅၅ဝ နိပါတ်၊ ဘလ္လတိယဇာတ် စသည်များမှာလည်း ထိုနည်းတူဆိုသည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန် စံယူတော်မူခါနီးတွင် သိကြားမင်းအား သီဟိုဠ်ကျွန်းကို စောင့်မကြည့်ရှုရမည်အပ်၍ သိကြားမင်းလည်း ဥပ္ပလပတ္တနတ်သားကို ဝန်ပြု၍စောင့်ရှောက်စေကြောင်းကို မဟာဝန်ကျမ်း။ မဏိကုဏ္ဍလ ဝတ္ထုများတွင်ဆိုသည်။ မြန်မာဘာသာမှာ ဘာရ သဒ္ဒါအနက်ကိုယူ၍ ဝန်မင်း ခေါ်ဝေါ်ကြသည်ဟု ယူသင့်သည်။ အဓိပ္ပာယ်မှာ တိုင်းရေးပြည်မှု တခုခုလစ်ဟင်းယိုယွင်းလျှင် ထိုအမတ်၏ တာဝန်ဖြစ်သည်ကို အစွဲပြု၍။ ဝ-အက္ခရာ န-သတ်နှင့် ဝန်ဖြစ်သည်။ တာ သဒ္ဒါကားစောင့်ရှောက်ခြင်းအနက်ရသည်ဟူ၍ ဆိုထားပါသည်။

ယခုအခါ ဝန်ကြီးဆိုသူများ တိုင်းပြည်၏ဝန်ကို အသီးသီးခွဲဝေ၍ တာဝန်ယူဆောင်ရွက်နေသည်များနှင့် ထပ်မိပေ သည်။ ယင်းသို့လည်း တိုင်းပြည်လူထုက သဘောပိုက်လျက်ရှိကြပေရာ တိုင်းရေး ပြည်မှု တခုခု လစ်ဟင်း ယိုယွင်း လျှင် ယွင်းယိုသည့်အလျောက် ဆိုင်ရာတာဝန်ခံလူကြီးများမှာ ခေါင်းကြိမ်းလုမတတ် ပြစ်တင်ဝေဖန်ခြင်းကို ခံရတတ်ပေသည်။ ပြည်သူလူထုတကယ် မျက်စိပွင့်သော ပြည်ဖြစ်ဘိမူကား။ ထိုဝန်ကြီးမှာ ဝန်ကြီးရာထူးမှ နုတ်ထွက်ပေးရတတ်၍ ပေးနိုင်အောင်လည်း ပြည်သူ့လက်ဝယ် တန်ခိုးအာဏာ ရှိနေကြပေသည်။ စင်စစ်ဝန်ကြီးဆိုသူများမှာ ပြည်သူလူထု၏မဲဆန္ဒဖြင့် အစိုးရအဖွဲ့တွင် ဝင်ရောက်ပြီးနောက် ပြည်သူ့ကိုယ်စား တိုင်းပြည်တာဝန် ထမ်းဆောင် နေသူ တစ်ယောက်မျှသာဖြစ်၍ တာဝန်ကျေလျှင် ကျေပွန်သည့်အလျောက် ဝန်ကြီးနေရာတွင် တည်မြဲနေနိုင် ပေသည်။

ရှေးပဒေသရာဇ်ခေတ်ကမူကား တိုင်းပြည်လူထုဆန္ဒနှင့် ဟပ်ရသည်မျိုးမဟုတ်ဘဲ။ မျိုးရိုးဂုဏ်အင်အလိုက် ဘုရင်များ ချီးမြှင့်ရာဖြစ်ကြရ၍ ယင်းဝန်ကြီးများ ဝန်ကြီးဘဝ တည်မြဲမှု မတည်မြဲမှုသည် တိုင်းပြည်တာဝန်ကို ကျေပွန်စွာဆောင်ရွက်မှု မဆောင်ရွက်မှုထက် ဘုရင့်အလိုတော်ကျမှု မကျမှုအပေါ်တွင် တည်နေသည်ကို တွေ့ရသည်။ ယင်းသို့ဖြစ်ရသည်မှာ သူ၏ကိုယ်စား ပြရသူသည် ပြည်သူလူထုမဟုတ်ဘဲ ဘုရင်ဖြစ်နေသောကြောင့် ပေတည်း။ မည်သို့ပင်ဖြစ်စေကာမူ ဝန်ကြီးဆိုသူသည် ဝန်ဟူသောအမည်ပညတ် ချက်နှင့်အညီ တိုင်းရေးပြည်မှု တို့ကို သူ့ခေတ်နှင့်အညီ တာဝန်ယူဆောင်ရွက်နေရသူများသာ ဖြစ်ကြပေသည်။

အောက်ပါမင်းကြီးစကားမှာ မဃဒေဝလင်္ကာသစ် အမစ္စောဝါဒခန်း ပုဒ်ရေ (၄၇၃) မှ ကောက်နုတ်ချက်ဖြစ်၍ ရှေးပဒေသရာဇ်ခေတ်က ဝန်ဆိုသူများ၏တာဝန်နှင့် ဘုရင့်ပေါ်ကိုယ်စားပြုနေရပုံတို့ကို တင်ပြထားသလို ရှိနေပေသည်။ ယင်းသည်ကား “ရွှေသားစလွယ်၊ ရာကြီးငယ်တိ၊ သုံးသွယ်ခြောက်သွယ်၊ ကိုးသွယ်ဆယ့်နှင့်၊ ဂုဏ်ရည်စစ်၍ သင်းကျစ်ဘွဲ့မည်၊ ထီးစည်ကျိုင်းချက်၊ ဆောင်အယွက်နှင့်၊ လွှတ်တင်ရုံးတိုင် ရွှေကွန်းပိုင်က၊ နိုင်ငံပြည်ရေး၊ စုရေးငန်းရပ်၊ ငါဝန်အပ်တိုင်း၊ မလပ်ဆော်ဘန်၊ ကိုယ့်တာဝန်ကို၊ မလွန်စေမှု၊ လုံ့လပြု၍ မျှော်ရှုပညာ ဆောင်တက်စွာတည့်၊ လိမ္မာတတ်ပွန်၊ အိုမတ်ဝန်တို့” ဖြစ်ပေသတည်း။

ဝန်အစ

“ထိုဝန်ဟူသော မြန်မာဘာသာဝေါဟာရကား မင်းတရားရွှေထီးလက်ထက် သက္ကရာဇ် ၉ဝ၂ ခုတွင် မုတ္တမမြို့စား ဒေါဗညားကို လုပ်ကြံသည့်ကာလ သမိန်ပရူသင့်အောင် စီရင်လေအမိန့်တော်ရှိ၍ လှေတပ်ကို ဝန်ချုပ်ခံ့တော်မူ လေသည်ဟု ဆိုလေသည်။ ထိုကစ၍ ဝန်ခန့်ရိုးတွင်သည်။ ရာဇဝင်များတွင် သည့်အလျင် ဝန်ဟူသောစကားကို မတွေ့ဖူးချေ။ သည်တွင် ဝန်အစဟု မှတ်ရမည်” ဟု ဝေါဟာရလိနတ္တ ဒီပဏီဆရာ မိန့်ဆိုထားခဲ့ရာကား “ဝန်အစ မင်းတရာရွှေထီးလက်ထက်က” ဟု အမှတ်အသား ပြုထားသင့်ပေတော့သည်။

ယင်းသို့ မင်းတရားရွှေထီးလက်ထက်တွင် လှေတပ်ကို ဝန်ချုပ်ခန့်ရာမှစ၍ နောင်အခါတွင် လွှတ်တော်တက်၍ တိုင်းရေးပြည်မှုတာဝန်ကို ထမ်းဆောင်ရသည်အထိ အဆင့်အတန်းမြင့်ခဲ့ပေသည်။ ပုဂံပြည်တွင် ဇေယသိင်္ခမင်း ဖြစ်သောအခါ နောင်တော်လေးပါးကို ပြည်ထဲရေးရာမှုခင်းများ စီရင်စေရန် ခွင့်လွှတ်ခဲ့ဖူးသည့် ထုံးစံကြောင့် ပေလော မသိရ။ လွှတ်တော်ဝန်ကြီးမှာ (၄) ပါးမျှသာခန့်ထားရိုးဖြစ်၍ ယင်းဝန်ကြီးလေးပါးတည်းနှင့်ပင် တိုင်းရေး ပြည်မှုတို့ကို နိုင်နိုင်နင်းနင်းအုပ်ချုပ်စီမံသွားနိုင်ကြပေသည်။

မင်းတုန်းမင်းလက်ထက်တော်တွင် လွှတ်တော်ဝန်ကြီးလေးပါးမှာ ပခန်းမင်းကြီး၊ လောင်းရှေမင်းကြီး၊ ခန်းပက်မင်းကြီးနှင့် ရေနံချောင်းမင်းကြီးတို့ ဖြစ်ကြပေသည်။ ထိုမင်းကြီးလေးပါးတို့တွင်လည်း ပခန်းမင်းကြီးမှာ လေနာရောဂါရှိ၍ လောင်းရှေမင်းကြီးမှာ မြင်ကွန်းအရေးတော်ပုံတွင် ဓားထိခံရသောကြောင့် မသန်မစွမ်း ရှိနေခြင်းနှင့် ခန်းပတ်မင်းကြီးမှာလည်း နားလေးနေသောကြောင့် ကျန်းမာသန်စွမ်းသော ရေနံချောင်းမင်းကြီး တပါးတည်းနှင့် တိုင်းရေးပြည်မှုတို့ကို ထမ်းဆောင်နိုင်ပါမည်လားဟု စာမစပ်ဘဲ မနေနိုင်သော နိုင်ငံကျော် ဗန်းမော်ဆရာတော်ဘုရားက…

“ပခန်းမှာ (လေ)၊ လောင်းရှေမှာ(ထား)၊ ခန်းပတ်မှာ(နား)။ ။ ရေနံတတိုင်ချင်းနှင့် လင်းပမလား” ဟု စာချိုးပြီးလျှင် နန်းတော်ထဲတွင် စာပစ်ခဲ့သောဟူ၏။ ဤသည်ဖြင့်လည်း ဝန်ကြီးဆိုသူ တဦး၏တာဝန်သည် မည်မျှကြီးလေး၍ ထိုတာဝန် မကျေပွန်ပါကလည်း အသက်ဦးဆံပိုင်သော ပဒေသရာဇ်ခေတ်က ဖြစ်စေကာမူ တတ်နိုင်သလို ဝေဖန်ခဲ့ ဖူးကြောင်း သာဓကတခုပင် ဖြစ်တော့သည်။ တိုင်းပြည်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရမည့် တာဝန်ခံ ဝန်ကြီး တဦးသည် တိုင်းပြည်အား သူ့ကြောင့် ဝန်မတက်စေသင့်သည်မှာ ပဒေသရာဇ်ခေတ်ဟောင်းမှာပင်ဖြစ်ဖြစ်၊ ပြည်သူ့ ဒီမိုကရေစီ ခေတ်သစ်မှာပင်ဖြစ်ဖြစ် လက်ခံထားရမည်ဖြစ်ပေသတည်း။

ဝန်ထောက်

ဤတွင် ဝန်မင်းဟူသော ဝေါဟာရနှင့်ဆက်သွယ်ပြီး “ဝန်ထောက်” ဟူသော စကားလုံးလည်း အတော်ပင် တွင်ကျယ်ခေတ်စားလျက် ရှိနေပေသည်။ ထိုဝန်ထောက်ဟူသော ဝေါဟာရကို ယခုခေတ်တွင် အများသူငါ နားလည်နေကြသည်မှာကား ဝန်ကြီးများလက်အောက်က လက်ထောက်အရာရှိဖြစ်၍ ဝန်ကြီးများကို ကူညီရသူ အဖြစ်ဖြင့် သိနားလည်နေကြပေသည်။ ယင်းသဘောအတိုင်း ရှေးခေတ်ဝန်ထောက် ဆိုသူများ၏ တာဝန်ကို အတိအကျ သတ်မှတ်ထားသည်ကို အမိန့်တော်မှတ်တမ်းများတွင် တွေ့ရှိရဖူးလေသည်။

သက္ကရာဇ် ၁၂၁၆ ခု၊ ဝါခေါင်လပြည့်ကျော် (၅) ရက်နေ့ နားခံမင်းထင်ရာဇသီဟသူတွင် ပြန်သည့် အမိန့်တော်တခု တွင် “ဝန်ထောက်တို့သည် ဝန်တို့မေ့ကျန်သည်ကို ထောက်မလျှောက်ထားစေမည်။ ခန့်တော်မူသည်ဖြစ်လျက် မထောက်မ-မ၊ မလျှောက်ထားသောကြောင့် နိုင်ငံတော်အတွင်း အရပ်ရပ် အမှုထမ်း လူတို့ကို သားတိုးမြေးပွားနှင့် တကွ စာရင်းကောက်၍ ပြည်သူဆင်းရဲသားတို့ ဆင်းရဲပင်ပန်း ရှိကြောင်းကို ကြားသိတော်မူရသည်။ ဝန်ထောက်တို့ ကို နေလှန်းရာဇဝတ်စီရင်” ဟူ၍ ပါရှိသည်ကို ထောက်သော် ဝန်ထောက်ဆိုသူများ၏ တာဝန်မှာ လက်ထောက် အနေမျှသာမဟုတ်ဘဲ ကြီးလေးသော တာဝန်များကိုပင် ထမ်းဆောင်နေသူဟု နားလည်နိုင်ကြပေသည်။

ထိုဝန်ထောက်ဟူသော ဝေါဟာရ၏ အဖွင့်ဋီကာနှင့်တူသော ဝန်ထောက်ခန့်အမိန့်တော်ပြန်တမ်းတစောင်ကို ဖော်ပြလိုပေသေးသည်။ ယင်းဝန်ထောက်ခန့် အမိန့်တော်ပြန်တမ်းဖြစ်၍ စစ်မဖြစ်မီခေတ်က ပုရပိုက်မူမှတဆင့် ကူးယူရရှိသည့်အတိုင်း ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။

ဝန်ထောက်ခန့်ပြန်တမ်း

ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော ရေမြေ့အသျှင်။ ဆဒ္ဒန်ဆင်မင်းသခင်ဖြူများရှင်၊ လက်နက်စကြာသခင်၊ အသျှင်ဘဝရှင်မင်းတရားကြီး အမိန့်တော်ရှိသည်။ မိုင်းထားမြို့စား မင်းကြီးမင်းလှ မဟာမင်းကျော်ကို ဝန်ထောက် ခန့်တော်မူသည်။ သို့ခန့်တော်မူကြောင်းလည်း မိုင်းထားမြို့စား မင်းကြီး မင်းလှမဟာမင်းကျော်သည် ကျေးဇူးသစ္စာတော်နှစ်ပါးကို စောင့်သိရိုသေစွာ အမှုတော်ကို ဖြောင့်ဖြောင့်ရိုးရိုးကြိုးစားအားထုတ် ထမ်းရွက်မည့်သူ ယုံမှတ်သနားတော်မူသည် ကျွန်တော်မျိုးဖြစ်သောကြောင့် ဝန်တို့ကို ထောက်မ လှုံ့ဆော်စိမ့်မည် ဝန်ထောက်ခန့်တော်မူသည်။

ဝန်ထောက်ဆိုသည့်အလျောက် ငါအရှင်ဧကရာဇ် မင်းမြတ်ဖို့တွင် ဝန်တို့သည် ပြည်ရေးရွာမှုမှစ၍ ခပ်သိမ်းသော စီရင်ဘွယ် စီရင်ခင်းအလုံးစုံတို့ကို မလစ်မဟင်းရအောင် ရှေ့နောက်မြော် ထောက်၍ ခန့်ထားစီရင်ရန် အလွန်ကျယ် ဝန်းလှလေသည်။ ထိုသို့ကျယ်ဝန်းလျှင်လည်း ရံဖန်ရံခါမေ့ကျန်သည့်အရာ မေ့ကျန်လေ့ တန်ရာသည်။ ဝန်တို့စီရင်ခန့်ထားသည့် အရာများတွင် မေ့ကျန်သည့်အရာရှိလျှင် သတိရှိသည်အတိုင်း သည်အရာမှာ မည်သို့အစီရင်ခံရာတွင် မည်သို့စီရင်၍ရှိသည်။ သည်အချက် မှူးမတ်တို့ ရှိခိုးသံတော်ဦးတင်ရာတွင် အမိန့်တော် ဗျာဒိတ်တော်အတိုင်း စီရင်ပြန်ဆိုမှာထား၍ရှိသည်။ ပြသ၍အစီရင်ခံ၊ လွှတ်တော် ရုံးတော်သည် ကျွန်တော်မျိုး ဆင်းရဲသားတို့၏ ကိုးကွယ်ရာဖြစ်သောကြောင့် တယောက်ကိုတယောက် ညှဉ်းပန်းနှိပ်စက်သည်အမှုမှစ၍ ခပ်သိမ်းသော အမှုအကြောင်းအရာရှိလျှင် လွှတ်တော်မှာ အစီရင်ခံ။ အမှုအရပ်ရပ်နိုင်ငံတော် မြို့ပြကျေးရွာ အနီးအဝေးများက အစီရင်ခံရောက်သည်များမှာလည်း မထွေးမယှက်အစီရင်ခံသင့်သည့်အရာ၊ ရွှေနားတော် မြတ်ကြား ဆက်သွင်းသင့်သည့်အရာများကို စေ့စေ့ငင ထောက်ရှုမေးမြန်း၍ စစ်ကြောထွက်ဆိုချက်နှင့် စကားအရကို ထောက်၍ လှုံ့ဆော်ရမည်။ မင်းညီမင်းသား မှူးတော်မတ်တော်မှစ၍ အမှုထမ်းကျွန်တော်မျိုး အပေါင်းတို့မှာ အမှုတော်ကို ညည့်နေကြိုးစားအားထုတ် မပြတ်မလပ်ထမ်းရွက်၍ အသနားတော်မခံရ၊ ကြွင်းကျန်သည့် အရာရှိလျှင်လည်း မည်သူမည်သို့ အမှုတော်ကို ထမ်းရွက်ရည်ရှိသည် အချက်များကို ဝန်တို့ကိုပြောကြား၍ အစီရင်အလုံးစုံ စီရင်ဘွယ် စီရင်ခင်းရှိသမျှကို ဓမ္မဝတ်၊ ရာဇဝတ်၊ လောကဝတ်ကို ကျွမ်းသိနားလည်သည်နှင့်အညီ မပြတ်မလပ်လှုံ့ဆော်စီရင်။

၁၂၄၃ ခုနှောင်းတန်ခူးလဆန်း (၆) ရက်နေ့ သစ္စာတော်ခံသောက်သည်။

(လူထုဂျာနယ် မတ်လ၊ ၁၉၅၄ အမှတ် (၄၇) ပါ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)

No comments:

Post a Comment