Wednesday, April 1, 2009

မြန်မာနိုင်ငံ စီးပွားရေး ဗိုလ်ချုပ်ကြီး သိန်းစိန် ပြောသည်ထက် ၅၀ ရာခိုင်နှုန်း နည်းမည်


NEJ /ဧပြီလ(၁) ရက်၊ ၂၀၀၉

မြန်မာ နိုင်ငံ စီးပွားရေး သည် ၂၀၀၈-၂၀၀၉ ခုနှစ်၌ (၁၀.၇) ရာခိုင်နှုန်း တိုးတက်ရန် လျာထား သည်ဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က နေပြည်တော် ကုန်သည်ကြီး များအသင်း နှစ်ပတ်လည် အစည်းအဝေး မှာ ပြောသော်လည်း အမှန်တကယ် စီးပွားရေး တိုးတက်မှုမှာ (၅) ရာနှုန်း ၀န်းကျင်သာ ရှိနိုင်သည်ဟု မကြာခင်က ထုတ်ပြန်သည့် အေဒီဘီ အာရှဖွံ့ ဖြိုးရေးဘဏ်၏ အစီရင် ခံစာတွင် ထောက်ပြထားသည်။

သဘာဝဓာတ်ငွေ့ ပြည်ပရောင်းရသည့် တန်ဖိုးမြင့်တက်နေမှုကြောင့် ၂၀၀၇ ခုနှစ် မြန်မာနိုင်ငံစီးပွားရေးတိုးတက်မှု ကို အတန်အသင့် အထောက်အကူပြုနေသည့်တိုင် ဘတ်ဂျက်လိုငွေပြမှုကို ဖြည့်တင်းရန် ငွေများရိုက်ထုတ်နေရ သည့်အတွက် မြန်မာနိုင်ငံတွင် ငွေဖောင်းပွမှုနှုန်းက (၃၀) ရာခိုင်နှုန်းဝန်းကျင်ရှိနေကြောင်းလည်း အဆိုပါ အစီရင် ခံစာတွင် ဖော်ပြထားသည်။



နာဂစ်ကြောင့် လူမှုရေး၊ စီးပွားရေး ပြန်လည်ထူထောင်မှုများကို အနည်းဆုံး (၃) နှစ် အချိန်ယူ လုပ်ကိုင်ရန်လိုသည် ဟုလည်း အေဒီဘီက မှန်းထားသည်။ နာဂစ်ကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ၂၀၀၈ ခုနှစ်အတွက် မှန်းထားသည့် ဂျီဒီပီ (စုစုပေါင်း အသားတင်ပြည်တွင်းထုတ်ကုန်) ၏ (၂.၇) ရာခိုင်နှုန်းရှိသည်ဟု အေဒီဘီက ပြောသည်။ နာဂစ်ပြီးသည့် နောက် ၂၀၀၈ ခု အောက်တိုဘာမှစပြီး မြန်မာနိုင်ငံ ပို့ကုန်ကျဆင်းခဲ့ကြောင်း နေပြည်တော် အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး သိန်းစိန်က ပထမဆုံးအကြိမ် ၀န်ခံပြောဆိုသွားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ၂၀၀၀ ပြည့်နှစ်မှစ၍ (၁၀) ရာခိုင်နှုန်း မှန်မှန်တိုးတက်ခဲ့သည်ဟု စစ်အစိုးရ ကိန်းဂဏန်းများက ဖော်ပြနေသော်လည်း စွမ်းအင်အသုံးပြုမှု စသည့် ဂျီဒီပီနှင့် ဆက်နွှယ်နေသည့် အခြားအပြောင်း လဲရှိသည့် အနေအထားများနှင့် ကိုက်ညီမှုမရှိဟု အေဒီဘီက ထောက်ပြသည်။

စစ်အစိုးရ ခန့်မှန်းချက်မဟုတ်သည့် တွက်ချက်မှုများအရ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ စစ်အစိုးရခန့်မှန်း သည့် တိုးတက်မှု၏ ထက်ဝက်မျှသာရှိသည်။ အထူးသဖြင့် မြန်မာနှင့် ကုန်သွယ်ဘက်နိုင်ငံများ စီးပွားကျနေသည့် အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ၂၀၀၉ ခုနှစ်တွင် ကျဆင်းသွားရန် ရှိသည်ဟုလည်း ဖော်ပြထားသည်။

၂၀၀၇ ခုနှစ်တွင် ၀န်ထမ်းများအား လစာတိုးပေးခဲ့သော်လည်း ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် အစိုးရအသုံးစရိတ်မှာ နည်းလွန်းနေသည်။ သို့သော် ရန်ကုန် နေပြည်တော် အဝေးပြေးလမ်းမကြီးအတွက် ငွေများများသုံးနေသည့်အချက်ကြောင့် အစိုးရ ဘဏ္ဍာရေးအခြေအနေ ယိုင်သွားရန် ဖိအားဆက်ပေးနေသည်ဟု ဝေဖန်ထားသည်။

စစ်အစိုးရသည် ဘတ်ဂျက်လိုငွေပြမှုကို ထေမိစေရန်အတွက် ကျပ်ငွေများများရိုက်ထုတ်ပြီး ဖြေရှင်းသည့်အတွက် လှည့်ပတ်သုံးစွဲငွေပမာဏ တက်စေခဲ့သည်။ လှည့်ပတ်သုံးစွဲငွေပမာဏမှာ ၂၀၀၆ ခုတွင် (၃၀) ရာခိုင်နှုန်းနှင့် ၂၀၀၇ ခုနှစ်တွင် (၂၀) ရာခိုင်နှုန်းထိ များလာသည်။ အကျိုးဆက်အဖြစ် ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်များတွင် ငွေဖောင်းပွမှုက (၃၀) ရာခိုင်နှုန်းထိ ထိုးတက်သွားသည်ဟု အေဒီဘီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် ၁၉၉၆-၉၇ ခုနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံတွင်း လှည့်ပတ်သုံးစွဲငွေပမာဏ မည်မျှရှိသည်ကို စစ်အစိုးရက ထုတ်ပြန်ခြင်းမပြုခဲ့သည်မှာ ယနေ့ထိ ဖြစ်သည်။ လှည့်ပတ်သုံးစွဲငွေဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်မှတ်တမ်း အရ ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း လှည့်ပတ်သုံးစွဲငွေ ပမာဏမှာ ကျပ်ငွေ (၁,၉၅၃,၄၀၀,၀၀၀,၀၀၀) ရှိသည်။

ချုပ်ကြည့်လျှင် နာဂစ်ပြန်လည်ထူထောင်ရေးအတွက် သုံးစွဲမည့်ငွေပမာဏကြောင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသော်လည်း တရုတ်၊ အိန္ဒိယ၊ ထိုင်း စသည့် မြန်မာနိုင်ငံ၏ ကုန်သွယ်ဘက်နိုင်ငံများ စီးပွားကျနေသည့် အတွက် ထိုအချက်က မြန်မာဓာတ်ငွေ့နှင့် လယ်ယာထွက်ကုန်စည်များ ပို့ကုန်ဈေးနှုန်းများ အပေါ် ထိခိုက်စေမည်ဟု အေဒီဘီက သုံးသပ်သည်။



No comments:

Post a Comment