Wednesday, April 22, 2009

အစိမ်းနှင့် အစိမ်း - ကျောက်စိမ်းလုပ်ငန်း သဘာဝ ပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေ

ဖြူစင်လင်း

ရန်ကုန် (မဇ္ဈိမ) ။ ။ မြေအောက်၌ အလွန်တန်ဖိုးရှိသော ရတနာများ ခိုအောင်းနေသည်ကို တစုံတဦးက မတွေ့ရှိမီ လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝ လောက်ကအထိ ဖားကန့်သည် မြန်မာပြည်မြောက်ပိုင်း သစ်တောများအတွင်းရှိ အလွန် အေးဆေးငြိမ်သက်သော နေရာလေး ဖြစ်သည်။

ယခုတော့ တိုင်းပြည်၏ စီးပွားရေးမြင်ကွင်းကျယ်တွင် အရေးအပါဆုံးနှင့် အလှုပ်ခတ်ဆုံး မြို့တမြို့ ဖြစ်လာခဲ့ပြီ။ ဤနေရာသည် ကျောက်စိမ်းဟု ခေါ်သော အစိမ်းရောင် ကျောက်မျက်ကို တွေ့ရှိနိုင်ရာ ကမ္ဘာမြေပြင်ပေါ်ရှိ အဓိက နေရာအနည်းငယ်အနက် တခုဖြစ်သည်။ အရည်အသွေး ကောင်းလှသော ကျောက်စိမ်းများကြောင့် ဖားကန့်သည် နိုင်ငံတကာ ကျောက်မျက်ဈေးကွက်တွင် ရေပန်းစားလှသည်။

ဖားကန့်မြေအောက်မှ ကျောက်စိမ်းများကို ပထမဆုံး တူးဖော်ထုတ်ယူခဲ့သူများမှာ ဗြိတိသျှလူမျိုးများ ဖြစ်သည်။ ထိုအချိန်ကတည်းက ဤမြို့ငယ်လေးသည် အေးချမ်းစွာနေထိုင်ခွင့် မရတော့ပါ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက အစိုးရရော၊ သူပုန်များပါ သူတို့ဘက်ဂျက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ဤဒေသကို ထိန်းချုပ်ထားနိုင်ရန် အစဉ်အမြဲ ကြိုးပမ်းခဲ့ကြသည်။

ဆိုရှယ်လစ်ခေတ်ကလည်း ရန်ကုန်ရှိ အစိုးရအတွက် သူတို့၏ စိတ်ကူးယဉ်အိပ်မက်ဖြစ်သော မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန် ဘဏ္ဍာရေးအရင်းအမြစ် အနည်းငယ်အနက်မှ တခုဖြစ်ခဲ့သည်။ သို့သော် ဖားကန့်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေသော ဒေသခံတိုင်းရင်းသား ကချင်သူပုန်များအတွက် ဤအစိမ်းရောင် ရတနာဖြင့် ထောက်ပံ့ပေးကမ်းရန် ဘယ်အခါမှ မေ့လျော့ခြင်း မရှိခဲ့ပါ။ မြန်မာပြည်မြောက်ပိုင်းရှိ ပြည်တွင်းစစ်ပွဲမှာ ဖားကန့်ကြောင့် ဆယ်စုနှစ်ပေါင်းများစွာ တောက်လောင်ခဲ့ရသည်။ ဤနေရာသည် မြန်မာစစ်တပ်အရာရှိများနှင့် တိုင်းရင်းသားသူပုန်များ တနေရာထဲတွင် ကျောက်စိမ်းများ တူးဖော်နေသည်ကို တွေ့ရှိနိုင်သည့် တခုတည်းသော နေရာဖြစ်သည်။

ဤနေရာသည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား၏ အနောက်မြောက်ဘက် မိုင် ၁ဝဝ အကွာအဝေးတွင်ရှိပြီး၊ မြန်မာ့တပ်မတော် မြောက်ပိုင်းတိုင်း၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။ မြောက်ပိုင်းတိုင်းမှူးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသော တိုင်းမှူးတိုင်း အလစ်မပေးဘဲ မျက်စိကျ စောင့်ကြည့်ခံရသော နေရာလည်း ဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သော ပါတီစုံဒီမိုကရေစီအတွက် တောင်းဆိုဆန္ဒပြကြသည့် တနိုင်ငံလုံးအနှံ့ အုံကြွမှုကြီးသည် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး သွင်ပြင်လက္ခဏာ အားလုံးကို ပြောင်းလဲပစ်လိုက်သည်။ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲများ ကျင်းပပေးပါမည်ဟု ကတိပြုတက်လာခဲ့သော စစ်အစိုးရက ဈေးကွက်စီးပွားရေးအတွက် တံခါးများ ဖွင့်ပေးခဲ့သည်။ စီးပွားရေးမူဝါဒသစ်များက ဖားကန့်ကဲ့သို့သော နေရာများအတွက် လှိုင်းသစ်များကို ယူဆောင်လာခဲ့သည်။ ရင်းနှီးမြှုပ်နှံသူအသစ်များ ပေါ်လာပြီး ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာခဲ့သည်။

၁၉၉ဝ စုနှစ်များ အစောပိုင်းတွင် ရန်ကုန်ရှိ အစိုးရနှင့် ကချင်သူပုန်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သည်။ ကချင်ခေါင်းဆောင်များ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ယူခဲ့ခြင်းသည် ဒေသတွင်း စီးပွားရေးသစ်၏ စိုပြေလှသည့် မက်လုံးများကြောင့် လိုက်လျောသဘောတူခဲ့ခြင်း ဖြစ်သည်။ ကချင်သူပုန်များကို ဖားကန့်တွင် လုပ်ကွက်များကို မဟာဗျူဟာအရပင် စစ်အစိုးရက လိုက်လျောသဘောတူခဲ့ခြင်းဖြစ်သည်။ တချိန်က ပြောက်ကျား နည်းပရိယာယ်များကြောင့် နာမည်ကြီးခဲ့သော ကချင်သူပုန်များသည် စီးပွားရေးသမားများ ဖြစ်သွားကြပြီ။ ထိုအချိန်ကတည်းက မြန်မာစစ်တပ်နှင့် ကချင်သူပုန်များသည် ဖားကန့်တွင် အတူတကွ မြေတူးနေခဲ့ကြသည်။

သို့သော် ဖားကန့်တွင် သူတို့တဦးတည်းသာ ဤသို့ တူးနေသည် မဟုတ်ပါ။ နိုင်ငံထဲရှိ အခြား ငြိမ်းချမ်းရေးအဖွဲ့ စုစုပေါင်း ၁၈ ဖွဲ့မှ အခြားအဖွဲ့အများအပြားလည်း ဤကျောက်စိမ်းလုပ်ငန်းတွင် ပါဝင်ပတ်သက်နေကြသည်။

တရုတ်ပြည်၏ အံ့မခန်း စီးပွားရေးတိုးတက်မှုက ဖားကန့်ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းကို ပိုမိုအရှိန်မြှင့်ပေးခဲ့သည်။ ဖားကန့်တွင် ကျောက်စိမ်းစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြသူအားလုံး၏ နောက်ကွယ်တွင် တရုတ်ပြည် ယူနန်ပြည်နယ်မှ ဝယ်လက်များ ရှိသည်။ ဤအစိမ်းရောင် ကျောက်တုံးများသည် ကံကောင်းစေသည်ဟု အစွဲရှိသည့် တရုတ်လူမျိုးများ၏ လိုအင်ကို ဖားကန့်က ဖြည့်ဆည်းပေးနေသည်။ ဖားကန့်ကျောက်များသည် တရုတ်ပြည်မကြီးမှ ဝယ်လက်များ ထံသို့သာမဟုတ်၊ ယူနန်ကုန်သည်များ၊ ကမ္ဘာတဝှမ်းရှိ ပြည်ပရောက် တရုတ်အမျိုးသားများနှင့် ထိုင်ဝမ်သို့ပါ ရောက်ရှိသည်။ လူတွေက ကျောက်စိမ်းဖြင့် တန်တာဆင်လိုစိတ် များလာလေ၊ ဖားကန့်ရှိ ကျောက်တူးသမားများအတွက် အော်ဒါရလေ ဖြစ်သည်။ ဒေသတွင်း သဘာဝပတ်ဝန်းကျင် အခြေအနေမှာလည်း ပြောင်းလဲသွားခဲ့သည်။

ကျောက်တူးသမားများက တောင်များကို ဖြတ်တောက်လိုက်ကြပြီး၊ ရေကန်များက လယ်ကွင်းများ ဖြစ်သွားကြသည်။ သစ်ပင်များကို မြေပြင်မှ ခုတ်လှဲပစ်လိုက်ကြပြီး သစ်တောများကို အပြောင် ရှင်းပစ်လိုက်ကြသည်။ ဒေသတွင်းရှိ နေရာဧကတိုင်းတွင် ကျောက်မျက်များ ခိုအောင်းနေနိုင်သဖြင့် နေရာတိုင်းက တန်ဖိုးရှိနေသည်။ အစိုးရက မြေတဧကလျှင် ကျပ် သန်း ၄၀ နှုန်းဖြင့် ကုမ္ပဏီများကို လိုင်စင်များ ထုတ်ပေးသည်။ ကျောက်တူးလိုသူများက အဆိုပါ လိုင်စင်ရှိသူများထံမှ တဧကလျှင် ကျပ်သန်း ၁၅၀ ဖြင့် ပြန်လည်ငှားရမ်း လုပ်ကိုင်ရသည်။ ထို့ကြောင့် အစိုးရထံမှ လိုင်စင်ရသူသည် ဘာမှမလုပ်ဘဲ ထိုလိုင်စင်ကို လက်လွှဲရောင်းလိုက်ရုံဖြင့် အလွန်ကြီးမားသော အမြတ်အစွန်းကို အလွယ်တကူပင် ရရှိနိုင်သည်။

နေရာသစ် ရှာဖွေတူးဖော်ရန် မကျန်တော့တိုင်း အာဏာပိုင်များနှင့် ကုမ္ပဏီများက မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ကြသော ကျေးရွာများကို ဖယ်ရှားပစ်ကြသည်။ နောက်ထပ်တနေရာသို့ မပြောင်းခိုင်းမချင်း ယခင်နေရာဟောင်း အနီးတဝိုက်တွင် အဆိုပါ ကျေးရွာသားများ နေထိုင်ခွင့်ရကြသည်။

ဥရုချောင်းသည် ဖားကန့်ဒေသကိုဖြတ်၍ ရာစုနှစ်ပေါင်းများစွာ စီးဆင်းခဲ့သည်။ ၁၉၉၀ စုနှစ်များ အစောပိုင်းအထိ ဥရုချောင်းသည် ကြည်လင်စိမ်းမြနေခဲ့သည်ဟု လွန်ခဲ့သော ၁၅ နှစ်ခန့်က ဖားကန့်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့သူ တဦးက ပြောသည်။ ရေမှာ ဖန်သားလို ကြည်လင်နေပြီး ကူးခတ်နေသော ငါးကိုပင် မြင်နိုင်သည်ဟု ဆိုသည်။ သဘာဝ ပတ်ဝန်းကျင်မှာလည်း သစ်ပင်များဖြင့် စိမ်းလန်းစိုပြေနေသည်ဟု သူက ဆက်ပြောသည်။

ယခုတော့ အဆိုပါ ဂန္ဓဝင်ချောင်းသည် ကျောက်တူးသမားများကြောင့် ခြိမ်းခြောက်ခံနေရပြီဖြစ်သည်။ (ပုံတွင် ကြည့်ပါ) ကျောက်တူးရာ နေရာနှင့် မြို့ကို ဆက်သွယ်ပေးနိုင်မည့် ဖြတ်လမ်းလိုချင်သဖြင့် ဥရုချောင်းထဲသို့ စီးဝင်နေသော ဝေခါးချောင်းကို သူတို့ ပိတ်ရန် ကြိုးစားခဲ့ကြသည်။ ရေကြောင်းကို ဤသို့ ဖြတ်တောက်ပိတ်ဆို့ လိုက်သဖြင့် သဘာဝအတိုင်း မစီးဆင်းနိုင်တော့ဘဲ ကျေးရွာများ ရေလွှမ်းခံခဲ့ရသည်။ ကျောက်တူးသမားများ တူးလေလေ၊ မြေစာများ ထွက်ပြီး ဥရုချောင်းနှင့် ဝေခါချောင်းကို ပိတ်လေလေပင်ဖြစ်သည်။

ဝေခါချောင်းဘေးရှိ ဖားကန့်နယ်အတွင်းမှ ဆိပ်မူကျေးရွာသည် ရေလွှမ်းခံရပြီး ရွှံ့နွံများထဲတွင် နစ်ðမပ်သွားခဲ့သည်။ (ပုံတွင် ဖော်ပြထားသည့်အတိုင်း) ဒေသခံကျေးရွာသားများမှာ ကျောက်စိမ်းလုပ်ငန်းမှ အကျိုးအမြတ် တစုံတရာ မရရှိဘဲ မိမိတို့ နေရပ်ကို စွန့်ခွာသွားခဲ့ရသည်။

တချိန်က သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု အကင်းစင်ဆုံး ဒေသသည် ယခုတော့ လူလူပ်မြေပြင်ဖြင့် မြေပြန့်လယ်ကွင်းကြီး ဖြစ်သွားခဲ့ပြီ။

ဖားကန့်သည် လူသားတို့က သူတို့၏ ဓားများဖြင့် ကမ္ဘာမြေပြင်ကို ထိုးဆွဖြတ်တောက်ကာ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်ခဲ့သည့် နေရာဖြစ်သည်။

No comments:

Post a Comment