Monday, April 20, 2009

ကြပ်ပြေးနေပြည်တော် အမြန်လမ်းရဲ့နိဒါန်း၊ ဇာတ်လမ်းမှတ်တမ်းတင်စမ်း

စွာကျယ်

၂ဝ၁ဝ နီးလာတော့ ဒင်းတို့လုပ်ငန်း ကြီးတွေ ပြီးတာ မှန်သမျှ မြန်မြန်ကြွား လုံးထုတ်ပြဖို့ အရေးကြီး လာပြီ။ ရွေးကောက်ပွဲ အတွက် စည်းရုံး ရေးကို ရိုးရိုးသားသား မဆင်းကြဘူး၊ မဆင်းရဲဘူး။ လက်ရှိပါဝါကို စွန့်ရမှာ စိုးကြောက် နေသလို ဒီပါဝါနဲ့ လုပ်စား လာတာ ကြာလာတော့ အာဏာရဲ့ အရသာ မြက်မြက်ရှရှ လေးကို စွဲမက်နေ တုန်းမို့ ဒီပါဝါ မရှိဘဲနဲ့ လည်း ဒင်းတို့ ကျုပ်တို့ကို မစည်း ရုံးရဲဘူးလေ။ ဝန်မင်းကြီး တွေက သူတို့ရဲ့ ဌာနလုပ်ငန်းတွေ၊ လုပ်ဆောင်မှုတွေ ဗန်းပြပြီ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို စေတနာရှိသလိုလိုနဲ့ ပြောဆိုစည်းရုံးကွင်းဆင်းနေကြတာ အခုဆိုအရှိန်မြင့်မြင့်နဲ့ အားလုံး မြင်တွေ့နေရပြီပဲ။

ငါတို့ လုပ်သမျှ မင်းတို့ကို အပြီး ပြရတော့မှာ မို့ စက်ရုံ စီမံကိန်းကြီး တွေ၊ တံတား ကြီးတွေ၊ ဆည်ကြီးတွေ၊ လမ်းကြီးတွေ မင်း တို့ကြည့်ကြ။ ညဘက် တီဗွီမှာ မကြည့်လိုက်ရရင် နောက်နေ့မှာ ငါတို့ရဲ့ မီဒီယာ သတင်းစာမျက်နှာ တွေမှာ ဓာတ်ပုံကြီးချဲ့ ရိုက်ပြထား တာမြင်ပြီ မဟုတ်လားလို့မေးရင် အတွင်းသိ အချင်းသိ ကျုပ်တို့ ၀န်ထမ်းတွေက သတင်းစာ မဖတ်ဘူး ကွလို့ ဖြေရင် ရတယ်။


ဟိုးအရင်တုန်းက တံတားကြီးတွေပြီးပြီ၊ ဆည်ကြီးတွေပြီးပြီ၊ စက်ရုံကြီးတွေပြီးပြီဆိုပြီး သတင်းစာတွေမှာ ဓာတ်ပုံကြီးတွေ ရိုက်ပြခဲ့တာ အများကြီးရှိခဲ့ပေမယ့် နာရေးကြော်ငြာသာဖတ်လေ့ရှိတဲ့ လူအများက ဂရုမထားခဲ့တာလည်း မဆန်းတာ ကြာခဲ့ပြီ။

အခုလဲ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတဲ့။ နေပြည်တော်-ရန်ကုန်အပိုင်းကို သုံးနေရာပိုင်းပြီး ဖွင့်ပွဲလုပ်ပြလိုက်ပြီ။

ကွန်ကရစ်လမ်းမကြီး၊ သွားပြန်တံတားက ဘယ်နှစင်း၊ ကွန်ကရစ်အပေါ်ပိုင်းအထူက ဘယ်နှလက်မတဲ့။ စားလိုက်၊ ကုန်လိုက်မယ့် ကားတာယာတွေ။ ဆရာရေ နောက်ထပ် ဒီလမ်းမကြီးဘေးမှာ ကားတာယာစက်ရုံ (၄) ရုံလောက် တည်ဖို့ လိုပြီလို့ ဒီလမ်းမကြီးပေါ်မှာ လူးလာခေါက်ပြန်မောင်းနေတဲ့ ဌာနတခုက ယာဉ်မောင်းတယောက်ပြောသံ ကြားခဲ့တယ်။

လမ်းမကြီးစစမ်းလို့ မောင်းခွင့်ရတဲ့ လွန်ခဲ့တဲ့တနှစ်ခန့်က ဆိုပါတော့။ အစိုးရဆီက အလကားပေးထားတဲ့ ကျနော့်ဆရာရဲ့ ဖင်ကောက်ကား ဒီလမ်းကို သွား၊ ပြန် လေးခေါက် မောင်းတာနဲ့ တာယာလေးလုံးစလုံး လဲလိုက်ရပြီဆိုတော့ ငွေလေးသိန်း အနည်းဆုံးလို့ ကြားလိုက်ရတယ်။ ကားတာယာ ဘယ်လောက်ကုန်ကုန် နေပြည်တော်က (၄) နာရီနဲ့ မြန်မြန်ရောက်တဲ့ လမ်းဖြစ်လို့ ဆရာကားနဲ့ မောင်းပြန်ရတာ ငါကတော့ ဟန်ကျ။

နေပြည်တော်-ရန်ကုန်အပိုင်း လမ်းမကြီး မကြာမီဖွင့်တော့မယ်လို့ မီဒီယာကြော်ငြာဆောင်းပါးရေးထားတဲ့ ဒီရန်ကုန်-မန္တလေး အမြန်လမ်မကြီး ဆောက်လုပ်ရန် ၁၉၅၉ ခုနှစ်ကတည်းက နိုင်ငံခြားအတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့က အကြိုအင်ဂျင်နီယာလုပ်ငန်းအဖြစ် အစီရင်ခံစာ အစိုးရကို တင်သွင်းခဲ့တယ်တဲ့။

အကြောင်းအမျိုးမျိုးကြောင့် အနှစ် (၄ဝ) အတွင်း မဆောင်ရွက်နိုင်ခဲ့ဘူးလို့လည်း ပြောတယ်။ ဟိုးတုန်းက ကြားဖူးခဲ့တာကတော့ ပဲခူးရိုးမထဲက ဗကပကို ရှင်းနိုင်အောင် ကြံဆောင်တဲ့အနေနဲ့ ပဲခူးရိုးမအခြေကနေ အမြန်လမ်းမကြီး ဖောက်လုပ်ဖို့ အမေရိကန် လူဝီဘာဂျာကုမ္ပဏီတခုက လမ်းအူကြောင်း ရှာဖွေတင်သွင်းခဲ့တယ်။ ဒါပေမယ့် ဆွေးမျိုးပေါက်ဖော်ကြီးက အဲဒီလမ်းမကြီးပေါ် အမေရိကန်လေယာဉ်တွေ အလွယ်မဆင်းနိုင်အောင် သစ်ပင်စိုက်မယ် စီမံကိန်းကြောင့် ဒီပရိုပိုဆယ် ပျက်ခဲ့တယ်လို့ ကြားခဲ့ဖူးပေပါ့။

အဲဒီစီမံကိန်းက ဒီမှတင်ရပ်မသွားဘဲ တခါပြန်ပေါ်လာတယ်။ အဲဒါကတော့ လွန်ခဲ့တဲ့အနှစ် (၃ဝ) ကျော်လောက်က ဆောက်လုပ်ရေးကော်ပိုရေးရှင်းက ရန်ကုန်-မန္တလေးကို (၁ဝ) နာရီနဲ့ ခရီးပေါက်မယ့် လမ်းအူကြောင်းရှာဖွေခဲ့တဲ့ ရောဂါ ပြန်ထလာခဲ့တယ်။ မဆလခေတ်ဆိုတော့ အဲဒီအချိန်က ပြည်ထဲရေးဝန်မင်းကြီး၊ နောင်သောအခါ မဆလခေတ် ပျက်သုန်းခါးနီး လူသတ်သမ္မတဖြစ်လာမယ့်လူက “ပြစ်မှုကြွေးကို ချွေးနဲ့ဆပ်ရမဟေ့” ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေထောင်ပြီး သူ့ရဲ့အကျဉ်းထောင်တွေမှာ ပြစ်မှုမျိုးစုံနဲ့ ထောင်ကျနေတဲ့ ထောင်နဲ့ချီတဲ့ ထောင်သားတွေကို ရဲဘက်လို့ အမည်မှည့်ခေါ်ပြီး ခိုင်းခဲ့တယ်။ အဲဒီတုန်းက မဆလစီးပွားရေးဆိုတဲ့ မဟာစနစ်ကြီးက လူအများစုကို ထောင်ကျစေခဲ့တယ်။ တပြည်လုံး ပြည်သူ့ပစ္စည်း၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ပုဒ်မ ၆-၁၊ ဆိုက္ကားသမားတရားသူကြီးဆိုတော့ သို့စဉ်က ထောင်နန်းစံခဲ့ရ သူတွေက ဒုနဲ့ဒေး၊ ဒီအစီရင်ခံစာက အင်မတန် ဟန်ပြီးပေါ့လို့ အဲဒီခေတ် ဒင်းတို့က ဒီလိုတွက်ယူခဲ့ကြ။

ဒီလမ်းမကြီးဖောက်ဖို့ အကြံက ဒင်းတို့ခေတ်အဖေကြီး၊ တပ်မတော်ရဲ့ မွေစားဖခင်ကြီးဆိုတဲ့သူက စခဲ့တာ။ ဒီလမ်းမကြီးကို လူအင်အားနဲ့ ဖောက်ရမယ်၊ ပြစ်မှုအကြွေးကို ချွေးနဲ့ဆပ်ရမယ်၊ လမ်းအကောက်အကွေး မလိုချင်ဘူး၊ လမ်းအဖြောင့် ဖောက်ကြ၊ လမ်းအူကြောင်းရှာကြ၊ မင်းတို့ပြောသလို Cut and Fill နည်းနဲ့ လုပ်ကြ၊ အဲဒီနည်းကတော့ တောင်ကုန်းတွေ တွေ့ရင်ဖြို၊ ချောက်ကမ်းပါးတွေ ချိုင့်တွေ တွေ့ရင်ဖို့၊ လုပ်မယ့်လုပ်အား ထောင်တွေထဲမှာ အများကြီးရှိလို့ အောင်မြင်အောင် လုပ်ကြ၊ ဒါဟာငါတို့ရဲ့ မဟာသမိုင်းမှတ်တိုင်ကြီး ကျန်ရစ်စေတဲ့။

ထိုစဉ်က ဖောင်ကြီးကိုသွားတဲ့လမ်းကနေ ရိုးမအစပ်တောထဲကို စဖောက်ခဲ့တဲ့ မြေနီလမ်းကြီး၊ ဂဝံတုန်းတွေ၊ ချောက်တွေ ကျင်းတွေကိုဖြတ်ပြီး ဖောက်လုပ်ခဲ့တဲ့ လမ်းအူကြောင်း စခဲ့တဲ့ ဟိုစဉ်က နာမည်ကြီး ရဲဘက်စခန်းတွေ။ လှေလှော်အင်း (၁)၊ လှေလှော်အင်း (၂) နဲ့ (၃)ဆိုပြီး တရုန်းရုန်းနဲ့ အကျဉ်းသား အလုပ်စခန်းများ တဖွားဖွား ပေါ်လာခဲ့ရ။ အဆိုးဆုံးက ရဲဘက်တွေ အများဆုံးသေဆုံးခဲ့ရတဲ့ ဒေါင်းမီးခွက်စခန်း။ ဘယ်မှတ်တမ်းမှာ ထားခဲ့ကြသလဲ။ တနိုင်ငံလုံး အကျဉ်းထောင် တွေက ပြစ်ဒဏ် (၆) လကျော်တဲ့ အကျဉ်းသားအားလုံးကို နားပန်းကျင်း၊ သံခြေချင်းခတ်ပြီး ရဲဘက်အလုပ်စခန်းလို့ခေါ်တဲ့ ကျောက်ထုတ်လုပ်ရေးစခန်း၊ စိုက်ပျိုးရေးစခန်းနဲ့ အမြန်ဖောက်လုပ်ရေး စခန်းတွေဆီ အရောက်ပို့ခဲ့။ နောက်တော့ အကျဉ်းသား ချွေးတပ်စခန်းတွေ ဖွင့်ခဲ့တဲ့အထဲမှာ ဒီ ရန်-မန်း အမြန်လမ်းမကြီးရဲ့ နိဒါန်း။

ပြစ်မှုကြွေးကို ချွေးနဲ့မက သွေးတွေနဲ့ပါ ဆပ်ခဲ့ရတာ။ မဆလတခေတ်လုံးပါပဲလို့ ဒီလမ်းမကြီးက သက်သေထူနေမှာပါ။ ခြေချင်းသံတချွင်ချွင်နဲ့ ဂဝံကုန်းကမူတွေကို လူအားနဲ့ဖြို၊ ချောက်တွေ ကျင်းတွေကို လူအားနဲ့ ဖို့၊ နေပူပူ ဖုန်တသော သောမှာ သေလုမျောပါး၊ လူသားတို့ရဲ့ အသွေးတွေ အသားတွေနဲ့ စတေးခဲ့ရတဲ့ မြင်ကွင်းတွေက ဟိုးရှေးရှေးတုန်းက အနောက်နိုင်ငံ စပါးတတ်ကပ်စ်ခေတ်ကလို ဖြစ်ခဲ့ရတဲ့ မြန်မာ့ကျွန်ဇာတ်လမ်း ဘယ်မှတ်တမ်းမှာ ထားခဲ့လဲ။

လမ်းဖြောင့် လမ်းအူကြောင်းအတိုင်း ဒေါင်းမြီးကွက်စခန်းကျော်တော့ ရိုးမတောစပ်ထဲရောက်သွားပြီး ငှက်ဖျား၊ ဝမ်းရောဂါနဲ့ စတေးခဲ့ကြတာကများတော့ “သေချင်ရင်စိန်မစားနဲ့ ဘောနီကိုသွား” ဆိုတဲ့စကားအတိုင်း အခု လမ်းမကြီးရဲ့ မဟူဒါန်း- ချောင်းအကျော် ဘောနီနေရာအထိ တဖွဲဖွဲနဲ့ မစဲဘဲ သေပွဲဝင်ခဲ့ကြရပြီး ၁၉၈၈ မှာမှ ဒီဇာတ်လမ်းဆုံးခဲ့တယ်လို့ ထင်ခဲ့တယ်။

အခုဖွင့်လိုက်တဲ့ ရန်-မန်းအမြန်လမ်းမကြီးရဲ့ အစ လှည်းကူးနယ်က ဟိုးတုန်းကအခေါ် အကျဉ်းအလုပ်စခန်း လှေလှော်အင်းဆိုတဲ့နေရာက စခဲ့တာ။ အခုဒင်းတို့ခေတ်မှာလည်း နေပြည်တော်-မန္တလေးအပိုင်း၊ အဆုံးက စကားအင်းအဝိုင်းဆိုတဲ့နေရာအထိ ဆိုတော့။ ဒီနှစ်အင်းကြားမှာ အင်းချပြီး လမ်းမကြီး ဖောက်ခဲ့တာလား။ အဖြူးအဖြောင့် လမ်းဆိုတာ မူးနောက်အောင် သူဌေးသား၊ သူဌေးကားတွေ မောင်းလိုက်တာ (၆) လောင်း ရှိပြီဆိုတဲ့သတင်း။ ဒီလမ်းမကြီး မဖွင့်မီထဲက နားမချမ်းသာ။

ဒီအမြန်လမ်းမကြီးကို သွားခွင့် ပေးဖွင့်လိုက်ပေမယ့် ပေသုံးဆယ် အကျယ်ရှိတဲ့လမ်း အလယ်ကျွန်းခုံနေရာမှာ အုတ်ပုံချထားရုံပဲရှိသေး။ Under Pass ဆိုပြီး ရေးထားတဲ့ ဆိုင်းဘုတ်ရှိတဲ့ ခပ်များများ နေရာတွေမှာ အောက်ဘက်ဆင်းတဲ့နေရာသာ အစဖော်ထားပြီး မြို့တွေဆီသွားမယ့် လမ်းတွေလုပ်ဖို့က အများကြီးကျန်သေးပါလား။

နိုင်ငံအဆင့်မီ (၈) လမ်းသွားဆိုတော့ လှည်းကူးဘက်လာရင် (၅၁) မိုင်အကွာ ဝါးကတုတ် ရေလောင်တမံ အကျော်နေရာနဲ့ (၁၁၅) မိုင်အကွာ၊ ကျွန်းချောင်း ရေလောင်တမံနေရာတွေမှာ နားနေစခန်းတွေ ဆောက်ဖို့ ဆိုင်းဘုတ်တွေထူထားတယ်၊ ဟိုးနားမှာ ဆီဖြည့်ဆိုင်တွေ၊ ဒီဘက်မှာက စားသောက်ဆိုင်တွေနဲ့ ရဲစခန်းတွေပါ ဆောက်မယ်ဟေ့လို့ လျာထားနေရာများ။

ရန်ကုန်-မန္တလေးလမ်းဟောင်းက လှည်းကူးမြို့ကနေ မြို့ပေါင်း (၂၅) မြို့ခန့်ကိုကျော်ဖြတ်ပြီး (၂၄၅) မိုင် ဝေးတဲ့ ပျဉ်းမနားကိုရောက်ပေမယ့် ဒီအမြန်လမ်းမသစ်ကြီးက လှည်းကူးကနေ မြို့တွေကိုရှောင်ပြီး နေပြည်တော်အဝင် လမ်းဆုံးအထိ (၂ဝ၂) မိုင်ဆိုတော့ ပိုပြီးခရီးတိုသွားလို့ ခရီးမိုင်အားဖြင့် (၄ဝ) ကျော်ပို ကျုံ့သွားစေတဲ့ ကွန်ကရစ် အမြန်လမ်းမကြီးကို (၄) နာရီကြာကြာ လူးလောခေါက်ပြန် (၄) ခေါက်သွား။ တာယာလေးလုံးစား။ ငွေလေးသိန်းကျော် ကုန်တဲ့စကား၊ မှတ်သားစရာများလားလို့မေးရင် သေချာတာက ဒီလမ်းမကြီးဘေးမှာ တာယာစက်ရုံကြီး (၄) ရုံ တည်ရမယ်တဲ့လား။

တကယ်တော့ ကားလေးတွေက တရိပ်ရိပ်နဲ့ မောင်းလို့ရတဲ့ ဒီအမြန်လမ်းမကြီးက လွမ်းမောဖွယ်ရာတွေ၊ ရင်နင့်စရာတွေနဲ့ စခဲ့တာပါ။ အချို့နေရာတွေက ပဲခူးရိုးမတောင်စွယ်တွေနဲ့ နီးကပ်လို့ စိမ်းစိုတာ ရှုမြင်ခံစားရပေမယ့် တချို့နေရာတွေက တော့ ရိုးမတောင်စွယ်တွေနဲ့ ဝေးသွားလို့ စိမ်းစိုအုံ့ဆိုင်း၊ ညှို့မိုင်းနေတဲ့ မြူနှင်းတွေနဲ့ ရိုးမမြင်ကွင်းနဲ့အတူ ဟိုးတုန်းက ဗကပစခန်းတွေလည်း ဒီရိုးမတောမှာ ကွယ်ပျောက်ခဲ့ပြီ။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ဖွင့်လိုက်ပေမယ့် ဒီလမ်းမကြီးရဲ့ နိဒါန်းက ရင်နင့်စရာတွေဖြစ်ခဲ့ရတာ အမှန်ပါ။ ဟိုတခေတ်က စနစ်ရဲ့ ဒဏ်ခံခဲ့ရတဲ့ လူထုတွေ၊ မဆလသားကောင်တွေဖြစ်ခဲ့ရတဲ့ ကျုပ်တို့လို ပြည်သူတွေရဲ့ အရိုးတွေက ဒီလမ်းမကြီးနိဒါန်းရဲ့ ချွေးတပ်စခန်းတွေမှာ တောင်လိုပုံနေခဲ့မှာပါ။ ပြစ်မှုကြွေးကို ချွေးနဲ့မက သွေးနဲ့ပါ ဆပ်ခဲ့ရလို့ မေ့ပျောက်လို့ မရခဲ့တဲ့ရင်နင့်စရာ ဒီကြပ်ပြေးနေပြည်တော် အမြန်လမ်းရဲ့ နိဒါန်း၊ ဇာတ်လမ်း မှတ်တမ်းတင်စမ်း။ ။

No comments:

Post a Comment