Thursday, May 28, 2009

ဗိုလ်ချုပ်ကျော်သောင်း (သို့မဟုတ်) ဘဝတက္ကသိုလ်မှ တပ်မင်းကြီး - အပိုင်း(၃)


(၈)


အင်းစိန်မှ သူတို့ ဆုတ်ခဲ့ကြ၏။ အင်းစိန် တိုက်ပွဲက သူ့အတွက် ပထမ ဆုံးတိုက်ပွဲ….။ ပထမဆုံး အတွေ့ အကြုံ…။ အင်းစိန်မှ ဆုတ် ခဲ့ပြီး နောက်…ကြာအင်းဇောင်း တွင် KNU ခေါင်းဆောင်များ အစည်း အဝေး ထိုင်ကြ၏။ တာဝန် ခွဲဝေကြ၏။ စောဘဦးကြီး နှင့် ဗိုလ်ချုပ်စိုင်း ကေ တို့က အရှေ့တိုင်း နှင့် တောင်ငူ ခရိုင်သို့ သွားမည်။ မန်းဘဇံနှင့် စောဟန် တာသားမွှေးက ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်သို့ သွား ကြ ရမည်။

သူက…. မန်းဘဇံ၏ ကိုယ်ရံတော်အနေနှင့် မန်းဘဇံနှင့်အတူ မြစ်ဝကျွန်းပေါ်သို့ ဆုတ်ကြရမည်။ သူတို့က… မအူပင် နောက်ကျောမှတဆင့် `ကြည်ပင်သာ´ ဘက်သို့ ဆုတ်ကြ၏။ မန်းဘဇံ၏ ကိုယ်ရံတော် တပ်စိတ်မှူး သူ့တွင် ရဲဘော်က ၃-၄ ယောက်သာ ရှိ၏။ လူများ၍လည်း မဖြစ်….။ ရန်သူက မန်းဘဇံအား တောက်လျှောက် ခြေရာခံ၍ လိုက်သည်။ လူများလျှင် ရှောင်ရ၊ တိမ်းရ၊ ရွှေ့ရ၊ ပြောင်းရ ခက်၏။ စစ်က…. လတ်တလောတွင် ပြောက်ကျားစစ်….။ လုံ … ၄ လုံနှင့် နေကြရသည်။ တရွာမှတရွာသို့ ပြောင်းလျှင်….ရွာလူကြီး ခေါ်ရ၏။ ရွာလူကြီးများက ပြောင်းရွှေ့နေထိုင်ရေး စီစဉ်ပေးသည်။ လူထုက ထောက်ခံမှုရှိ၍ လုံခြုံသည်။ သူသည် မန်းဘဇံ၏ `ဘော်ဒီဂတ်´ အဖြစ် တနှစ်ကျော်ကျော် နေရ၏။ မန်းဘဇံနှင့်သူ အတူနေ၊ အတူစား၊ အတူသွား၊ အတူလက်တွဲ၍ လုပ်ကိုင်ရင်း…. မန်းဘဇံက သူ့အား နိုင်ငံရေးသဘောတရားများ ရှင်းပြ၏။ ခက်ခဲနက်နဲသော သဘောတရားများအား ဆွေးနွေးရာတွင် မန်းဘဇံသည် သူ့အား နားလည်သည်အထိ စိတ်ရှည်ရှည်နှင့် ရှင်းပြတတ်၏။ မန်းဘဇံက နိုင်ငံရေးတွင် သူ၏ လက်ဦးဆရာတဆူဟု ဆိုရမည်။ ထိုစဉ်က… မန်းဘဇံသည် ကရင့်တော်လှန်ရေးကြီးအတွက် လမ်းစဉ်သစ်နှင့် လုပ်ငန်းစဉ်တို့အား ရှာဖွေနေစဉ်ကာလ ဖြစ်သည်။ အင်းစိန်မှ ဆုတ်ခဲ့ရပြီးနောက်တွင် ကရင့်တော်လှန်ရေးက တဖြည်းဖြည်း ဆုပ်လာသည်ဟု ဆိုရမည်။ CAS (K) ဟုခေါ်သည့် CIVIAL AFFAIR SERVICE (KAWTHOOLAI) အုပ်ချုပ်ရေးမျိုးနှင့် ဆက်၍ မဖြစ်နိုင်တော့….။ CAS (K) အုပ်ချုပ်ရေးက တဗိုလ်တမင်း ဆန်လာစေပြီး ညီညွှတ်မှုကို ထိခိုက်လာစေ၏။

အရှေ့တိုင်းတွင် စောဘဦးကြီးက ကျဆုံးခဲ့ပြီ။ ခေါင်းဆောင်မှု၌ မန်းဘဇံနှင့် စောဟန်တာသာမွှေးသာ ရှိတော့၏။ ဤတွင် မန်းဘဇံနှင့် စောဟန်တာသားမွှေး တိုင်ပင်ကြရပြီ။ စဉ်းစားကြရပြီ။ ရှေ့အတွက် ….ဘယ်လိုလမ်းစဉ်နှင့် ဆက်မည်နည်း….။ လေ့လာကြ၏။ တရုတ်ပြည်သစ်၏ တော်လှန်ရေးကြီးကလည်း အောင်ပွဲခံထားသည်မှာ ပူပူနွေးနွေးပင် ရှိသေး၏။ `မော်စီတုန်း´၏ တရုတ်ပြည် တော်လှန်ရေးကို သူတို့ လေ့လာကြ၏။ စာစောင်များ ဖတ်ကြ၏။ သဘောတရားရေးများ လေ့လာကြ၏။ မော်စီတုန်း၏ အတွေးအခေါ်…. မက်စ်၊ လီနင်ဝါဒ ….တို့ကို ဖတ်ကြ၊ မှတ်ကြ၊ တွေးခေါ်ကြ၏။ ထိုထိုသော သဘောတရားများမှ ကရင့်လူအဖွဲ့အစည်းနှင့် ကိုက်ညီမည့် သဘောတရား ထုတ်ကြ၏။ ကရင့်တော်လှန်ရေးအတွက် လမ်းစဉ် ကြံဆကြ၏။ မန်းဘဇံ ဖတ်သမျှ …. လေ့လာသမျှအား သူသည်လည်း အတူနေရင်း လိုက်၍ဖတ်သည်။ မရှင်းလင်းသည်များအား မန်းဘဇံနှင့် ဆွေးနွေး၏။


(၉)


မန်းဘဇံ၏ ဘော်ဒီဂတ်အဖြစ် တနှစ်ကျော်ကျော်မျှ သူ တာဝန်ထမ်းခဲ့ပြီးနောက် သူ တပ်သို့ ပြန်ရောက်၏။ KPLA တပ်ရင်း (၁) က သူ၏ မိခင်တပ်ရင်း ဖြစ်သည်။ တပ်ရင်းသို့ သူ ပြန်ရောက်သည့်အချိန်တွင် တပ်စုမှူးတာဝန်နှင့် ဖြစ်သည်။ တပ်ရင်းမှူးက ဗိုလ်ချုပ်မြမောင် ဖြစ်သည်။ တပ်ခွဲ (၁) တပ်ခွဲမှူးက ဗိုလ်တင်ဦး (ယခုကွယ်လွန်၊ KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ၊ ဖူးတာအဲ့) ဖြစ်သည်။ ခွဲနှစ်ခွဲမှူးက ဗိုလ်ကြီးစလွယ် ဖြစ်၏။ သူကား….ခွဲ (၂) မှ တပ်စုမှူး ဖြစ်သည်။ အဖြောက်ဇကာကြီးတွင် တပ်ခွဲ (၁) ဗိုလ်တင်ဦး၏ တပ်ရှိသည်။ ရန်သူက ဇကာကြီးအား ရေကြောင်းမှ ထိုးမည်။ ခွဲ (၁) ခွဲမှူး ဗိုလ်တင်ဦးက ခွဲ (၂) ခွဲမှူး ဗိုလ်ကြီးစလွယ်ထံတွင် စစ်ကူတောင်း၏။ ဗိုလ်ကြီးစလွယ်က သူ့တပ်စုအား စစ်ကူပို့လိုက်၏။ သူ့တပ်စုက အင်အား ၃ဝ လောက် ရှိမည်။ ဇကာကြီးသို့ သူတို့ တပ်စုသွားကြ၏။ ဇကာကြီးတွင် ဗိုလ်တင်ဦးနှင့် သူ စတွေ့၏။ နောက်နှစ်ပေါင်းများစွာ ကွယ်လွန်ကြသည့်အထိ နီးနီကပ်ကပ်၊ ရင်းရင်းနှီးနှီး …. ပေါင်းဖက်ကြမည့် ရဲဘော်၊ ရဲဘက်များအဖြစ် ….. နေထိုင်လက်တွဲသွားကြရမည်ဟု ထိုစဉ်က သူတို့နှစ်ဦးစလုံး မသိထားခဲ့ကြ….။

ဗိုလ်တင်ဦးက …..

`မင်းတို့ ဗိုလ်ကြီးစလွယ် တပ်ခွဲကလား….´

`ဟုတ်ကဲ့၊ ကျနော့်ကို လွှတ်လိုက်တာပဲ…´

`မင်းနာမည် ဘယ်လိုခေါ်လဲ´

`ကျော်သောင်း´

`မင်းက ဘာတာဝန်လဲ´

`ကျနော် တပ်စုမှူးပဲ´

`ကောင်းပြီ၊ ဒီည ရန်သူထိုးမယ်´

အပြန်အလှန် ပြောကြ၏။ ပြီးလျှင် ….ဗိုလ်တင်ဦးက သူ့တပ်စုအား နေရာချပေး၏။ ရန်သူက ရေကြောင်းမှ တက်လာသည်။ ` ရွှေပုဇွန်´ ၊ `ရွှေမာလာ´ စသည့် နှစ်ထပ်သင်္ဘောကြီးများနှင့် စစ်သားများအပြည့် …..။ ၇ စင်းမျှ ရှိမည်။ တိုက်ရေယာဉ်များလည်း ပါ၏။ သူတို့ကား…. ကမ်းပါးတွင် နေရာယူထားကြ၏။ ရန်သူက `ဘောင်ဖာ´အမြောက်ကြီးများနှင့် သူတို့ကို ထု၏။ သူတို့၏ `ကတုတ်ကျင်း´ များ ပြိုကျကုန်သည်။ သူတို့က ရွံ့များနှင့် အလူးလူး….။ တိုက်ပွဲက ၃ နာရီခန့် ကြာပြီ။ နှစ်ဖက်အကျအဆုံး များ၏။ သူတို့အား ဆုတ်ရန် ဗိုလ်တင်ဦးက အကြောင်းကြား၏။ ဆုတ်ရသည်မှာလည်း မလွယ်။ တဆင့်ပြီးတဆင့် ဆုတ်ရသည်။ ရွံ့နွှံတောအတွင်း လူးရင်း…..လှိမ့်ရင်း၊ ခံပစ်ရင်းနှင့် ဆုတ်ကြရသည်။


(၁ဝ)


၁၉၆၉ ခုနှစ်…..

ဆောင်းနှောင်းနွေဦး…..။

ထိုစဉ်က…. သူသည် မြစ်ဝကျွန်းပေါ်တိုင်း တပ်မဟာ (၃) ၏ တပ်မဟာမှူး…..။ ဗိုလ်မှူးချုပ်အဆင့်နှင့် ကရင့်တော်လှန်ရေးတွင် ထမ်းဆောင်နေ၏။ သူ၏ တပ်မဟာတွင် …. တပ်ရင်း (၆)၊ တပ်ရင်း (၇) နှင့် KPLA တပ်ရင်း (၂) ရှိ၏။ ရန်သူက မြစ်ဝကျွန်းပေါ်တိုင်းအား ဝိုင်းပတ်ပိတ်ဆို့၍ ဖြတ်လေးဖြတ်၊ ဖြတ်၏။ လူထုနှင့် ကရင့်တော်လှန်ရေးသမားများအား အဆက်အသွယ်ပြတ်အောင် ဖြတ်၏။ လူထုမှာလည်း မသက်သာ….။ အထိနာ၏။ ထိုစဉ်က …. သူ၏ တပ်မဟာရုံးသည် မြောင်းမြမြို့နယ်အတွင်းရှိ သိလ္လာတွင် အခြေပြုထား၏။ ရန်သူ၏ စစ်ရေးအခြေအနေအရ … သိလ္လာဂွင်အား ပိတ်ဆို့၍ ပိုက်စိတ်တိုက် စစ်ဆင်ရေး ဆင်လိမ့်မည်။ ဤအတွက် သူက …. တပ်နှင့် KNUP ပါတီကော်မတီဝင်များအား ခေါ်၍ ဆွေးနွေး၏။

``ရန်သူက တို့ကို ပိတ်ဝိုင်းသုတ်သင် ရှင်းလင်းချေမှုန်းရေး စစ်ဆင်လာပြီ။ တို့ ပေါ့ပေါ့ဆဆ လုပ်လို့ မရတော့ဘူး။ လူထုတွေလည်း အထိနာနေပြီ။ တို့ ဒီမှာ ဆက်နေလို့ ရှိရင်တော့ တချို့ အဖမ်းခံရမယ်။ တချို့ တိုက်ပွဲဖြစ်ရင်း သေမယ်။ တချို့လည်း အညံ့ခံသွားနိုင်တယ်။ အဲ့ဒါကြောင့် ဒီနေရာက တို့ ထွက်လိုက်တာ အကောင်းဆုံးပဲ။ ငါလည်း ထွက်မယ်။ ငါထွက်မယ့် လမ်းကြောင်းကို ငါ့ဘာသာ ငါ ရွေးသွားမယ်။ မင်းတို့ ထွက်မယ့်လမ်းကြောင်းကိုလည်း အခြေအနေပေါ် မူတည်ပြီးတော့ မင်းတို့ဘာသာမင်းတို့ ရွေးပြီးတော့ ထွက်ကြ။ ငါမှာတာကတော့ ဒီအကြောင်း ပြောဖို့ပဲ ။ မင်းတို့ ဘာပြောစရာ ရှိသေးလဲ။´´

ဒေသခံတပ်မှူးအချို့က မထွက်ချင်….။ ပြောက်ကျားစစ်နှင့် ဒီဒေသအတွင်းမှာပင် နေပြီး ရန်သူအား ခုခံချင်ကြ၏။ တပ်ရင်းမှူးကိုလည်း သူပြော၏။

``ငါတို့ ထွက်မယ်။ မင်းတို့လည်း မနေကြနဲ့။ တပ်ကို ဦးစီဦးဆောင်ပြီးတော့ ထွက်သင့်ရင်ထွက်၊ ထွက်လို့ မလွတ်ဘူးဆိုရင်လည်းချ။ ငါလည်း ချမှာပဲ။ နေမယ်ဆိုရင် ကျစ်ကျစ်လစ်လစ်နေကြ။ လူထုထောက်ခံမှုရအောင် နေကြ။´´

``မင်းတို့ ဘာပြောစရာရှိကြသေးလဲ´´

``ဘာမှမရှိတော့ဘူး´´

``အေ .. ငါခရီးထွက်ရင်တော့ ငါ့ကို လမ်းတပိုင်းလောက် လိုက်ပို့ကွာ။ ငါ့မှာ လူမရှိဘူး။ တပ်စိတ်တစိတ်ပဲ ရှိတယ်။ လူအင်အား နည်းတယ်။ ငါ့ကို အင်အားဖြည့်ပေးဦး၊ တပ်စုနှစ်စုလောက် ထပ်ဖြည့်ရင် တော်ပြီ။ အခု တို့ထွက်ရမှာက တိုက်ပြီးတော့ ထွက်ရမှာ´´

သို့နှင့်…. သူ၏ တပ်မဟာရုံး စစ်ကြောင်းအား အင်အားထပ်ဖြည့်ပြီး မြောင်းမြမြို့နယ် သိလ္လာမှ ဝါးခယ်မမြို့နယ်ဘက်သို့ ကူးကြ၏။ ရန်သူမှ ဝိုင်းပတ်၍ ပိတ်ထားသည်အား တိုက်ပြီး ဖောက်ထွက်ကြရခြင်း ဖြစ်သည်။ ရဲဘော် ၆ ယောက် ကျကျန်ရစ်ခဲ့၏။ အလောင်းပင် ပြန်၍မကောက်နိုင်ခဲ့….။ သူ စိတ်မကောင်းဖြစ်ရ၏။

တိုက်ပွဲဆိုသည် ထိခိုက်ဒဏ်ရာရမည်။ သေမည်။ ဤသည်အား သူသိ၏။ သဘောပေါက်၏။ သို့သော်…. သူ့စိတ်၌ ငါ အစီအစဉ်ညံ့လို့ ရဲဘော် ၆ ယောက် ကျကျန်ရစ်ခဲ့ရသည်ဟူ၍ သူခံစားရပြီး စိတ်မကောင်း….။ တိုက်ပွဲဆိုသည် အရှုံးနှင့် အနိုင်ဟူ၍ ရှိမည်ပင်….။ တို့ရဲဘော်များအတွက် ငါတို့ ပြန်တိုက်ရမည်။ ဤသို့ သူ့စိတ်အား ဖြေ၍ `တေး´ မှတ်ထားလိုက်၏။

ထိုစဉ်က …. အရှေ့တိုင်း ပဲခူးရိုးမတွင် ဗိုလ်ချုပ်မြ၊ ဗိုလ်ချုပ်ရွှေဆိုင်း၊ ဗိုလ်မှူးကြီး ကစယ်ဒိုနှင့် ဖဒိုသာပြည့်က KNUP မှ ခွဲထွက်သွားကြပြီး၊ ကရင့်အမျိုးသား လက်နက်ကိုင် တိုက်ပွဲအား သီးခြားဆောင်ရွက်၍ နေကြ၏။ KNUP ခေါင်းဆောင်မှုအတွင်း၌လည်း KNUP အား အလုပ်သမားပါတီအဖြစ် တည်ထောင်လိုသည့် ဗိုလ်ချုပ် စောကျော်မြသန်း အစုနှင့် အမျိုးသားရေးပါတီအဖြစ်နှင့် ဒုတိယလမ်းစဉ်အတိုင်း ချီတက်လိုသည့် မန်းဘဇံ အစုအကြား သဘောတရားရေးအရ ငြင်းခုန်နေကြသည့် အချိန်ဖြစ်သည်။ ကရင့်အမျိုးသား အင်အားစုများအကြား ညီညွှတ်ရေးက ပြိုကွဲလျက်ရှိသည်။ ဘုံရန်သူအား စုပေါင်းတိုက်နိုင်သည့် ညီညွှတ်သည့် ကရင့်အမျိုးသား အင်အားစု တည်ဆောက်ရန်လို၏။ ဤအတွက် KNLC နှင့် KNUP တွေ့ဆုံဆွေးနွေးရန်လိုကြောင်း နှစ်ဖက် စလုံးမှ သဘောပေါက်နားလည်ကြ၏။

မန်းဘဇံနှင့် ဗိုလ်ချုပ်မြတို့ ` ခိုမူဒဲ´တွင် ပထမဦးစွာ တွေ့ဆုံကြ၏။ ညီညွှတ်ရေးအတွက် ဆွေးနွေးကြ၏။ သဘောတူညီချက်က မရသေး….။ ထပ်တွေ့ကြ၏။ `မူသယ်´ ၊ ` သွေးဘိုးထာ´၊ ` ပယ်ကောခီး´ ရွာများတွင် ဒုတိယအကြိမ် တွေ့ဆုံ၍ ဆွေးနွေးကြပြန်သည်။ ညီညွှတ်ရေးအတွက် လမ်းစကပေါ်ပြီ။

နောက်ဆုံးအကြိမ်` ထိုဒိုပလော´ တွင် တွေ့ဆုံကြပြန်၏။ KNUP မှ မန်းဘဇံ၊ ဗိုလ်သန်းအောင် (KNU ဒု-ဥက္ကဋ္ဌ ကွယ်လွန်) ဗိုလ်မောင်မောင် (KNU တွဲဘက်အတွင်းရေးမှူး (၁) ကွယ်လွန်)၊ ပဒိုဘသင် (KNU ဥက္ကဋ္ဌ ကွယ်လွန်) ၊ ပဒိုဂေဒွဲနှင့် ပဒို ဘောယူဖော် တက်ရောက်ကြ၏။

ညီညွှတ်ရေးအတွက် သဘောတူညီချက်များ ဆုံးဖြတ်နိုင်ခဲ့ကြ၏။ ဗိုလ်ချုပ်မြက သူ ဦးဆောင်ဖွဲ့စည်းထားသည့် KNLC အား ဖျက်သိမ်းမည်။ မန်းဘဇံနှင့် ခေါင်းဆောင်များက KNUP မှ နုတ်ထွက်ကြမည်။ ပြီးလျှင် …. KNUF ဖွဲ့စည်းကြမည်။ KNUF ဟူသည်ကား…. ကရင့်အမျိုးသား ညီညွှတ်ရေးတပ်ဦး….။ လက်နက်ကိုင်တပ်ကိုမူ KNLA ဟူ၍သာ ဖွဲ့စည်းထားရှိသွားမည်။ မကြာ…. KNUF အား ဖျက်သိမ်းပြီး KNU ကရင့်အမျိုးသား အစည်းအရုံးဟူ၍ ပြောင်းလဲဖွဲ့စည်းလိုက်ကြ၏။


(၁၁)


ဝါးခယ်မနယ်သို့ သူတို့ ပြောင်းခဲ့ကြပြီးသည့်နောက်တွင် တိုက်ပွဲများက ဆက်တိုက်ဆိုသလိုပင်…. ဝါးခယ်မ အင်္ဂပတ်ရှိ ရန်သူ့တပ်စုတစုအား တိုက်၏။ ရန်သူ၏ အင်္ဂပတ်စခန်းအား သူတို့ သိမ်းလိုက်နိုင်သည်။ ရန်သူ အကျအဆုံးများ၏။ လက်နက်များလည်း သူတို့ ရလိုက်ကြ၏။ သူတို့ဘက်မှ ဗိုလ်မှူးကွယ်ကော်က စစ်ကြောင်းမှူးအဖြစ် တိုက်၏။ ထိုစဉ်က သုံ့ပန်းပေါ်လစီဟူ၍ မရှိကြ။ သူမိ သူသတ်။ ကိုယ်မိလျှင် …. ကိုယ်သတ်ပင်….။

ဒုတိယတစ်ကြိမ် ဝါးခယ်မရုံးထောင့်စခန်းအား တိုက်ရန် သူ စီစဉ်ပြန်၏။ ဗိုလ်မှူးချစ်လေးမောင်အား သူ မှာ၏။ ချစ်လေးမောင် သူ့ဆီသို့ လာရောက်တွေ့၏။ ဗိုလ်မှူးချစ်လေးမောင်ကလည်း စစ်ရေးတွင် နာမည်ကြီး၏။ တချက်တကောင် ချစ်လေးမောင်ဟု နာမည်ထွက်၏။ အလုံးအထည်ငယ်သော်လည်း `ဘရင်းဂန်း´ မှ ကိုင်၏။

`ဗိုလ်ချုပ် ကျနော့်ကို မှာတယ်ဆို´

`အေးကွ။ ဟင်းစားရှိလို့ မင်းကိုမှာတာ´

`ဟာ….ဟုတ်လား´

`မင်းကိုမှာတာ မင်းသိလား´

`သိတာပေါ့။ စစ်တိုက်ဖို့ မဟုတ်လား´

`ဝါးခယ်မ ဂတ်တဲနားက ရုံးထောင့်စခန်းကို မင်း လေ့လာထား …. အဲဒီစခန်းကို တိုက်မယ်´

ရုံးထောင့်စခန်းက…. ဘတ်ဒုံချောင်း၏ ကမ်းနံဘေးတွင် ရှိ၏။ ကမ်းနဘေးဟု ဆိုသော်လည်း ရေစပ်နှင့်က ကိုက် ၃ဝ ခန့်မျှ ဝေးသေး၏။ ကမ်းနားတွင် လှေဆိပ်ရှိ၏။ တံတားတခု ထိုးထား၏။ သမ္မာန်များ၊ လှေများ အမြဲလိုလို သွားလာနေတတ်ကြသည်။ ဗိုလ်မှူးချစ်လေးမောင် ဦးဆောင်ပြီး ဝါးခယ်မရုံးထောင့်စခန်းအား သိမ်း၏။ မရ….။ သူတို့ဘက်မှ တပ်စိတ်မှူး ၂ ယောက်နှင့် ရဲဘော်တယောက် ကျကျစ်ရစ်ပြီး ဆုတ်ခဲ့ကြရသည်။

တိုက်ပွဲဟူသည်က ဤသို့ပင်….အနိုင်နှင့် အရှုံး ရှိစမြဲ။

သူကား… သူ့စစ်ကြောင်းများ မြို့သို့ဝင်၍ ရန်သူ့စခန်းများအား တိုက်လျှင်…. မြို့လူထုသို့ လမ်းကမ်းစာစောင်များ ဖြန့်ဝေခိုင့်း၏။ လက်ကမ်းစာစောင်အား သူကိုယ်တိုင်ရေးပြီး လက်နှိပ်စက်နှင့်ရိုက်၊ စာကူးစက်နှင့်ကူး၍ လူထုထံ ဖြန့်ဝေစေ၏။

`ကျနော်တို့ အခုလို စစ်တိုက်တာ ကျနော်တို့ ကရင်အမျိုးသားအကျိုးအတွက် သက်သက်မဟုတ်ပါဘူး။ အဖိနှိပ်ခံနေရတဲ့ လူမျိုးတိုင်း၊ လူတန်းစားတိုင်း လွတ်မြောက်ဖို့အတွက် ကျနော်တို့ လာတိုက်တာပါ။ ကျနော်တို့မှာ ဘာသာရေး၊ လူမျိုးရေး၊ ခွဲခြားမှု မရှိပါ။ လူသားတိုင်း ရသင့်တဲ့ မွေးရာပါလွတ်လပ်ခွင့်ကို ပြန်ရဖို့အတွက် အခုလို လာတိုက်တာပါ။ ဒါဟာ ခင်ဗျားတို့ ကျနော်တို့ရဲ့ လွတ်လပ်ခွင့် အတွက်ပါ။ ခုနက ပြောသလို လူတိုင်းလူတိုင်းအတွက် မွေးရာပါအခွင့်အရေးဆိုတာ ရှိတယ်။ အခု ကျနော်တို့ ခင်ဗျားတို့တွေ အဖိနှိပ်ခံနေရတယ်။ အသတ်အဖြတ် ခံနေရတယ်။ မလွတ်လပ်ကြဘူး။ ဒီလို မလွတ်လပ်တဲ့အတွက်ကြောင့် ကျနော်တို့ တိုက်နေရတာပါ။ အခုလို ကျနော်တို့ တိုက်နေတာလည်း ဒီနေရာတခုထဲ မဟုတ်ပါဘူး။ နေရာအနှံ့မှာ ကျနော်တို့ တိုက်နေပါတယ်။ ကျနော်တို့ကို နားလည်ပါ။ ကျနော်တို့ဟာ ကရင်တွေဖြစ်ပေမယ့် လူသားတိုင်းအပေါ် ကိုယ်ချင်းစားတဲ့ စိတ်ဓာတ်ရှိပါတယ်။ ကျနော်တို့မူထဲမှာ ကရင်အမျိုးသားတွေ လွတ်မြောက်ဖို့ပါသလို အခြားလူမျိုးတွေလည်း လွတ်မြောက်ပါစေ။ လွတ်လပ်ပါစေဆိုတဲ့ သဘောထား ရှိပါတယ်။´

သူ၏ စစ်ကြောင်းများက …. ရန်သူကိုလည်း စစ်ရေးအရ တိုက်ရ၏။ ပြီးလျှင် ….. လူထုကိုလည်း သူတို့ စစ်တိုက်ရသည့်အကြောင်း ရှင်းပြ၊ စည်းရုံးကြရ၏။ ။


No comments:

Post a Comment