Saturday, May 23, 2009
အပစ်ရပ် တိုင်းရင်းသား အဖွဲ့ တွေကို သူတို့ရဲ့ အင်အား၊ မဟာဗျူ ဟာမြောက် အချက် အခြာ မြေနေရာ တည်ရှိမှု၊ ဆွေးနွေး ချိန်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး မဟာဗျူဟာ အခင်း အကျင်း တွေအ ပေါ် မူတည်ပြီး တော့ နအဖ အနေနဲ့ လူလည် ကျကာ တန်းတူညီမျှ ဆက်ဆံခဲ့ တာမျိုး မရှိတာကို လေ့လာ တွေ့ရှိရမှာ ဖြစ်ပါတယ်။
နအဖဟာ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပေါ် အဲဒီလို ခွဲခြားနှိမ့်ချ ဆက်ဆံပြုမူခဲ့ရာမှာ အမျိုးအစား (၄) မျိုးရှိတာကို ခွဲခြားတွေ့ရှိရပါတယ်။ အဲဒါတွေကတော့ …
(က) လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ပြီး တရားဥပဒေဘောင်ထဲ ရောက်နေတဲ့ အနေအထားကနေ လက်နက်ပြန်ကိုင် ခွင့်ရတဲ့ အမျိုးအစား။ ဥပမာ - KIA၊ UWSA ၊ ကိုးကန့်၊ မွန်ပြည်သစ်ပါတီ (NMSP)
(ခ) လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ အနေအထားကနေ လက်နက်ချတဲ့ အခမ်းအနားတခုအပေါ်မှာ နိုင်ငံရေးသေအောင် ဦးချိုးတဲ့ နာမ်နှိမ်မှုမျိုး လုပ်ခိုင်းပြီး နောက်မှ လက်နက် ပြန်လည်ကိုင်ဆောင်ခွင့် ပြုပေးထားတဲ့ အမျိုးအစား။ ဥပမာ- စောသမူဟဲ၊ ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့။
(ဂ) လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်တဲ့ အနေအထား၊ လက်နက်ချတဲ့ အခမ်းအနားကနေ နိုင်ငံရေးသေအောင် ဦးချိုးတဲ့ နာမ်နှိမ်မှုမျိုး လုပ်ခိုင်းသလို လက်နက်ကိုလည်း ကိုင်ဆောင်ခွင့် လုံးဝမပြုတော့တဲ့ အမျိုးအစား။ ဥပမာ - ရခိုင်ကွန်မြူနစ်ပါတီ၊ ခွန်ဆာ MTA
(ဃ) ကကကြည်းရဲ့ အရန်အင်အားလို့ လျှို့ ဝှက်သတ်မှတ်ထားပြီး တခြားအပစ်ရပ်အဖွဲ့တွေလို သတ်မှတ်ခေါ်ဝေါ် ခွင့်မပြုဘဲ တရားဝင် လက်နက်ကိုင်ခွင့်ပြုထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အမျိုးအစား။ ဥပမာ- DKBA တို့ဖြစ်ကြောင်း ခွဲခြားတွေ့ရပါတယ်။
နအဖဟာ မိမိတို့လက်ခုပ်ထဲကို ရောက်လာတဲ့ အပစ်ရပ်အဖွဲ့တွေကို ပထမတော့ အထူးဒေသများအဖြစ် တိုင်းနဲ့ပြည်နယ်များအလိုက် ခွဲပြုပြီး နံပါတ်စဉ် သတ်မှတ်ခဲ့ပေမယ့် လူမျိုးကိုအခြေခံပြီး သတ်မှတ်ခွင့်မပြု တာကိုတော့ သတိထားရမှာ ဖြစ်ပါတယ်။
နောက်ပိုင်း ၀င်လာတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကို အထူးဒေသလို့ မခေါ်ဝေါ်တော့ဘဲ ဒေသကို အစွဲပြုပြီး ခေါ်ချင်သလိုခေါ် နာမည်တပ်ချင်သလိုတပ်ကာ စနစ်တကျ မရှိတော့တာမို့ ပြည်သူတွေ ရှုပ်ထွေး မျက်စိလည်ကုန်ကြတဲ့အထိ တွေ့ခဲ့ရပါတယ်။ အခမ်းအနားတခုမှာ ဗိုလ်ခင်ညွန့်က အပစ်ရပ်အဖွဲ့ (၁၇) ဖွဲ့ရှိကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ရာမှ (၁၇) ဖွဲ့လို့သာ လွယ်လွယ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
တကယ်တမ်းကျတော့ ၁၉၈၉ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်းနှစ်ဆယ် အချိန်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ နအဖနဲ့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးလုပ်လာခဲ့တာ KNU မှ ဗိုလ်ကြီး စောနေစိုးမြနဲ့အဖွဲ့ အပါအ၀င် အဖွဲ့ကြီး အဖွဲ့ငယ် စုစုပေါင်း (၃၅) ဖွဲ့ ရှိသွားပြီဖြစ်ပါတယ်။
နအဖဟာ အပစ်ရပ်အဖွဲ့တွေရဲ့ စားဝတ်နေရေး၊ ရပ်တည်ရေး၊ လုံခြုံရေး၊ ဘ၀အာမခံချက်တွေကို ငြိမ်းချမ်းရေးဆွေးနွေးခဲ့စဉ်က ရွှန်းရွှန်းဝေအောင် ပြောခဲ့ပေမယ့် စောသမူဟဲမိသားစု လုပ်ကြံခံရတဲ့ဖြစ်စဉ်နဲ့ အကြွင်းမဲ့လက်နက်ချခဲ့တဲ့ MTA ခွန်ဆာရဲ့ စစ်သည်များတောင် ဘ၀ပျက်သွားတဲ့ ဖြစ်စဉ်တွေအရ နအဖရဲ့ ကတိပျက်ကွက်မှုဟာ ပေါ်လွင်နေပြီးတော့ တိုင်းရင်းသားတွေအရေးကိုလည်း လက်တွေ့မှာ လျစ်လျူရှု ပစ်ပယ်ခဲ့တာ အများအပြားတွေ့ရမှာ ဖြစ်ပါတယ်။
KIA နှင့် စာချုပ်ချုပ်ခဲ့တဲ့ နအဖရဲ့ကတိအရ တိုင်းရင်းသားအရေး ကိစ္စ အမျိုးသားညီလာခံကျမှ ဆွေးနွေးကြပါလို့ ဆိုပေမယ့် တကယ်တမ်း ညီလာခံကျင်းပလာတဲ့အခါ အပစ်ရပ်အဖွဲ့တွေ စုပေါင်းတင်ပြခဲ့တဲ့ တိုင်းရင်းသားအရေးကိစ္စကိုတော့ နအဖက ဥပေက္ခာပြု လျစ်လျူရှုခဲ့ပါတယ်။ ကိုးကန့်အဖွဲ့အချင်းချင်း ကွဲပြဲကြတဲ့ဖြစ်စဉ်နဲ့ KIA က ခွဲထွက်လာတဲ့ ဖြစ်စဉ်တွေမှာ ညီအစ်ကို စိတ်ဓာတ်နဲ့ ရိုးသားစွာပေါင်းစပ်ဖို့ ညှိနှိုင်းပေးရမယ့်အစား အင်အားချည့်နဲ့နေတာကို နအဖက အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ်ထုတ် အင်ပါယာချဲ့ထွင်တာကို တွေ့ရမှာဖြစ်တယ်။
ခုအချိန်မှာ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုရေးအတွက် တိုင်းရင်းသားအဖွဲ့တွေကို စည်းရုံးဖို့ နအဖအနေနဲ့ အရေးတကြီး လိုအပ်နေပါတယ်။ နအဖရဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကို ပြည်တွင်းလူထုသာမက နိုင်ငံတကာနဲ့ တရုတ်နိုင်ငံကတောင် စိတ်မပါ့တပါ အင်တင်တင်ဖြစ်နေတာကို တွေ့ရတော့ နအဖဟာ ထောက်ခံမှုရရှိရေး တနည်းအားဖြင့် နိုင်ငံရေးအင်အားစုတစ်စု ပေါ်ပေါက်လာအောင် အပစ်ရပ်အဖွဲ့တွေထံ ခြေဦးတည်ကာ လှည့်ဖြားသိမ်းသွင်းနေပါတော့တယ်။
နအဖရဲ့ လမ်းပြမြေပုံအရ အခြေခံဥပဒေ ဆန္ဒခံယူပွဲကာလမှာ အပစ်ရပ်အဖွဲ့တွေကို လက်နက်ဖြုတ်သိမ်းဖို့ ဖိအားပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲနီးလာလို့် လက်နက်ဖြုတ်သိမ်းတဲ့ကိစ္စကို ထပ်မံကိုင်တွယ်နေရင် ပြဿနာ ပိုမိုကြီ်းထွားနိုင်တာမို့ ခုနေခါမှာ နအဖအနေနဲ့ အပစ်ရပ်တွေကို နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းခွင့်ပြုမယ်လို့ တထစ်လျှော့ခဲ့ရပြီဖြစ်ပါတယ်။
အချုပ်အားဖြင့် တိုင်းရင်းသားများအပေါ်မှာ စစ်အာဏာရှင်တွေရဲ့ သဘောထားအမှန်ကို အောက်ပါအတိုင်း သုံးသပ်တွေ့ရှိရပါတယ်။
(က) စစ်အာဏာရှင် ဗိုလ်သန်းရွှေဟာ ပရိယာယ် ဉာဏ်ကစား၊ လှည့်ကွက်များပြီး ရိုးသားမှု မရှိခြင်း၊ ဗိုလ်မောင်အေးက အာဃာတတရားဖြင့် နှိမ့်ချဆက်ဆံလိုခြင်း။
(ခ) သူတို့နှစ်ဦးစလုံးဟာ အပစ်ရပ်အဖွဲ့တွေအပေါ် ယုံကြည်မှုအတိုင်းအတာမရှိကြဘဲ လက်နက်အပြီးအပိုင် ဖြုတ်သိမ်းလိုကြခြင်း (အစည်းအဝေးတိုင်းမှာ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့က တောထဲကကောင်တွေ လူပါးဝရင် မခံဘူး၊ ပြန်ချရမယ်ဆိုတဲ့ မကြာခဏ ကြိမ်းဝါးသံ ကြားနေရခြင်း)။
(ဂ) အပစ်ရပ်အဖွဲ့တွေရဲ့ လုံခြုံရေး၊ ရပ်တည်ရေးအတွက် ကတိပျက်ပြီး လျစ်လျူရှူလိုခြင်း။
(ဃ) နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ်အတည်းများဖြစ်လာရင် အသုံးချဖို့သာ ရည်ရွယ်ထားခြင်း။
ဒါကြောင့် အပစ်ရပ်အဖွဲ့တွေအနေနဲ့ တွေ့ကြုံခဲ့တာတွေကို သင်ခန်းစာယူ သုံးသပ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်ချင်တယ်ဆိုရင်တောင် ညီလာခံမှာ အပစ်ရပ်အဖွဲ့တွေ တင်သွင်းခဲ့တဲ့ စာတမ်းအား ပြန်လည်ထည့်သွင်းစဉ်းစားပြီး အခြေခံပြင်ဆင်ခွင့်ပေးဖို့် နအဖကို တောင်းဆိုသင့်ပါတယ်။
နအဖကို အထက်ပါအတိုင်း တောင်းဆိုခြင်းမပြုဘဲ နအဖရဲ့ legitimacy ရဖို့ အသုံးချခံသက်သက် ရွေးကောက်ပွဲဝင် လိုက်မယ်ဆိုပါက လွှတ်တော်မှာ မဲအများစုချုပ်ကိုင်ဖို့ သိမ်းထားတဲ့ နအဖရဲ့အကွက်ထဲ ရောက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲဟာ နအဖရဲ့ မာယာထောင်ချောက် စစ်ကျွန်အဖြစ် တရားဝင် အသက်သွင်းမယ့် ယန္တရားသာဖြစ်လို့ နောင်လာနောက်သားတွေနဲ့ မြန်မာနိုင်ငံရဲ့  နောင်ရေးအတွက် ဆင်ခြင်ကြည့်ရှုဖို့လိုကြောင်း အပစ်ရပ်တိုင်းရင်းသားတွေကို တိုက်တွန်းရေးသားလိုက်ရပါတယ်။
No comments:
Post a Comment