Thursday, May 21, 2009

ဒေါ်အောင်ဆန်း စုကြည်နှင့် သံတမန်များ တွေဆုံသည့် သတင်းကို MRTV တွင် ပြသစဉ်

NEJ / ၂၁ မေ ၂၀၀၉

ဒေါ်အောင်ဆန်း စုကြည်ကို ရုပ်မြင် သံကြားက ထုတ်လွှင့် ပေးသည့် အတွက် ရန်ကုန်မြို့ ခံများက အတိုင်း ထက်အလွန် ကျေနပ် လျက်ရှိ ကြောင်း သိရသည်။

ပြည်တွင်းမှ ဂီတစာဆိုတဦးက “တည်ကြည် လိုက်တဲ့ ရုပ်ရည်၊ ကြည်လင် လိုက်တဲ့ မျက်နှာဗျာ။ ဒီ အမျိုးသမီးက သူ့စိတ်ထဲမှာ ဥပေက္ခာ တရား တွေ နှလုံးသွင်း ထားပုံ ပေါ်တယ်။ ပြီးတော့ ဒီစစ်အစိုးရကို လုံးဝ မတုန်လှုပ်ဘူး ဆိုတဲ့ ပုံပေါ်တယ်။ သူ့ကို အခု အချိန်မှာ ရုပ်မြင် သံကြား က ပြသလို့ လူတွေရဲ့ စိတ်မှာ ကြည်လင် အေးမြမှု တခုရ တယ်ဗျ” ဟု ပြောသည်။

YCDC (ရန်ကုန်စည်ပင်) ၏ အငြိမ်းစား ဗိုလ်မှူး တဦး ကလည်း ဒေါ်အောင်ဆန်း စုကြည်ကို (၁၀) နှစ်ကျော် မတွေ့ မမြင် ခဲ့ရဘဲ ယခုကဲ့ သို့ ရုပ်မြင် သံကြား ပေါ်မှာ တွေ့လိုက် ရသည့် အတွက် အတိုင်း ထက်အလွန် ၀မ်းသာ ကြည်နူး မိကြောင်း ပြောသည်။


“သူ့ကို အစိုးရက အခုလိုထားလေလေ သူက ပါဝါတွေ တက်လာလေပါပဲ။ သူ့ကို ကြည့်ရတာ အန်ကယ်တို့ စိတ်ထဲမှာ ချမ်းမြေ့တယ်။ ဒါပေမယ့် အခုလိုနေရတာမျိုးတော့ မဖြစ်စေချင်ဘူး။ စစ်အစိုးရ ၀န်ထမ်းတဦးဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကရုဏာရှိပြီးသားပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ (ယက်တောအိမ်ထဲဝင်ရောက်မှု) တရားခံဟု စွပ်စွဲသုံးနှုန်း စစ်ဆေးသည်ကို မကျေနပ်ကြကြောင်း၊ သို့သော် ပြောမိပါကလည်း ၎င်းတို့၏စားဝတ်နေရေးအတွက် အလုပ်ပြုတ်သွားမည်ကို စိုးရိမ်ကြကြောင်း အစိုးရ ၀န်ထမ်းများကလည်း ပြောကြသည်။

တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော ဆက်သွယ်ရေးအရာရှိတဦးက “ဘယ်သူ့ကိုဖြစ်ဖြစ် မေးလိုက်ပါ။ ဘယ်သူကမှ မကျေနပ်ကြဘူး။ ဒီကြားထဲ ရဲကားတွေက မြို့ထဲမှာ အင်အားပြနေသေးတယ်။ ရှင်းရှင်းလင်းလင်း ပြောမယ်ဗျာ။ ဘယ်သူမှ သူတို့ကို မလိုလားဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိစ္စမှာ ပိုဆိုးသွားတယ်” ဟု ပြောသည်။

ရန်ကုန်အခြေစိုက် ပြည်တွင်းသတင်းဂျာနယ်တစောင်၏ အယ်ဒီတာတဦးကလည်း ယခုကဲ့သို့ စစ်အစိုးရ၏ လုပ်ရပ်အပေါ် စာပေစာနယ်ဇင်းသမား အတော်များများက မနှစ်သက်ကြကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား ရေကူးဝင်ရောက်မှုနှင့်ပတ်သက်၍ အင်းစိန်အထူးတရားရုံးတွင် မေ (၁၈) ရက်မှ စတင်၍ အမှုစစ်ဆေးကြားနာခဲ့သည်။

တတိယနေ့ဖြစ်သည့် ယမန်နေ့တွင် နိုင်ငံခြားသံတမန် (၂၉) ဦးနှင့် ပြည်တွင်းပြည်ပ သတင်းနှင့်စာနယ်ဇင်းများမှ သတင်းထောက် (၁၀) ဦးတို့ကို တရားခွင်သို့ လာရောက်ခွင့်ပြုခဲ့သည်။ စင်ကာပူသမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနှင့် ထိုင်းတို့မှ သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံသည့်သတင်းကို ယမန်နေ့ည (၈) နာရီတွင် စစ်အစိုးရ ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသခဲ့သည်။

ယနေ့ မေလ (၂၁) ရက်နေ့ထုတ် အစိုးရသတင်းစာများတွင်လည်း အလားတူ သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည် အင်းစိန်အကျဉ်းထောင် အထူးတရားရုံးတွင် တွေ့ဆုံသော သတင်းကို ဖော်ပြထားသည်။

No comments:

Post a Comment