Saturday, June 6, 2009

ကရင်နီ စစ်ပြေးဒုက္ခသည်တွေရဲ့ အနာဂတ်

ပါးရယ်

မြန်မာ နိုင်ငံ အတွင်းမှာ ရှည်ကြာ တဲ့ ပြည်တွင်း စစ်နှင့် နိုင်ငံရေး မတည်ငြိမ်မှု တို့ကြောင့် ထိုင်း မြန်မာ နယ်စပ် ရှိ ဒုက္ခသည် စခန်း တွေ မှာ သောင်းဂဏန်း နှင့်ချီ၍ ထွက်ပြေး ရောက်ရှိ လာပြီး သောင်တင် နေကြတဲ့ တိုင်းရင်းသား စစ်ပြေး ဒုက္ခသည် မြောက်များ စွာထဲမှာ ကရင်နီ တိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေလည်း (၂ဝ,ဝဝဝ) ကျော်ခန့် ရှိနေ ပါတယ်။

ဒုက္ခသည်စခန်းမှာ ဆယ်စုနှစ်ကျော် ကြာမြင့်စွာ လာရောက်ခိုလှုံ နေထိုင်ကြတာနဲ့အမျှ ကိုယ်ရပ်ရွာ၊ ကိုယ့်ဇာတိတိုင်းပြည်ကို ပြန်မယ်ဆိုရင်လည်း မပြန်နိုင်ကြခြင်း၊ စခန်းမှာပဲ ဆက်လက်နေထိုင် သွားမယ်ဆိုလည်း အနာဂတ် မျှော်လင့်ချက်က ကင်းမဲ့နေခြင်းတို့ကြောင့် တတိယနိုင်ငံသို့ သွားရောက်အခြေချနေထိုင်ကြတဲ့ သူတွေရှိနေသလို မသွားချင်ကြတဲ့ သူတွေလည်း အမြောက်အများ ရှိနေပါတယ်။

ဆိုတော့ တတိယနိုင်ငံကို သွားရောက်အခြေ မချချင်တဲ့ ကရင်နီ ဒုက္ခသည်တွေအတွက် ဘယ်လို စီစဉ်ဆောင်ရွက်မှုတွေ လုပ်ပေးမလဲ ဘာတွေဖြစ်လာမလဲ ဆိုတဲ့မေးခွန်းကို ကရင်နီ တော်လှန်ရေး သက်တမ်း အရှည်လျားဆုံးဖြစ်သလို နိုင်ငံရေးပါတီလဲဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ကို မေးရတော့မှာပါ။

တတိယနိုင်ငံသို့ သွားရောက်အခြေချနေထိုင်ဖို့ စိတ်ပါဝင်စားမှု မရှိတဲ့ ကရင်နီဒုက္ခတွေ အတွက်ကြတော့ ကေအဲန်ပီပီ အနေနဲ့လည်း ပြန်လည်အခြေချနေထိုင်ရေး အစီအစဉ်ကို အကောင်အထည် ဖော်ပေးဖို့ စီစဉ်ထားတာတွေရှိသလို မြန်မာစစ်အစိုးရတွေနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကရင်နီဒုက္ခသည်တွေ ကရင်နီတပ်မတော်တွေ အပါအဝင် ပြန်လာနေထိုင်ဖို့ တောင်းဆိုတင်ပြထားတဲ့ နေရာဒေသတွေက စစ်အစိုးရက ခွင့်မပြုခြင်း၊ လက်မခံခြင်းကြောင့် ပြန်လည်အခြေချနေထိုင်ရေး အစီအစဉ် မထမြောက်ခြင်းဖြစ်တယ်လို့ ကေအဲန်ပီပီ ဥက္ကဌ ခူးထဲဘူးဖဲက ပြောပါတယ်။

ပြန်လည်နေထိုင်ဖို့အတွက် စစ်အစိုးရက ကရင်နီပြည် အနောက်ဘက်ခြမ်းရှိ ဒေါတမ၊ ဒေါညေခူဒေသ တစ်ခုတည်းကိုပဲ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ တတိယနိုင်ငံ မသွားချင်တဲ့ ကရင်နီဒုက္ခသည်တွေလည်း သောင်းဂဏန်းနဲ့ ရှိနေလေတော့ အဲဒီ ဒေါတမ၊ ဒေါညေခူ နေရာဒေသမှာပဲ ပြန်လည် အခြေချမယ်ဆိုရင် မဖြစ်နိုင်ဘူးလို့ သူကပြောပါတယ်။

“ကျနော်တို့ ကေအဲန်ပီပီ အနေနဲ့ စစ်အစိုးရတွေနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးလေ့ရှိပါတယ်၊ တွေ့ဆုံဆွေးနွေးတာ အကြိမ်အဖန် များပြီ၊ ကျနော်တို့ တောင်းဆိုတင်ပြထားတဲ့ နေရာဒေသတွေက သူတို့ မပေးဘူးလေ၊ ဒေါတမ၊ ဒေါညေခူ ဂွင်တစ်ခုတည်းပဲ သူတို့ ခွင့်ပြုတယ်၊ ပြန်လာနေထိုင်မယ်ဆိုလည်း မနေထိုင်တတ်ဘူး၊ တောင်ယာတွေ လုပ်ကိုင်စားသောက်လို့လည်း မရဘူး၊ ကျနော်တို့ ဒုက္ခသည်တွေလည်း သောင်းဂဏန်းနဲ့ ရှိနေတော့ အဲမှာ သွားပြန်နေမယ်ဆိုရင် မဖြစ်နိုင်တဲ့အတွက် ကျနော်တို့လည်း မပြန်ဖြစ်ခြင်း ဖြစ်တယ်” လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဥက္ကဌ ခူထဲဘူးဖဲ ပြောဆိုသွားတာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ကရင်နီဒုက္ခသည်တွေအတွက် ပြန်လည်အခြေချနေထိုင်ရေး အစီအစဉ်နဲ့ ပတ်သက်လို့ ကရင်နီပြည်တွင်းမှာ စစ်ပြေးဒုက္ခသည်တွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ပေးနေတဲ့ ကရင်နီလူမှု ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးဌာန KSWDC က ယခုအခြေအနေအရဆိုရင် ပြန်လည် အခြေချနေထိုင်ရေး အစီအစဉ်ဆိုတာ မဖြစ်နိုင်သေးဘူးလို့ ပြောဆိုပါတယ်။

လတ်တလော ကရင်နီပြည်တွင်းရဲ့ အခြေအနေအရ ကရင်နီဒုက္ခသည်တွေအတွက် ပြန်လည်အခြေချ နေထိုင်ရေး အစီအစဉ်က မဖြစ်နိုင်သေးကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြည်းတွင်းက အခြေမဲ့၊ အိုးအိမ်မဲ့ ဖြစ်နေတဲ့ အိုင်ဒီပီတွေက တိုးပွားလာပြီး အခြေအနေ ဆိုးရွားနေဆဲ ဖြစ်တယ်လို့ KSWDC အဖွဲ့မှ ဒါရိုက်တာ ဖဲဘူးကပြောပါတယ်။

အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ အိုင်ဒီပီတွေက (၅ဝ,ဝဝဝ) ကျော်ခန့် ရှိနေပြီး သူတို့ရဲ့ စားဝတ်နေရေးအတွက် အလုပ်အကိုင်တွေ ရှာဖွေလုပ်ကိုင်စားသောက်ရာမှာ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရသည့်အတွက် ပိုမိုသက်တောက်သက်သာဖြစ်တဲ့ နေရာဒေသကို တစ်နေရာပြီး တစ်နေရာ ရွေ့ပြောင်းထွက်ပြေးနေကြရဆဲဘဲလို့ ဆိုပါတယ်။

“အခုလောလောဆယ် အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ အိုင်ဒီပီတွေကို သတ်မှတ်မယ်ဆိုရင် လျော့ကျလာတာ မရှိဘူး၊ တိုးပွားလာတာပဲ ရှိတယ်၊ ပြည်သူပြည်သားတွေက သူတို့ အလုပ်အကိုင်တွေကို ရှာဖွေလုပ်ကိုင် စားသောက်ရာတွေလည်း သူတို့အတွက် အဆင်မပြေမှုတွေ ခက်ခဲမှုတွေ ရှိနေတော့ သူတို့အတွက် ပိုမိုသက်တောင့်သက်သာ ဖြစ်တဲ့ နေရာကို တစ်နေရာပြီး တစ်နေရာ ရွေ့ပြောင်းသွားနေရတော့ အိုင်ဒီပီတွေက လျော့နည်းလာတာ မရှိဘူး၊ များပြားလာတာပဲ ရှိတယ်” လို့ ကရင်နီလူမှုကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးဌာန ဒါရိုက်တာ ဖဲဘူး ပြောသွားတာ ဖြစ်ပါတယ်။

အကယ်၍ သူတို့ နာမကျန်းမှုတွေ ဖြစ်ရင်လည်း ဆေးဝါးပစ္စည်းတွေ ဈေးကြီးနေသည့်အတွက် ငွေကြေး မတတ်နိုင်မှုကြောင့် ဝယ်ယူမသုံးစွဲနိုင်ခြင်း၊ ငွေရေးကြေးရေး အခက်အခဲကြောင့် ကလေးကို ကျောင်းမထားနိုင်ခြင်း စတာတွေဟာ အိုင်ဒီပီတို့ရဲ့ အမြဲတမ်း ကြုံတွေ့ရတဲ့ အခက်အခဲလို့ ဆိုပါတယ်။

အခု ၂ဝဝ၉ ခုနှစ် ဧပြီလမှာလည်း ကေအဲန်ပီပီနဲ့ စစ်အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေကြောင့် ပြည်တွင်းက အိုင်ဒီပီ (၁၆၃)ဦး ဒုက္ခသည်စခန်းကို ရောက်ရှိလာတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ ပြီးတဲ့နောက်ပိုင်းမှာလဲ ပြည်တွင်းက အိုင်ဒီပီ ဖြစ်ပွားမှုဟာ လျော့ကျမှု မရှိသကဲ့သို့ တိုးပွားလာနိုင်လိမ့်မယ်လို့ ဖဲဘူးက ပြောပါတယ်။

အကယ်၍ ပြည်တွင်းက အိုင်ဒီပီတွေ ထပ်ပြီး ဒုက္ခသည်စခန်းကို ရောက်ရှိလာမယ်ဆိုရင် ကရင်နီဒုက္ခသည် ကော်မီတီ (KnRC) အနေနဲ့ လက်ခံနိုင်မယ်၊ မလက်ခံဘူးဆိုတာကတော့ မသေချာမရေရာ ဖြစ်နေပါတယ်။

၂ဝ၁ဝ မတိုင်မှီဖြစ်စေ၊ ၂ဝ၁ဝ ပြီးတဲ့နောက်ဖြစ်စေ အကယ်၍ ပြည်တွင်းက အိုင်ဒီပီတွေ ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည်စခန်းကို ထပ်ပြီး ထွက်ပြေးရောက်ရှိလာမည်ဆိုရင် ဒုက္ခသည်အဖြစ် အသိမှတ်ပြုခြင်း၊ မပြုခြင်း၊ လက်ခံခြင်း၊ လက်မခံခြင်းဟာ ထိုင်းစစ်တပ်နဲ့ ထိုင်းပြည်ထဲရေး အယ်မ်အိုအိုင် အဖွဲ့တွေနဲ့ သက်ဆိုင်နေတယ်လို့ ကရင်နီ ဒုက္ခသည်စခန်းကော်မီတီ KnRC က ပြောပါတယ်။

ထိုင်းမူပေါ်လစီအရ ပြည်းတွင်းက ရောက်ရှိလာတဲ့ အိုင်ဒီပီတွေကို အမှန်တကယ် ပြည်တွင်း စစ်ကြောင့် ထွက်ပြေးရောက်ရှိလာခြင်း ဖြစ်ခြင်း၊ မဖြစ်ခြင်းကို စစ်ဆေးစေစစ်သွားမှာ ဖြစ်ပါတယ်။

တိုက်ပွဲကြောင့် စစ်အစိုးရတပ်တွေရဲ့ ဖိနှိပ်ညှင်းပန်းမှုကြောင့် ပြည်တွင်းမှာ အမှန်တကယ် နေထိုင်လို့မရတော့တဲ့ အိုင်ဒီပီတွေကိုသာ ဒုက္ခသည်အဖြစ် အသိမှတ်ပြု လက်ခံမှာဖြစ်တယ်လို့ KnRC ဥက္ကဌ ခွန်းခွန်းလင်းမောင်က ပြောပါတယ်။

“ဒုက္ခသည်အဖြစ် လက်ခံမယ်၊ မလက်ခံဘူး ဆိုတာကတော့ ထိုင်းအာဏာပိုင်ကနေပြီးတော့ news arrival (အသစ်ရောက်လာသူ)တွေ စစ်ဆေးမှု လုပ်တဲ့ အချိန်ကျမှ အဲဒါ သူတို့ အင်တာဗျူး ဝင်ကြရမယ်၊ အဲဒီမှာ သူရဲ့ လျှောက်လဲချက်ပေါ့၊ သူရဲ့ ထွက်ဆိုချက်တွေ ကောင်းတယ်၊ ထိုင်းစစ်တပ်ကလည်း ဟုတ်တယ်၊ ထောက်ခံချက်တွေ ပေးတယ်ဆိုရင် ဒီလူတွေက ဒုက္ခသည်အဖြစ် အသိမှတ်ပြုခြင်း ခံရရင်ခံရမှာ ဖြစ်တယ်၊ အကြောင်းပြချက် မခိုင်လုံတဲ့ သူတွေကြတော့ ဒုက္ခသည်အဖြစ် အသိမှတ်ပြုခြင်း ခံရမှာ မဟုတ်တဲ့အပြင် ပြန်ပို့ခြင်း ခံရမယ်” လို့ ကရင်နီဒုက္ခသည်ကော်မီတီ ဥက္ကဌ ခွန်းခွန်းလင်းမောင် ပြောပါတယ်။

ဒီထိုင်းမူပေါ်လစီဟာ ယူအဲန်အိတ်ခ်ျစီအာ အဖွဲ့အစည်းနဲ့ ကရင်နီဒုက္ခသည် ကော်မီတီကို သက်ဆိုင် ပတ်သက်မှု မရှိဘူးလို့ ဆိုပါတယ်။ အကယ်၍ ပြည်တွင်းက ရောက်ရှိလာတဲ့ အိုင်ဒီပီတွေက ဒီထိုင်းမူပေါ်လစီနဲ့ ကျော်ဖြတ်ပြီးမှသာလျှင် ဒုက္ခသည်စခန်းထဲမှာ တရားဝင်နေထိုင်သူအဖြစ် အသိအမှတ်ပြုမှာဖြစ်ပါတယ်။ ထိုင်းရဲ့အားမခံချက်၊ ထောက်ခံချက် မရှိဘဲ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ သူတွေကို တရားမဝင်နေထိုင်သူအဖြစ် သူတို့ အဓိပ္ပါယ် ဖွင့်ဆိုတယ်လို့ ခွန်းခွန်းလင်းမောင်က ဆက်လက်ပြောဆိုသွားပါတယ်။

ထိုင်းမြန်မာနယ်စပ်တွေမှာ ဒုက္ခသည်တွေအဖြစ် ယူအဲန်လက်မှတ်တွေကိုင်ထားပြီး တတိယနိုင်ငံကို အခြေချနေထိုင်လိုသူတွေ အတွက်တော့ ဒီနေရာမှာ ရှည်ရှည်ဝေးဝေး ပြောရမဲ့ ကိစ္စမဟုတ်တော့ပါ။ ဒါပေမဲ့ တတိယနိုင်ငံကို မသွားလိုဘဲ ကိုယ့်မြေ၊ ကိုယ့်ဒေသတွေမှာ ပြန်လှည်အခြေချနေထိုင်ဖို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတခု ပြုပြင်ပြောင်းလဲလာမည့် နေ့ရက်ကို စစ်အစိုးရမပြုတ်ကျမချင်း ဆက်လက်စောင့်ဆိုင်းနေရမှာပါ။

စစ်အစိုးဟာအာဏာကို ဆက်လက်ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားနိုင်ဖို့ အစီအစဉ်တွေကို စိတ်ကြိုက် ရေးဆွဲချမှတ်နေပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရအဆက်ဆက် အာဏာက ပြည်သူထံ မပြောင်းပေးသ၍ ဒုက္ခသည်တွေအတွက် ပြန်လှည်အခြေချထားရေး အစီအစဉ်မဆိုထားနဲ့၊ ပြည်တွင်းဒုက္ခသည်တွေ ဘယ်လောက် ထပ်တိုးလာဦးမလဲ ဆိုတာကို ဆက်လက်စောင့်ကြည့် နေရအုံးးမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment