Wednesday, June 3, 2009

ဥပဒေနှင့်အညီ ခုခံချေပခွင့်


၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး၏ တရားစီရင်ရေးဆိုင်ရာမူများ အခန်း၂ ပုဒ်မ ၂ (စ) တွင် အမှုတွင် ခုခံချေပခွင့်နှင့် ဥပဒေအရ အယူခံပိုင်ခွင့်ပေးခြင်းဟူ၍ ပြဋ္ဌာန်းထားသည်။ ယခု ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် ဥပဒေနှင့်အညီ ခုခံချေပခွင့် ရပါမည်လား၊ တရားစီရင်ရေးဆိုင်ရာ မူဖြစ်သည့် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခြင်းနှင့် ဥပဒေတားမြစ်ချက်များမှအပ အများပြည်သူ၏ ရှေ့မှောက်တွင် စစ်ဆေးစီရင်ခြင်း စသည့် အခွင့်အရေးများကို ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် ခံစားခွင့် မပြုခဲ့သည်ကို ပြည်သူအများ သိပြီးဖြစ်သည်။

ယခု တရားခံအဖြစ် စွပ်စွဲခံရသူဘက်မှ တင်ပြမည့် သက်သေများကိုလည်း တရားရုံးက ခွင့်ပြုမည်လား၊ လုံခြုံရေး အကြောင်းပြချက်များဖြင့် ငြင်းပယ်ဦးမည်လား သို့မဟုတ် တရားခံဘက်မှ ထွက်ဆိုအစစ်ခံမည့် သက်သေများ တရားရုံးသို့ မလာရောက်နိုင်အောင် ဆောင်ရွက်ဦးမည်လား ဆိုသည်မှာ လွန်စွာ သံသယဖြစ်စရာပင် ဖြစ်သည်။

တရားခံဘက်မှ သက်သေအဖြစ် တင်ပြမည့်သူများကို ရုံးရှေ့သို့ လာရောက် သက်သေထွက်ဆိုချက်ပေးရန် သမ္မန်စာ ထုတ်၍ ခေါ်ယူပေးရန် တရားရုံး၏ တာဝန်ဖြစ်သည်။ အဆိုပါ သမ္မန်စာကို လက်ခံရရှိသူက တရားရုံးသို့ မလာရောက်၊ သက်သေထွက်ဆိုချက် မပေးဟု ငြင်းဆိုခဲ့လျှင် ချုပ်နှောင်ခွင့်ကိုပင် တရားရုံးအား အာဏာအပ်နှင်းထားသည်။ မည်သူမျှ ငြင်းဆိုခွင့်မရှိဘဲ၊ တရားရုံးသို့ လာရောက်၍ သက်သေထွက်ဆိုရမည် ဖြစ်သည်။

သို့သော် အထူးခုံရုံးအနေဖြင့် ထိုသို့ မဆောင်ရွက်ခဲ့သည့် ဥပမာများစွာ ရှိသည့်အနက်မှ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည့် ခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင်နှင့် စိုင်းညွန့်လွင်တို့၏ အမှုများတွင် တရားလိုပြ သက်သေများအဖြစ် တင်ပြခဲ့သည့် ဦးဘသင်၊ ဇင်အောင်နှင့် ခင်မောင်ချင်းတို့အား ပြန်ခေါ်သက်သေများအဖြစ် ပြန်လည်စစ်ဆေးလိုကြောင်း တရားရုံးသို့ လျှောက်ထားခဲ့ရာတွင် တရားရုံးက ရုံးတော်သို့ သက်သေအဖြစ် လာရောက်ထွက်ဆိုရန် သမ္မန်စာထုတ်ပေးခဲ့သည်။ သမ္မန်စာကို သတင်းတပ်ဖွဲ့မှ တာဝန်ယူ၍ ပြန်လည် စစ်ဆေးလိုသည့် ဦးဘသင်၊ ဇင်အောင်နှင့် ခင်မောင်ချင်းတို့အား အသိပေးမည်ဟု ပြောဆိုခဲ့သည်။ သို့သော် အမှုစစ်ဆေးမည့်နေ့တွင် တရားခံများ ပြန်လည်ခေါ်ယူသည့် သက်သေများသည် နေရပ်လိပ်စာ ပြောင်းလဲသွားပြီဖြစ်၍ အကြောင်းကြား၍ မရနိုင်ကြောင်းနှင့် ပြောင်းရွှေ့သွားသည့် လိပ်စာကို စုံစမ်းမရကြောင်း တရားရုံးသို့ ပြန်လည် တင်ပြ၍ ပြန်ခေါ်သက်သေများ မလာနိုင်အောင် စီစဉ်ခဲ့သည်။

ထို့အတူ ဗိုလ်ချုပ်ဆေထင်က လားရှိုးမှ သက်သေအဖြစ် ထွက်ဆိုမည့်သူကို သမ္မန်စာဆင့်ဆို ခေါ်ယူပေးရန် တင်ပြခဲ့သည်။ တရားရုံးက သမ္မန်စာ ထုတ်ဆင့်ပေးခဲ့သည်။ ထိုသမ္မန်စာကို သတင်းတပ်ဖွဲ့မှ ရုံးချိန်းရက် ၂ ရက်သာ လိုတော့သည့်အချိန်မှ သက်သေအဖြစ် ထွက်ဆိုမည့်သူထံ ပေးပို့ပြီး သမ္မန်စာ အတည်ဖြစ်သည်၊ သက်သေမလာရောက် ဆိုသည့် အကြောင်းပြချက်ဖြင့် သက်သေစာရင်းမှ ပယ်ထုတ်ခဲ့သည့် သာဓကများ ရှိသည်။ လားရှိုးမှ ရန်ကုန်သို့ ၂ ရက်အတွင်း လာရောက်ရန် မည်သို့မျှ မဖြစ်နိုင်သည်ကို သိလျက်နှင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရသည်။ ရန်ကုန်မှ သက်သေအဖြစ် လိုက်ပါမည့်သူများကိုလည်း ထောင်အတွင်းတွင် ဖွင့်လှစ်ထားသည့် အထူးခုံရုံးသို့ မလာနိုင်အောင် နည်းမျိုးစုံဖြင့် တားဆီးခဲ့သည်။

၂ဝဝ၇ ရွှေ့ဝါရောင် သံဃလှုပ်ရှားမှုများအပြီးတွင် အင်းစိန်ထောင်အတွင်း၌ စစ်ဆေးစီရင်သည့် အမှုများတွင်လည်း ရှေ့နေများ တရားခွင်အတွင်းသို့ မဝင်ရောက်နိုင်အောင် နည်းမျိုးစုံဖြင့် ဟန့်တားခဲ့သည်။ တားမြစ်၍ မရသည့်အဆုံးမှ အကျိုးဆောင်များအဖြစ် လိုက်ပါဆောင်ရွက်ခွင့်ရသည့် သာဓကများလည်း အများအပြားပင် ရှိခဲ့သည်။

တရားခံများ၏ အခွင့်အရေးများအနက် အကျိုးဆောင်နှင့် ဆွေးနွေးတိုင်ပင်ခွင့်ကို တရားခံများအနေဖြင့် အထူးတောင်းဆိုရန် မလိုဘဲ ခံစားခွင့်ပေးရမည်ဟု ဥပဒေက အတိအလင်း ပြဋ္ဌာန်းထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အမှုကို ခုခံချေပရန် အကျိုးဆောင်များနှင့် လုံလောက်သည့် တိုင်ပင်ဆွေးနွေးခွင့်ကိုပင် မရခဲ့ပေ။

သက်သေအဖြစ် အမည်စာရင်း တင်သွင်းထားသည့် ၄ ဦးကိုလည်း တရားရုံးက ရုံးရှေ့သက်သေအဖြစ် ထွက်ဆိုနိုင်အောင် ဆောင်ရွက်ပေးမည်လား၊ ယခင် ဆောင်ရွက်ခဲ့သည့်အတိုင်း ဥပဒေကို လက်တလုံးကြားဖြင့် ကျင့်သုံးဆောင်ရွက်မှာလား ဆိုသည်ကို စောင့်ကြည့်ရပေဦးမည်။


No comments:

Post a Comment