Thursday, June 4, 2009

ဆောက်လုပ်ရေးညံ့ဖျင်းမှုကြောင့် ဓနုတ်စေတီတော်ကြီး ပြိုရ၊ နအဖသတင်းစာများ ၀န်ခံရေးသား

မင်းနိုင်သူ / ၄ ဇွန် ၂၀၀၉

ယနေ့ထုတ် နအဖ သတင်းစာ များတွင် ဓနုတ် စေတီ တော်ကြီး ပြိုကျ ပျက်စီး ရခြင်းမှာ ဆောက်လုပ်ရေး ပိုင်းဆိုင်ရာ အရည် အသွေး မပြည့်မီ မှုကြောင့် ဖြစ်ကြောင်း ရေးသား ထားသည်။

ယင်းကဲ့သို့ ပြိုကျရခြင်းမှာ မူလစေတီပုံစံဖြစ်စေရန် ပြင်ဆင်ခဲ့ခြင်းကြောင့် ၀န်ပိုများ များပြားလာခြင်း၊ အလှူရှင်များ ဆန္ဒအရ မိုးမကျမီပြီးစီးနိုင်ရေးအတွက် အမြန်မွမ်းမံတည်ဆောက်ခြင်း၊ အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ရှိခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ကတွေ့ရှိရသည်ဟု ယနေ့ထုတ်သတင်းစာများတွင် ဖော်ပြသည်။

အဆိုပါသတင်းစာများတွင် စေတီတော်ပြိုကျမှုကြောင့် အရပ်သား (၂) ဦး သေဆုံးခဲ့ပြီး၊ တပ်မှ (၂၆) ဦးနှင့် အရပ်သား (၈) ဦးတို့ ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

မေ (၃၀) တွင်ဖြစ်ပွားခဲ့သော စေတီတော်ပြိုကျမှုသတင်းကို စစ်အစိုးရ နေ့စဉ်ထုတ် သတင်းစာများက ယနေ့တွင်မှ ဖော်ပြခဲ့ကြပြီး ပြည်တွင်းဂျာနယ်များကိုလည်း သတင်းရေးသားခွင့်မပြုခဲ့ကြောင်း ပြည်တွင်းမှ ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

“သတင်းထောက်တွေကတော့ သတင်းလိုက်ခဲ့ကြတာပဲ။ ကျနော်တို့လည်း စိစစ်ရေးတင်တာပဲ။ ဒါပေမယ့် မရဘူး။ အားလုံးကို ဖြုတ်တယ်။ ပုံရော၊ စာရော ဘာတခုမှ မပေးဘူး။ ဒီနေ့သတင်းစာမှာပါလာပြီဆိုတော့ ပြန်တော့တင်ကြည့်ရမှာပဲ။ ဖော်ပြခွင့်ရရင်လည်း သတင်းစာမှာ ပါသလောက်ပဲဖြစ်မှာပဲ” ဟု အယ်ဒီတာက ပြောသည်။

ပြည်တွင်းသတင်းထောက်များကမူ သေဆုံးသူဦးရေ (၂) ဦးထက်ပိုမည်ဖြစ်ကြောင်း၊ လွတ်လပ်စွာသတင်းရယူခွင့် မပြုကြောင်း၊ အလျင်လိုခဲ့ကြသည့် အလှူရှင်များဆိုသည်မှာလည်း ဗိုလ်ချုပ်ကတော်များသာဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောကြသည်။

ဓနုတ်စေတီတော်ကြီးသည် ၂၀၀၆ ခုနှစ်အတွင်းတွင် တနင်္လာထောင့်မှ စ၍ ထက်ခြမ်းကွဲမြေခခဲ့သဖြင့် ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ဦးစီးမှုဖြင့် ရွှေသံလွင်ကုမ္ပဏီက တာဝန်ယူပြုပြင်ခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် မေ (၇) ရက်တွင် နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်ဦးစီးပြီး ထီးတော်တင်ခဲ့ပြီးနောက် (၂၃) ရက်အကြာ မေ (၃၀) ရက် စနေနေ့တွင် ပြိုကျပျက်စီးသွားခဲ့သည်။

No comments:

Post a Comment