Monday, June 29, 2009

မည်သို့ပင်ဖြစ်စေ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားသင့်သည်

အောင်ဇော်

ကုလ သမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာ နိုင်ငံသို့ သွားသင့် ပါသလား။ ကျနော် ကတော့ ချက်ချင်းပင် သွား သင့် သည်ဟု အဖြေပေး ရပါ လိမ့် မည်။ ဤသို့ သွားလျှင်ဖြင့် အဓိပ္ပာယ် ရှိသော ရလဒ် တစုံတရာ ထွက်ပေါ် လာစရာ အကြောင်း ရှိပါ သလား။ ကျနော့် အဖြေ ကတော့ မမြင် မိပါဟု ဆိုရ လိမ့်မည်။ သို့ဆိုလျှင် မည်သည့် အတွက် ကြောင့် မစ္စတာ ဘန်ကီမွန်း သွားသင့် ပါသနည်း။

စစ်အစိုးရက နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လိမ်ညာ အကွက်ဆင်၍ တရားစွဲဆိုခဲ့ပြီးနောက်ပိုင်းတွင် ဤဖြစ်ရပ်က မြန်မာပြည်၏ လူပြန်ပေးဆွဲထားခံရသည့် ဇာတ်လမ်းတပုဒ်ပမာဖြစ်ကြောင်း ပိုမိုထင်ရှားလာခဲ့သည်။ ဤသို့ သော အကျပ်အတည်း အခြေအနေတွင် ကျွမ်းကျင်လိမ္မာသည့် ညှိနှိုင်းဖြန်ဖြေရေးသမားတဦး လိုအပ်နေပြီ ဖြစ်ပါသည်။

မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံသို့ တဖန်ပြန်လာလိုသည့် ဆန္ဒရှိကြောင်း သေချာရှင်းလင်း ထုတ်ဖော်ပြောဆိုထားဖူး သည်။ ပြီးခဲ့သည့်အပတ်က ထွက်ပေါ်လာသည့် သတင်းများအရ စစ်အစိုးရဘက်ကလည်း သူ့ကို လာမည့်ဇူလိုင်လတွင် လက်ခံတွေ့ဆုံရန် အသင့်ရှိနေသည်ဟု ကြားသိလာရသည်။

သို့သော်လည်း ကုလအထွေထွေအတွင်းရေးမှူးချုပ်က စိုးရိမ်ပူပန်နေသည်။ ယခုခရီးစဉ်က ရလဒ်များများစားစား ထွက် ပေါ်လာဖွယ် မရှိ။ ထိုမျှမက စစ်အစိုးရက ၀ါဒဖြန့်ချိရေးရည်ရွယ်ချက်ဖြင့် အသုံးချခံရဖွယ်ရှိကြောင်းကိုလည်း ကုလသမဂ္ဂ ဌာနများက အကြံပြုလာကြသည်။ သို့အတွက်ကြောင့် ဆက်လက်၍ မည်သည့်အစီအစဉ်မှ ပြုလုပ်ဆောင်ရွက်ခြင်းမရှိသေး ဟု ဆိုသည်။

ကုလဌာနချုပ်၌ သဘောထား အမျိုးမျိုးကွဲလွဲနေကြသည်ဟုလည်း ဆိုသည်။ မစ္စတာဘန်ကီမွန်း သွားသင့်၊ မသွားသင့် ၀ိရောဓိ ဖြစ်နေကြသည်ဟု ကြားရသည်။ အဆိုးမြင်သူများက အကယ်၍သူသွားလျှင်လည်း လက်ချည်းဗလာ ပြန်လာရ လိမ့်မည်ဟု ဆိုနေကြသည်။

မြန်မာနိုင်ငံမှ ထင်ရှားသည့် အတိုက်အခံနိုင်ငံရေးသမားတဦး ဖြစ်သည့် ဦးဝင်းတင်က လွန်ခဲ့သည့်အပတ်က မိမိသို့ ပြော ကြားခဲ့ရာတွင် မြန်မာပြည်ခရီးစဉ် မလာမီတွင် မစ္စတာ ဘန်ကီမွန်းက အသေအချာ“အိမ်စာ” ပြုလုပ်ခဲ့ရန်လိုအပ်သည်ဟု အကြံ ပေးပါသည်။ ယခုခရီးစဉ်ကို ထောက်ခံသူများကမူ ကုလ အထွေထွေအတွင်းရေးမှူးချုပ်၏ တာဝန်ဝတ္တရားများတွင် မည် သည့် ရလဒ်ထွက်ပေါ်သည်ဖြစ်စေ၊ မထွက်ပေါ်သည်ဖြစ်စေ ပဋိပက္ခဖြစ်ပွားနေရာ ဒေသများသို့ သွားရောက်ကြည့်ရှု ခြင်းလည်း ပါဝင်သည်ဟု ဆိုကြပါသည်။

မြန်မာနိုင်ငံမှ မစေ့စပ်စတမ်း ခေါင်းမာကြသည့်၊ နိုင်ငံတကာ သဘောထားကို နားမထောင်နိုင်ဘဲ ရှိနေကြသည့် ဗိုလ်ချုပ် ကြီးများကို ကြည့်၍ မစ္စတာဘန်ကီမွန်းကိုယ်နှိုက်က တွန့်ဆုတ်နေပုံရသည်ကို နားလည်မှု ပေးနိုင်ပါသည်။
သူ၏ အထူးသံ မစ္စတာ အီဗရာဟင် ဂန်ဘာရီ၏ ပြီးခဲ့သည့်ကာလက မြန်မာပြည် ခရီးစဉ်များသည်လည်း အကျအရှုံးနှင့် သာ အဆုံးသတ်ခဲ့ရပါသည်။ နိုင်ဂျီးရီးယားနိုင်ငံသား ကုလအရာရှိတဦးအတွက် သိက္ခာများ အလဟဿ ပုံပေးလိုက်ရ သည့်နှယ် ရှိနေခဲ့ပါသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားပြုမူနေပုံကို မစ္စတာဂန်ဘာရီက ယခုနောက်ဆုံးတိုင် တလုံးတပါဒ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။ ထို့ထက်မက မြန်မာပြည်ရေးရာနှင့် ပတ်သက်၍ သူနားမလည်ကြောင်း သက်သေ အထောက်အထား မြောက်များစွာ ရှိနေပါသေးသည်။ ဤသို့ဖြင့် မြန်မာစစ်အစိုးရဘက်ကရော၊ အတိုက်အခံများကပါ သူ့ အပေါ် ယုံကြည်မှုပျက်လာကြသည်မှာ အံ့သြဖွယ်အချက် မဟုတ်တော့ပါ။ သူက နောက်ဆုံး ရယ်မောစရာ လူပြက်သဖွယ် ဖြစ်နေရပါ တော့သည်။

ထို့အတွက်ကြောင့်လည်း မစ္စတာဘန်ကီမွန်း အနေနှင့် ဂန်ဘာရီ၏ အမှားမျိုး နောက်ထပ်မလိုက်မိစေရန် လိုအပ်ပါသည်။

လွန်ခဲ့သည့်နှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဉ်က မစ္စတာဘန်ကီမွန်းနှင့်အဖွဲ့တို့ မုန်တိုင်းသင့် ဒေသများသို့ သွားရောက်ကြည့်ရှုခဲ့ကြပါသည်။ ယခင်တကြိမ် ခရီးစဉ်အတွင်း လူအများက အဖုံဖုံတုံ့ပြန်မှုများဖြင့် ကြုံခဲ့ရပါသည်။ စစ်ဗိုလ်ချုပ်များ ငြိုငြင်မည်စိုးသောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို လုံးဝထုတ်ဖော်ပြောဆိုခြင်း မရှိ ခဲ့သည့် အတွက်ကြောင့်လည်း အတိုက်အခံအင်အားစုများက သူ့အပေါ် ဒေါသဖြစ်ခဲ့ကြရပါသည်။

ယခုတကြိမ် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် လွတ်မြောက်ရေးသည် ဆောင်ရွက်ရန် အဓိက တာဝန်တခု ဖြစ်ရပါလိမ့်မည်။ ခရီးစဉ်တကြိမ်တည်းနှင့် ဤသို့အဖြေ ထွက် အောင်မြင်လာမည်လောဟု သံသယဖြစ်ဖွယ် ရှိနေပါသည်။ သို့သော်လည်း သူက မြန်မာစစ်ခေါင်း ဆောင်များကို အပြတ်သားဆုံး သတင်းစကားပါးရန် လိုအပ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူကိုယ်တိုင်ကတောင်းဆိုရန် လိုအပ်ပါသည်။

ပထမအချက်အနေနှင့် သူပြုလုပ်ရမည့်လုပ်ငန်းများအတွက် အသေအချာပြင်ဆင်ရန်(အိမ်စာ)လိုအပ်ပါသည်။ အခြေ အနေကို အပြည့်အစုံ နားလည်ရန် လိုအပ်ပြီး အခွင့်အလမ်းများနှင့် ပြဿနာများကိုလည်း ခွဲခြားသိရန် လိုအပ်ပါသည်။

သူနားလည်ထားရန် လိုအပ်သည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ၂၀၁၀ ခုနှစ် ရွေး ကောက်ပွဲကာလ မတိုင်မီ လွတ်မြောက်လာစေရေး ကိစ္စမျှသာမက၊ ဤရွေးကောက်ပွဲတွင် အင်အားစုအားလုံး ပါဝင်နိုင် စေရေးအတွက်လည်း သေချာစေရန် ဖိအားပေးရမည် ဖြစ်သည်။ ကုလသမဂ္ဂက စစ်အစိုးရ၏ လမ်းပြမြေပုံတွင် အင်အားစု များ အားလုံးပါဝင်နိုင်စေရန် တောင်းဆိုထားခဲ့ပြီး ဤအချက်ကိုလည်း စစ်အစိုးရက စိုးစဉ်းမျှ နားမထောင်ခဲ့ပါ။ လျစ်လျူရှု ထားခဲ့ပါသည်။

ထိုမျှမက မစ္စတာ ဘန်ကီမွန်းက စီးပွားရေးနှင့် လူမှုရေးကပ်ပြဿနာများကိုလည်း ကြည့်ရှုဖြေရှင်းပေးရန် လိုအပ်နေသေး သည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ၏ ပြဿနာနှင့် အပစ်ရပ်အဖွဲ့များနှင့် စစ်အစိုးရအကြား ပဋိပက္ခကိုလည်း သေချာလေ့လာ ကိုင်တွယ်ရန် လိုအပ်နေပါသည်။ ဤပြဿနာများကို စေ့ငုစွာ နားလည်နိုင်ရေးအတွက်ဆိုလျှင် သူက တိုင်းရင်းသားလူမျိုးစုများ၏ ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုရန် လိုအပ်ပြီး ဒုက္ခသည်များစွာနှင့် အန္တရာယ်မှ ကင်းလွတ်စေရန် ရွှေ့ပြောင်းထွက်ပြေးနေကြရသူများ၏ ဒေသများသို့လည်း သွားရောက်စစ်ဆေးကြည့်ရှုရန် လိုအပ်နေပါသည်။

သိသာထင်ရှားသည့် ရလဒ်ပေါ်ထွက်လာစေရန် သူက မဟာဗျူဟာ အသေအချာ ချမှတ်ရေးဆွဲရန်လိုအပ်ပြီး တိကျ သေချာသည့် အချိန်ဇယားလည်း လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ နိုင်ငံရေးပြဿနာများ ပြေလည်စေရေး ကိစ္စကို ခေါင်းထဲထည့်၍ စစ်အစိုးရခေါင်းဆောင်များချည်းကသာ နိုင်ငံကိုကယ်တင် ဆယ်မနိုင်လိမ့်မည် မဟုတ်ကြောင်း သိထားရမည် ဖြစ်ပါသည်။

သူပြောလိုသည့် သတင်းစကားကို ပါးနိုင်ရန်အတွက် သူက တင်းတင်းမာမာ ဆက်ဆံနိုင်ရန်လည်း လိုအပ်ပါသည်။ ဤ နေရာတွင် " မြန်မာနိုင်ငံ အရေးကိစ္စနှင့် ပတ်သက်၍ အထွေထွေအတွင်းရေးမှူးချုပ်၏ မိတ်ဆွေနိုင်ငံများ" ၁၄ နိုင်ငံထံမှ ကျောထောက်နောက်ခံ ပံ့ပိုးမှုရရန် လိုအပ်ပါသည်။ ဤအဖွဲ့ဝင်များနှင့် လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်မှစ၍ ဆွေးနွေးညှိနှိုင်း မှုများ ပြုလုပ်လာခဲ့ရာ သူတို့ကိုလည်း သေချာတိုက်တွန်းသင့်သည်။ ထိုမျှမက ဒေသအတွင်းရှိ အရေးပါသည့်နိုင်ငံ အစိုးရ များထံမှလည်း ထောက်ခံမှုအပြည့်အ၀ရရှိရန် လိုအပ်ပါသည်။

မည်သို့ပင်ဖြစ်စေ မစ္စတာဘန်ကီမွန်းက အသေအချာ အိမ်စာမဆောင်ရွက်သွားပါက သူကြုံတွေ့ရနိုင်သော အန္တရာယ်မိုင်း ကွင်းလည်း ရှိနေပါသေးသည်။ သူ၏ ခရီးစဉ်ကို စစ်အစိုးရက အသုံးချနိုင်သေးသည်။ အောင်မြင်မှုမရှိဘဲ ပြန်လာရပြီး လူ အများပြောင်လှောင်ခံရဖွယ်၊ အရှက်ရဖွယ် အခြေအနေလည်း ရှိနေပါသေးသည်။

ဤနေရာတွင် ယခင်သူ မြန်မာပြည်သို့ စေလွှတ်ခဲ့သည့် အထူးသံ ကိုယ်စားလှယ်ထံမှလည်း လေ့လာ သင်ခန်းစာထုတ်ယူ နိုင်ပါသေးသည်။ ပြီးခဲ့သည့် အနှစ် ၂၀ ကာလအတွင်း မြန်မာနိုင်ငံသို့ ကုလသံအရာရှိများ၊ ကိုယ်စားလှယ်များ မည်မျှ သွား ရောက်ခဲ့ကြပါပြီနည်း။ ခရီးတကြိမ်တိုင်းသာ ရလဒ်များပေါ်ထွက်လာခဲ့မည်ဆိုပါက ကျနော်တို့ ယခု ဒုက္ခကြုံရစရာ အကြောင်း မရှိတော့ပေ။ အခြေအနေက များစွာတိုးတက်ကောင်းမွန်နေပြီး မစ္စတာ ဘန်ကီမွန်း၏ အကူအညီကိုပင် လိုအပ် တော့မည် မထင်ပေ။

ဤသို့ အပြုသဘောဆောင်သည့် ရလဒ်များ မတွေ့ရရုံမျှမက နိုင်ငံရေး အကျဉ်းသားများ လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း ပိုမိုများပြားလာသည်ကိုသာ ထူးခြားစွာကြုံတွေ့ခဲ့ရပါသည်။ တိုင်းရင်းသားလူမျိုးစုများအပေါ် ရာဇ၀တ်မှုများ ပို၍ကျူးလွန် လာသည်ကိုသာ ကြုံတွေ့ခဲ့ရပါသည်။ နိုင်ငံ၏ လူမှုရေးအခြေအနေမှာလည်း ယိုယွင်းကျဆင်းလာနေပြီး မြန်မာနိုင်ငံသည် ယခု အခါ ကြောက်မက်ဖွယ် လူရူးများအုပ်ချုပ်နေသည့် ပြဿနာ ဗရပွနှင့် နိုင်ငံဖြစ်နေသည်။

အမှန်ပြောရလျှင် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသွားလျှင်လည်း လက်ချည်းဗလာ ပြန်လာရဖို့သာ ရှိပါသည်။ ကောက် ကျစ်လှသည့် ဗိုလ်ချုပ်များက လှည့်စားလိုက်သည်ကို ကြုံရဦးမည် ဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးများက သူတို့၏လမ်းပြမြေပုံ အကြောင်း ရှည်ရှည်လျားလျား ဟောပြောပို့ချသည်ကို နာကြားရဖွယ်ရှိပြီး ကုလသမဂ္ဂက စစ်အစိုးရကို ထောက်ခံနေ သယောင် အတူတွဲ၍ ဓာတ်ပုံအရိုက်ခံရ၊ ဖော်ပြခံရဦးမည်လည်း ဖြစ်သည်။ ယခင်ကလည်း ဤကဲ့သို့ ပြုမူ အသုံးချခဲ့ပြီး ဖြစ်သည်။

အကယ်၍ မစ္စတာဘန်ကီမွန်းသည် ထိရောက်စွမ်းဆောင်နိုင်သည့် ဆွေးနွေးညှိနှိုင်းရေးသမား ဖြစ်လိုပါက သူက စင်မြင့် ပေါ်တက် ရဲရဲဝံ့ဝံ့ရင်ဆိုင်၍ ဗိုလ်ချုပ်သန်းရွှေကို တွေ့ဆုံ စိန်ခေါ်သင့်ပါသည်။ အကယ်၍ စစ်အစိုးရက လိုက်နာရန် ငြင်းဆန် နေပါကလည်း နောက်ဆက်တွဲကြုံရမည့် ဆိုးကျိုးများကို သေချာသတိပေးပြောပြရန် လိုအပ်ပါသည်။

ဤစဉ်းစားချက်အရဆိုလျှင် မည်သည့်အကြောင်းပြချက်ဖြင့် ကြည့်ကြည့် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားရောက် သင့်ပါသည်။ ကမ္ဘာတခုလုံးက မျှော်လင့်ချက်အပြည့်ဖြင့် စောင့်စားနေကြချိန် ဖြစ်သည်။ စစ်အစိုးရ၏ စိန်ခေါ်မှုကိုလည်း ထိပ်တိုက်ရင်ဆိုင်ရတော့မည့် အချိန် ဖြစ်ပါသည်။

အောင်ဇော် ရေးသားသည့် Cost what it May, Ban Ki-moon Must Go to Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

No comments:

Post a Comment