Wednesday, June 24, 2009

နိုင်ငံရေးသစ်နိဒါန်း

ကျော်ဗလ

ပြီးခဲ့တဲ့ နှစ်ကူး နှစ်ဦး အခါ သမယ တွေမှာ အနာဂတ် မြန်မာ့ ဒီမိုကရေစီ နိုင်ငံရေး အတွက် အားတက်စရာ အလား အလာ တွေ၊ မင်္ဂလာ သတင်း ကောင်းတွေ ထွက်ပေါ်လာခဲ့ ပါတယ်။ အန်အယ်လ် ဒီ ဌာနချုပ်မှာ ၉၀ ပြည့် နှစ်က ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ကြ ရတဲ့ လွှတ်တော် ကိုယ်စားလှယ် (၉၀) ကျော်၊ တိုင်းနဲ့ ပြည်နယ် အ သီးသီးက ကိုယ်စား လှယ် (၆၀) ကျော်တို့ ပါဝင် တက်ရောက် ခဲ့ကြတဲ့ ပါတီ ကွန်ဖရင့်ကြီး တရပ်ကို ကျင်းပ နိုင်ခဲ့တယ်။ ဒါကြောင့် ဌာန ချုပ် ၀န်းကျင် မှာ အနီရောင် တံခွန်တွေ၊ အလံတွေ ရဲမာန်ကြွလို့ လှုပ်ရှား မြူးကြွနေ ကြပါတယ်။

(၆) နှစ်ကျော် ကာလကြာ မျှအတွင်း အထိမ်းအမှတ် အခမ်း အနား အချို့ ကျင်းပခြင်း ကလွဲလို့ အများ အားဖြင့် တိတ်ဆိတ်ငြိမ် သက်၊ ဒေသ အသီးသီး နဲ့ အဆက် အစပ် တွေပြတ်ပြီး လှုပ်ရှား မှုကင်းမဲ့ နေတဲ့ အန်အယ်လ်ဒီ ပါတီရဲ့ နိုင်ငံရေး အရ ပြန်လည်ရှင် သန်ထ မြောက် မှု တွေ တွေ့မြင် ခဲ့ကြရလို့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေ အတွက် ရွှင်လန်း အားတက် စရာ အချိန် အခါပါပဲ။


ဒါ့ထက်ပိုပြီး အားရတက်ကြွဖို့ကောင်းတဲ့ မင်္ဂလာသတင်းကတော့ ‘ရွှေဂုံတိုင်ကြေညာစာတမ်းကြီး’ ကို ထုတ်ပြန် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီကြေညာစာတမ်းကြီးက ထွက်ပေါက်ပိတ်ဆို့နေတဲ့ မြန်မာ့နိုင်ငံရေး ရေစီးကြောင်း အသစ်ပြန်လည်ပြီး အားကောင်းကောင်းနဲ့ စီးဆင်းနိုင်ရေးအတွက် အင်နဲ့အားနဲ့ တွန်းဖွင့်ပေးလိုက်တဲ့ နည်းပရိယာယ် လုပ်ငန်း လမ်းညွှန်စာတမ်းကြီး ဖြစ်ပါတယ်။ ဒီစာတမ်းက မြန်မာ့ဒီမိုကရေစီရေးအတွက် အနာဂတ်မှာ ဘယ်လို သဘောထား၊ ဘယ်လိုပေါ်လစီ မူဝါဒတွေနဲ့ ဆက်စခန်းသွားရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်သာအောင် မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။

ဒီကြေညာစာတမ်းမှာ ပါဝင်တဲ့ …

- ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရေး၊
- ၉၀ ပြည့်နှစ်မှာ ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တဲ့ လွှတ်တော်အစည်းအဝေးတရပ် ကျင်းပပေးရေး၊
- အဆိုပါ လွှတ်တော်အစည်းအဝေးတွင် နအဖက အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ပြန်လည်သုံးသပ် ညှိနှိုင်းဆွေးနွေးရေး၊
-၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ ကျင်းပခွင့်ပြုရေး၊
- အထက်ပါ အကြောင်းအချက်တွေနဲ့ ပြည့်စုံရင် ၂၀၁၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ပါဝင်ရေး၊

… စတဲ့ တောင်းဆိုချက်တွေဟာ တရားမျှတ မှန်ကန်တဲ့ နည်းပရိယာယ်လုပ်ငန်းစဉ်တရပ် ဖြစ်ရုံမျှမက နအဖက အဓမ္မ အာဏာသုံးပြီး ချမှတ်ခဲ့တဲ့ လမ်းပြမြေပုံ (Road Map) ဆိုတာကို နိုင်ငံရေးအရ စိန်ခေါ်ပြလိုက်တာလည်း ဖြစ်ပါတယ်။ ရွှေဂုံတိုင်ကြေညာစာတမ်းကြီး ထွက်ပေါ်လာချိန်မှာ တခြားရွေးချယ်စရာမရှိလို့ ကြွေးကြော်အော်ဟစ် ခဲ့ကြတဲ့ နအဖ နောက်လိုက် သဘောတရားဆရာ၊ မီဒီယာဆရာတသိုက်လည်း ခေါင်းကို ရိုက်ချခံလိုက်ရတဲ့ မြွေဆိုးလို ကုပ်ကျိုးပြီး တွန့်လိမ် ငြိမ်ကျသွားခဲ့ကြပါတယ်။

ဒီမတိုင်ခင်ကတော့ မီဒီယာလောကတခုလုံးမှာ တမိုးလုံး ဖျောက်ဆိတ်ဆိုသလို ဖွဲ့စည်းပုံ လုံးဝမရှိတာထက် တခုခု ရှိတာ ပိုကောင်းပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြည်သူ (၉၂) ရာခိုင်နှုန်းက ထောက်ခံအတည်ပြုသွားတာ ဖြစ်တယ်။ လမ်းပြမြေပုံ ဖွဲ့စည်းပုံကလွဲလို့ တခြားရွေးချယ်စရာ ဘာမှမရှိ ဆိုတဲ့ အသံဗလံတွေ ဟိန်းညံ ကြီးစိုးနေခဲ့ တယ်။ ရွှေဂုံတိုင်ကြေညာစာတမ်းကြီးက အခြေအနေနဲ့ ကိုက်ညီမှန်ကန်တဲ့ တခြားရွေးချယ်စရာ စင်ပြိုင်လမ်းပြ မြေပုံတရပ် (Alternative Road Map) ကို တင်ပြလိုက်ချိန်မှာတော့ နအဖ မီဒီယာဆရာတွေလည်း အားလုံး ရေငုံနှုတ်ပိတ် အသံတွေ တိတ်သွားကြပါတယ်။ တကယ်တော့ ရွှေဂုံတိုင်ကြေညာစာတမ်းကြီးက နအဖကို နိုင်ငံရေး အရ ထိထိမိမိ အရှိုက်ထိုးချလိုက်တာပါပဲ။

လက်တွေ့မှာ ရွှေဂုံတိုင်ကြေညာစာတမ်းပါ တရားမျှတတဲ့ မှန်ကန်တဲ့ တောင်းဆိုချက်တွေကို နအဖအနေနဲ့ တပြားသားမှ လိုက်လျောမှာမဟုတ်သလို သူတို့ရဲ့ လမ်းပြမြေပုံ ဖွဲ့စည်းပုံတွေကိုလည်း တရွေးသားမျှ အထိခံမှာ မဟုတ်ပါဘူး။ ဒီနှစ်ဦးပိုင်းမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ လာခဲ့စဉ်က အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ရဲ့ အဓိကနဲ့ တခုတည်းသော အရေးကြီးဆုံး တောင်းဆိုချက်က ဘာလဲလို့ မေးခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးပါလို့ အားလုံးက တညီတညွတ်တည်း ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ဂမ်ဘာရီသာမက လုံခြုံရေးကောင်စီတခုလုံးက တောင်းဆိုလည်း နအဖအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးရဲပါဘူး။

ဒါ့ကြောင့်လည်း နအဖက ယက်တောအမှုဆိုတာကို ကိုလိုနီပုလိပ်ဉာဏ်နဲ့ ခွင်ဖန်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထောင်ချထားနိုင်ဖို့ ၀ိုင်းဝန်းလုပ်ကြံခဲ့ကြတာပါ။ ဒီအမှုဟာ နေပြည်တော်ရဲ့ အကြံဉာဏ်၊ နအဖရဲ့ အစီအမံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံအဖန်တွေ ပူးပေါင်းထားတဲ့ နိုင်ငံရေးလုပ်ကြံမှု တခုထက် ဘာမှ မပိုပါဘူး။ ဒီနိုင်ငံရေးလုပ်ကြံမှုရဲ့ အဓိကနဲ့ တခုတည်းသော ဦးတည်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားဖို့ပါပဲ။

အနည်းဆုံး ၂၀၁၀ ရွေးကောက်ပွဲ အစီအစဉ်တွေ မပြီးမြောက်မီမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ဆိုတာ နအဖအဖို့ မစဉ်းစားရဲတဲ့ အရာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နအဖအနေနဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ၉၀ ပြည့်နှစ် ရွေးကောက်ပွဲလို အဖြစ်မခံနိုင်ပါဘူး။ တိုင်းပြည် ပြာဖြစ်ချင် ဖြစ်သွားပါစေ နအဖကတော့ မိအေးနှစ်ခါနာ အဖြစ်မခံတော့ပါဘူး။ လမ်းပြမြေပုံအရ မူလအကွက်ချထားတဲ့ အစီအစဉ်အတိုင်း ယူနီဖောင်းဝတ်၊ ယူနီဖောင်းချွတ် တွေ ဆက်လက်အာဏာတည်မြဲရေးအတွက် ဘယ်လောက်ပဲ တန်ဖိုးပေးရပေးရ ဘယ်သူ့ကိုပဲ စတေးရ စတေးရ နအဖကတော့ ကျွင်းတူးမိုက်ကြဦးမှာပါပဲ။

အခုအခါမှာတော့ ၁၉၆၀ ပြည့်နှစ်က နိုင်ရင်လည်း နိုင်ရမယ်။ ရှုံးရင်လည်း နိုင်ရမယ်ဆိုတဲ့ တည်မြဲရဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံဟာ ခေတ်နောက်ကျသွားခဲ့ပါပြီ။ လက်ရှိ နအဖကြွေးကြော်သံက ဘယ်ခေတ် ဘယ်စနစ်အောက် မှာပဲဖြစ်ဖြစ် စစ်တပ်အာဏာတည်မြဲရေးသာ ဖြစ်ပါတယ်။ ဒီကြွေးကြော်သံ အကောင်အထည်ဖော်နိုင်ရေးအတွက် အဓိက အတားအဆီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီးထားနိုင်မှသာ အာမခံချက်ရှိမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ယက်တောအမှုမှာ ဘယ်အချက်က မှန်ပြီး ဘယ်အချက်က မှားတယ်ဆိုတဲ့ ကိစ္စကို သိပ်ခေါင်းရှုပ်ခံပြီး ဝေဖန်နေစရာ မလိုပါဘူး။ ယက်တော ဘာလဲ ဘယ်လဲ ဆိုတာတွေလည်း အသေးစိတ် လေ့လာစူးစမ်းမှုတွေ လုပ်နေစရာအကြောင်းလည်း မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီးထားနိုင်ဖို့ ယက်တောအမှု မပေါ်ခဲ့လည်း တခြားအမှုတခု ပေါ်ဦးမှာပဲ။ ဒီပုဒ်မနဲ့ အလုပ်မဖြစ်ရင် တခြားအလုပ်ဖြစ်တဲ့ ပုဒ်မတခုရှာပြီး ပြဦးမှာပါပဲ။ အကြောင်းအချက်တွေနောက်ကို ဆန်စင်ရာ ကျည်ပွေ့လိုက်နေစရာ မလိုပါဘူး။

ဒါ့အပြင် ဒီအမှုမှာ လိုက်ပါဆောင်ရွက်ရတဲ့ ဆရာဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း စတဲ့ ပုဂ္ဂိုလ်တွေဟာ မြန်မာပြည်မှာ အတွေ့အကြုံ အကြွယ်ဝဆုံး၊ အတော်ဆုံး ရှေ့နေကြီးတွေပါ။ ဒါပေမယ့် သူတို့တတွေရဲ့ လျှောက်လွှဲချက်တွေ မိုးပျံအောင် ကောင်းနေလည်း ဒီအမှုဟာ ရှုံးမှာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီးထောင်ချထားဖို့ နေပြည်တော်က ဆုံးဖြတ်စီရင်ချက် ချထားပြီးဖြစ်လို့ပါ။ အခုအခါ ကိစ္စတွေကို ရှင်းရှင်းပြတ်ပြတ် မြင်ထား ပြင်ထားဖို့ လိုပါလိမ့်မယ်။

ဒါပေမယ့် နအဖအနေနဲ့ ယက်တောအမှု ခွင်ဆင်လိုက်တာဟာ “မြက်မြက်ကလေး စားရမလားလို့ ဆိုင်းထဲလိုက်မိပါတယ်။ နှဲကြီးတက်နင်းမိလို့ လျော်လိုက်ရတယ်” ဆိုတဲ့ ကိန်းမျိုးလည်း ဆိုက်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအမှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာတုံ့ပြန်မှုနဲ့ ဖိအားက နအဖအနေနဲ့ တုန်လှုပ်ချောက်ချားစရာ ကောင်းလောက်အောင် ပြင်းထန်ကြီးမားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အလျင်အမြန် ဆွေးနွေးကြဖို့ လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ ကြေညာချက်ကို နအဖရဲ့ ဆွေမျိုးပေါက်ဖော်ကြီးဖြစ်တဲ့ တရုတ်ပြည်ကတောင် မကန့်ကွက်ခဲ့ပါဘူး။ လုံခြုံရေးကောင်စီမှာ နအဖအတွက် အမြဲဗီတိုအာဏာသုံးပြီး ကာကွယ်ခဲ့တဲ့ ရုရှားကိုယ်စားလှယ်လည်း ယက်တောအမှု စစ်ဆေးပုံကို လာရောက်လေ့လာခဲ့တယ်။

ပြည်တွင်းရေး မစွက်ဖက်ရေး အကြောင်းပြချက်ပေးပြီး နအဖနဲ့ ပူးစားခဲ့ကြတဲ့၊ ပေါင်းစားခဲ့ကြတဲ့ အာဆီယံနိုင်ငံများ အဖွဲ့ရဲ့ လက်ရှိဥက္ကဋ္ဌ ထိုင်းနိုင်ငံကလည်း ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့တယ်။ အမေရိကန် သမ္မတ အိုဘားမား ကတော့ သမားရိုးကျပုံစံအတိုင်း ဥပဒေပုဒ်မတွေ တရားရေးစနစ်တွေကို ဟန်ပြလောက် လုပ်ပြမနေပါနဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ချက်ချင်းလွှတ်ပြလိုက်ပါလို့ ရှင်းလင်းပြတ်သားစွာ တောင်းဆိုပါတယ်။

အမှန်တော့ နအဖက ယက်တောအမှုကို တက်သုတ်ရိုက်စစ်ဆေးကာ မေလ (၂၇) ရက်နေ့ အကျယ်ချုပ်ချရက် မစေ့မီမှာ ခပ်မြန်မြန် စီရင်ချက်ချပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားလိုက်ကြဖို့ပါပဲ။ ဒါပေမယ့် ထင်ထားတာထက် နိုင်ငံတကာရဲ့ တုံ့ပြန်ဝေဖန်ချက်တွေက ပြင်းထန်လွန်းနေတာကြောင့် နအဖအနေနဲ့ မနည်းဘရိတ်နင်းပြီး အရှိန်လျှော့ချလိုက်ရတာပါ။ ဒါတောင် ဇွန်လ (၁) ရက်နေ့မှာ နေ့ချင်းပြီး လျှောက်လွှဲချက်ပေး၊ ချက်ချင်း စီရင်ချက်ချနိုင်ဖို့ စိုင်းပြင်းလိုက်ကြပါသေးတယ်။

ဒါပေမယ့် အဲ့ဒီအချိန်က တောင်ကိုရီးယားနိုင်ငံ ဂျေဂျုးမြို့မှာ ကျင်းပနေတဲ့ အာဆီယံ + ၁ ထိပ်သီးအစည်းအဝေးပွဲ တက်ရောက်နေတဲ့ ၀န်ကြီးချုပ်သိန်းစိန်အတွက် မျက်နှာပျက်စရာဖြစ်နေမှာ စိုးရိမ်ရတဲ့အတွက် စီရင်ချက်ချမှတ် ရမယ့်နေ့ကို တရက်ပြီးတရက် ဆက်ရွှေ့နေလိုက်ရခြင်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားခွင့်ရဖို့ အနှေးနဲ့အမြန် ဆိုသလို စီရင်ချက်ချမှာကတော့ သေချာပါတယ်။

ဒီလိုအချိန် ဒီလိုအနေအထားမျိုးမှာ ဘာလုပ်ကြမှာလဲ၊ ဘာလုပ်နေကြလဲ။ ဆရာဦးဝင်းတင်ကတော့ ‘နိုင်ငံရေးသစ်’ လုပ်ကြရမယ်လို့ ဆိုပါတယ်။ ဆရာဦးဝင်းတင် ဘာလုပ်နေသလဲဆိုတော့ အမှုစစ်တဲ့ နေ့တိုင်းမှာ အင်းစိန်ထောင် သွားလမ်းကို ပိတ်ဆို့ထားတဲ့ လုံခြုံရေးဂိတ်ရှေ့မှာ အန်အယ်လ်ဒီအဖွဲ့ဝင်တွေ လူငယ်တွေ၊ လူထုတွေနဲ့ ထိုင်ပြီး ဆွေးနွေးပြောဆိုရင်း အခြေအနေကို စောင့်ကြည့်နေလေ့ရှိပါတယ်။

ဒီလို ဆရာဦးဝင်းတင် လမ်းဘေးမှာ လူငယ်တွေ၊ လူထုတွေနဲ့ နေ့စဉ်ထိုင်နေတာကို မကြည်လင်တဲ့ ဟန်နဲ့ ပြောနေသံ တချို့လည်း စိတ်မကောင်းစွာ ကြားခဲ့ရပါတယ်။ ခေါင်းဆောင်ဆိုတာ ခေါင်းဆောင်လို နေရမှာပေါ့ဗျ။ ဘာဖြစ်လို့ လမ်ဘေးက လူအုပ်ထဲမှာ နေ့တိုင်းသွားထိုင်နေရမှာလဲ၊ ခေါင်းဆောင်ဆိုတာ ဒီလိုအရေးမပါတဲ့ အသေးအဖွဲကိစ္စတွေ အတွက် နစ်နေရမှာ မဟုတ်ဘူး။ ဆရာဦးဝင်းတင်ကို အင်းစိန်ထောင်ရှေ့က လမ်းဘေးမှာ ဆရာ ဘာဖြစ်လို့ နေ့တိုင်း သွားထိုင်နေရတာလဲလို့ မေးတော့ ဆရာက မတရားဖမ်းဆီး ချုပ်နှောင်ထားခံရတဲ့ ကျနော်တို့ခေါင်းဆောင်ကို ဆက်လက်ထောင်ချဖို့ အခုလို ရုံးတင်စစ်ဆေးနေချိန်မျိုးမှာ စိတ်ဓာတ်ရေးရာအရ ထောက်ခံကြောင်း ဘက်စုံက ပြသဖို့ လိုတယ်ဗျ။ ဒီလိုထောက်ခံအားပေးနေတဲ့ အဖွဲ့ချုပ်တွေ၊ လူငယ်တွေ၊ လူထုတွေနဲ့လည်း တသားတည်း ရှိနေရမှာပေါ့ဗျာလို့ ဖြေပါတယ်။

ဆရာ့ရဲ့ အဖြေစကားကို ကြားရတော့ အားရှိတာနဲ့အမျှ မှတ်သားနာယူစရာအဖြစ်နဲ့ ခံစားခဲ့မိပါတယ်။ ခေါင်းဆောင်မှု ပြဿနာထဲမှာ မတူတဲ့ လုပ်ဟန် ပြဿနာလည်း ရှိမယ်လို့ နားလည်မိလိုက်ပါတယ်။ အာဏာရှင်လုပ်ဟန်နဲ့ လူထု ခေါင်းဆောင်လုပ်ဟန်၊ ဗြူရိုကရက်လုပ်ဟန်နဲ့ နိုင်ငံရေးလုပ်ဟန်တွေဟာ မိုးနဲ့မြေလို ကွာခြားနိုင်ပါတယ်။

ပြည်သူလူထုကို အလုပ်အကျွေးပြုမယ့် နိုင်ငံရေးခေါင်းဆောင်တွေမှာ လူထုလုပ်ဟန် ရှင်သန်နေဖို့ အရေးကြီးပါတယ်။ လူထုလုပ်ဟန်မရှိဘဲ လူထုခေါင်းဆောင်ဆိုတာ မဖြစ်နိုင်ပါဘူး။ လူထုခေါင်းဆောင်ဆိုတာ လူထုအမြင်၊ လူထုအသံ၊ လူထု မီဒီယမ်တွေကို ခံစားနားလည်နိုင်ရေး လူထုကြားမှာရှိနေဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ ဆရာဦးဝင်းတင် ပြောတဲ့ နိုင်ငံရေးသစ်ရဲ့ အရေးကြီးတဲ့ မျက်နှာစာတခုဖြစ်မယ်လို့ ယုံကြည်ယူဆရပါတယ်။ တနည်းအားဖြင့် နိုင်ငံရေးသစ် နိဒါန်းလို့လည်း ဆိုရပါလိမ့်မယ်။

No comments:

Post a Comment