Friday, July 3, 2009

ပြည်သူမျက်ဖြူဆိုက်မှ စစ်ဗိုလ်ချုပ်ကြီးများကြိုက်သည်

စိုင်းအောင်

စစ် အာဏာရှင် ဗိုလ်ချုပ်ကြီး များ ချယ်လှယ်ကြီး စိုးနေ သည့် ယနေ့ ခေတ် ကာလတွင် ဗမာ ပြည်နေ ရာအနှံ့ အပြား၌ မှောင်ခို စနစ် လွန် စွာ တိုးတက် ထွန်းကား လျှက်ရှိ သည်။

ယနေ့ဗမာပြည်တွင် လူ့ဘဝဇတ်ခုံပေါ်၌ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရုန်းကန်လှုပ်ရှားနေရသူ လူအယောက် (၁ဝဝ) လျှင် (ဂဝ)က နည်းမျိုးစုံဖြင့် မှောင်ခိုလုပ်ငန်းနှင့် ပါတ်သက်စီးပွားရှာနေကြသူများ ဖြစ်ကြသည်။

သို့သော် မှောင်ခိုစီးပွားလုပ်ငန်းနှင့် ဆက်နွယ်နေသူတိုင်းတော့ အဆိုပါလောကတွင်းသို့ အဆင်ပြေလွယ်ကူစွာ ဝင်ရောက် လှုပ်ရှားနိုင်ကြတာတော့ မဟုတ်ပါ သူ့အတာနဲ့သူ့အထွာ ကွာခြားချက်များကရှိသည်။

တရားဥပဒေစိုးမိုးမှုကင်းမဲ့ပြီး အမှောင်လွှမ်းနေသည့် ဗမာပြည်တွင် အာဏာပိုင်များရဲ့ ဥပဒေမဲ့လုပ်ရပ်များကို အလူးအလဲခံခဲ့ရကာ မြေအောက်တရားမဝင် လောကထဲ မရောက်ချင်ပဲ ဝင်ရောက်ခဲ့ရသူများလည်း တစ်ပုံတစ် ပင် ကိုတွေ့ခဲ့ဘူးသည်။

ဒီအထဲတွင် တချို့သော ကုန်သယ်ကြီးများက အစပထမ၌ လှေကြီးထိုးရိုးရိုးဆိုသလို ရိုးသားစွာ ရောင်းဝယ် ဖေါက်ကားကုန်ကူးနေရင်းက အာဏာပိုင်များရဲ့ ဖိနိပ်ရမ်းကားမှု့များကြောင့် မြေအောက်လမ်းကြောင်းသို့ ပြောင်း ရွေ့သွားရသူများဖြစ်သည်။

တချို့မှာတော့ ငွေကြေးအမြောက်အမြား ဆုံးရူံးခဲ့ရသည့်အပြင်သူတို့ ကိုယ်တိုင် ပြည်ပြေးဘဝသို့ရောက်ရှိသွား သည်အထိ နစ်နာခဲ့ရသူများလည်း ရှိသည်။

ယခုလို တရားဥပဒေစိုးမိုးမှု ကင်းမဲ့သဖြင့် ဘဝပျက်ခဲ့ရသူပေါင်းမြောက်များစွာရှိသည့်အနက် သာရကတစ်ကိုပဲ ကြည့်ပါ။

အဲဒီအဖြစ်အပျက်ထဲပါဝင်တဲ့ ကုန်သည်ကြီးတစ်ဦးဟာဆိုရင် ကိုယ်တိုင် ဥပဒေချိုးဖေါက်မှုမရှိပါပဲ အာဏာပိုင် များက ၄င်းတို့အာဏာကို ထိပါးလာသည်ဟု ယူဆလာသဖြင့် ထောင်ဒဏ် စီရင်လိုက်သဖြင့် နောက်ဆုံးမှာတော့ ဝရမ်းပြေးဘဝသို့ ရောက်ရှိသွားရခြင်းဖြစ်သည်။

“အဖြစ်အပျက်က ဒီလို ဒါကတော့ ကာယကံရှင်ကိုယ်တိုင်ပြောပြဘူးတဲ့စကားကို အကျဉ်းမျှတင်ပြလိုက်ခြင်းပါ ”

၂ဝဝ၆ခုနှစ်အတွင်းက မြောက်ပိုင်းတိုင်းမှူးကိုယ်တိုင် တရားမဝင်ဖမ်းဆီးထားတဲ့ အထည်အလိပ်များကို ရံပုံငွေအ လို့ငှာ လေလံတင်ရောင်းချရာမှာ ရန်ကုန်မှကုန်သည်ကြီးတစ်ဦးဟာ အဆိုပါ လေလံအထည်အလိပ်များကို ကျပ်သိန်း (၂ဝဝဝ) ကျော်ဖိုး လေလံဆွဲဝယ်ယူရရှိလိုက်တာပါ။

လေလံဆွဲပစ္စည်းများဖြစ်သည့်အတွက် လိုအပ်သည့်စာရွက်စာတမ်းများ စာချုပ်များ ခွင့်ပြုချက်များကိုလည်း တိုင်းမှူး လက်မှတ်နဲ့ တရားဝင်ထုတ်ပေးထားပါသည်။

ဒါနဲ့ကုန်သည်ကြီးဟာ လေလံပစ္စည်းများကို သူလေလံဆွဲတဲ့မြို့ကနေ မန္တလေးသို့ ရေကြောင်းအတိုင်း သင်္ဘော ကြီးဖြင့် စိုးရိမ်ကြောင့်ကြစိတ်မရှိပဲ သယ်ဆောင်သွားသည်။

မန္တလေးဆိပ်ကမ်းဆိုက်ကပ်သည့်အခါ သူသယ်ဆောင်သွားသည့် အထည်အလိပ်များအား အကောက်အခွန် လဝက စသည့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးလိုက်တော့သည်။

ထိုအခါ ကုန်သည်က သူ့တွင်ပါလာသမျှ စာရွက်စာတမ်းများကို ထုတ်ပြသော်လည်း အကောက်အခွန်အရာရှိ ဆိုသူက သူ့ဦးလေးအရွယ်ခန့်ရှိသည့် ကုန်သည်ကို “မင်းတိုင်ချင်တဲ့ နေရာသွားတိုင် ဒါတရားမဝင်ပစ္စည်းတွေပဲ အကုန်ဖမ်းတယ် ဆိုကာ ခါးထောက်ပြီး မောက်မောက်မာမာ ပြောဆိုလွှတ်လိုက်တယ် ” လို့ သူကပြောပြသည်။

မြောက်ပိုင်းတိုင်းရံပုံငွေအတွက် ဒီပစ္စည်းတွေကို လေလံဆွဲခဲ့တာပါလို့ အထောက်အထားနှင့် ရှင်းပြသော်လည်း မည်သို့မှပြောဆိုမရတော့ပဲ သူ့ကို တရားမဝင်ပစ္စည်းတင်သွင်းမှုဖြင့် ရုံးတင်တရားစွဲလေသောအခါ ကုန်သယ် သည် မိမိပစ္စည်းပြန်မရသည့်အပြင် ထောင်နန်းစံရန် ကိန်းပါဆိုက်ရောက်လာတော့သည်။

နောက်ဆုံး၌ ကြံရာမရတော့သည့်အတွက် မြောက်ပိုင်းတိုင်းမှူးထံ အပြေးအလွှား သွားရောက်တွေ့ဆုံခဲ့ကာ အဖြစ်အပျက်ကို ပြောပြသောအခါ တိုင်းမှူးက ဝန်ကြီးချုပ် အထိတိုင်ကြားရန် ပြောဆိုလိုက်သဖြင့် ကုန်သည်က ဝန်ကြီးချုပ်ရုံးနှင့် စီးပွားကူးသန်းဝန်ကြီးဌာနများသို့ လိပ်မူ၍ စာရေးတိုင်ကြားလေသည်။

တိုင်စာပို့ပြီးနောက်ပိုင်း အဆင့်ဆင့်စုံစမ်းစစ်ဆေးမှု့များပြုလုပ်ကြပြီး ပစ္စည်းဖမ်းဆီးရာတွင်ပါဝင်ခဲ့သည့်အကောက် အခွန်ဦးစီးမှူး အရာရှိပိုင်းတချို့ကို အလုပ်မှထုတ်ပစ်လိုက်သည်။

ထိုသို့အရေးယူဆောင်ရွက်မှု့များ ပြုလုပ်လိုက်သော်လည်း အဖမ်းခံထားရသည့် ကျပ်သိန်း (၂ဝဝဝ) ကျော်ဖိုး အထည်အလိပ်များကို တစ်ခုမှပြန်မပေးသည့်အပြင် ဝန်ကြီးဌာနက “ဒီကောင့်ကိုတော့ ရှင်းလိုက်မှဖြစ်မယ် ဒီအတိုင်းဆက်ထားလို့ကတော့ နောက်ပိုင်းကိစ္စတွေမှာလည်း ငါတို့ကို ဒုက္ခပေးမဲ့ကောင်ဟု ဆိုပြီး အဆိုပါ အမှုဖြင့်ပင် မန္တလေးတရားရုံးက သူ့ကို အဝေးရောက်ထောင်ဒဏ်အပြစ်ပေးလိုက်တယ် ” လို့ ပြောသည။

ထိုစဉ်က သူရောက်ရှိနေရာမြို့၏ အုပ်ချုပ်ရေးအကြီးအကဲက သူ့ကိုဖမ်းဆီးရန် ၀ရမ်းစာလက်ခံရရှိခဲ့သော်လည်း ဖမ်းဆီးလို စိတ်မရှိ၍ ထွက်ပြေးတိမ်းရှောင်ရန်အကြံပေးလိုက်သဖြင့် ကုန်သည်သည် ဘေးလွတ်ရာသို့ပြေး ရင်းဖြင့် သူဌေးဘဝမှ ဝရမ်းပြေးဖြစ်ခဲ့ရသည။

ဒီလိုအဖြစ်အပျက်များကို ကြည့်ခြင်းအားဖြင့် ဗမာပြည်တွင် သမာအာဇီဝကျကျ လုပ်ကိုင်စားသောက်သူများ ကို အုပ်စိုးသူများက လမ်းမှားရောက်ရှိရန် တွန်းပို့နေသည်ကို တွေ့မြင်နိုင်ပေသည် ဒါကလည်း သူတို့အာဏာနှင့် စားခွက်အတွက်ဆိုလျှင် ဘာမဆိုလက်ရဲဇက်ရဲလုပ်တတ်သည့် အလေ့အထတစ်ခုပင်။

နောက်ထပ်တစ်ခုကတော့ နယ်စပ်တလွှားရှိ မှောင်ခိုစီးပွားရေးနယ်ပယ်တွင် လွတ်လပ်စွာ ကျင်လည်ကျက်စား ခွင့်ရရန် အာဏာရှင်ကြီးများက လုပ်စားခွင့် ဘွဲ့တံဆိပ်ချီးမြင့်ပေးသနားထားသည့် အခွင့်ထူးခံမှောင်ခို အရာရှိ များ လက်သတ် မွေးထုတ်ထားခြင်းဖြစ်သည်။

သူတို့က လူတွင်ကျယ်လုပ်ခွင့်ရနေကာ မြိုးမြိုးမြက်မြက်ဝါးမြို နေရသည့်အထဲမှ ဝေစုအချို့ကို စစ်အာဏာရှင်အကျိုး စီးပွားအတွက် ပြန်လည်ပေးကြသဖြင့် စစ်အာဏာရှင်စနစ်ကို တနည်းနည်းဖြင့် အကျိုးပြုနေသူများဟု ဆိုရပေမည်။

တိုင်းပြည်စီးပွားရေး ပျက်ဆီးကာ ပြည်သူအများဆင်းရဲဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် စစ်တပ်ထဲမှ အရာရှိ များကို အခွင့်ထူးများပေးခြင်းဖြင့် စည်းရုံးသိမ်းသွင်းထားခြင်းဖြစ်ပေသည်။

ထိုသို့သော နည်းနာများသည် (၁၂) ကြိုးစုန်းကဝေဆရာကြီး ဗမာစစ်အာဏာရှင်များက ၄င်းတို့ရာဇပလင်ဖင်မြဲ စေရန် တမင်တီထွင်ဖန်တီးထားကြသည့် အကွက်များဖြစ်သည်။

ထိုသို့ မြိုးမြိုးမြက်မြက်ဝါးနေရသူများထဲတွင် စစ်တပ် ရဲ လဝက အကောက်အခွန် သစ်တော အစရှိသည့် အဖွဲ့များမှ အရာရှိကြီးများအပြင် တော်လှန်ရေးသမားဇတ်ပျက်ကြီးများလည်း ပါဝင်လေသည်။

သာမန်လက်လုပ်လက်စားကအစ စစ်အုပ်ချုပ်ရေးယန္တရားမှ အရာရှိ ကြီး ငယ်မဟူ မှောင်ခိုလောကတွင် ပါဝင်နေ
လျှက်ရှိသောကြောင့် စစ်အာဏာရှင်ယန္တရားကို အလုပ်အကျွေးပြု ပူဇော်နေသကဲ့သို့ဖြစ်နေလေသည်။

မှောင်ခိုလုပ်ငန်းဟူသည် အာဏာပိုင်များနှင့်ပေါင်းစားမှသာ အဆင်ပြေလွယ်ကူတတ်သည့် အနေအထားကြောင့်
ပြည်တွင်းရှိ နိုင်ငံရေးဓါတ်ခံရှိသူများ ဗမာစစ်အာဏာရှင်စနစ်ရွံမုန်းသူများက “လျှာတွင်မျက်ပေါက်ပါစေ ဒီအလုပ်တော့ မည်သည့်အခါမှ မလုပ်ဟု ” ပြောသူများရှိသည်။

အခွင့်ထူးခံ အရာရှိ မှောင်ခိုသမားကြီးများက တဘက်နိုင်ငံမှမှောင်ခိုပစ္စည်းများကို တရားမဝင်တင်သွင်းနေကြသည့် ဒုစရိုက်သမားများဖြစ်လင့်ကစား နိုင်ငံရေးလုပ်သူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုတတ် ကြသည်မှာ အင်မတန်စက်ရူပ်စရာကောင်းကြောင်း မှောင်ခိုကားလောကသားတစ်ဦးက ဖေါက်သယ်ချသည်။

“ ထော်လာဂျီကယ်ရီ ရဲမှူးတစ်ယောက်ပေါ့ သူ့ဘေးနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖမ်းဆီးထားတဲ့ အကြောင်း ပြောနေတာကြားရုံရှိသေးတယ် ဟေ့ကောင်တွေမင်းတို့က နိုင်ငံရေးသမားလား နိုင်ငံရေးလုပ်ရင် ဖမ်း လိုက်လို့ရတယ်ကွလို့ ခြိမ်းခြောက်တယ် ” လို့ ဆိုသည်။

စစ်တပ်မှ အရာရှိကြီးများက နယ်စပ်မှောင်ခိုလောကအခေါ် ကား ထော်လာဂျီ လေလံစာရွက်ဟုခေါ်သည့်လုပ်စားခွင့် စာရွက်များ ကိုင် ဆောင်ထားသဖြင့် ထော်လာဂျီ စက်ပစ္စည်းနှင့် ဝစ်သောက်ကား အစီးပေါင်းမြောက် များစွာအား နေ့စဉ် နယ်စပ် တရားမဝင် လမ်း ကြောင်း များမှ တင်သွင်းလျှက်ရှိသည်။

လေလံစာရွက်ရရှိထားသူများထဲတွင် နေပြည်တော်မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများအပါအဝင် အနယ်နယ်အရပ်ရပ်မှ ဗိုလ်ကလေး ဗိုလ်ကြီး ပေါင်းများစွာ ပါဝင်ကြောင်း သိရသည်။

အဆိုပါ လေလံစာရွက်မှာ ထီပေါက်သည့်လက်မှတ်ထက်ပင် တန်ဘိုးကြီးလှပြီး သူဌေးဖြစ်သည့်လက်မှတ်တစ်စောင် ပင်ဖြစ် သည် သူတို့ ကလည်း အာဏာရှင်ကြီးများထံမှ အဆိုပါလက်မှတ်အတွက် ကျပ်သိန်းပေါင်း ရာချီ အကုန်ခံ လပ်ထိုး၍ ယူခဲ့ရခြင်း ဖြစ်သည်။ လက် မှတ်ရရှိထားသည့် မှောင်ခို အရာရှိကြီးများ ကိုယ်တိုင်က ဝစ်သောက်ကား ထော်လာဂျီများ တရားမဝင် ဝယ်ယူတင်သွင်းကြ သလို အခ ကြေးငွေယူ၍လည်း ကယ်ရီသယ် ပေးကြသည်။

သယ်ဆောင်သွားသည့် ကားများအတွင်းတွင် ဈေးကွက်အတွင်းရောင်းချဖြန့်ဖြူးရန်စက်ပစ္စည်း များအား အပို ဆောင်း တင်ဆောင်ကြ သဖြင့် ကားနှင့်ကယ်ရီခမှ အမြတ်အပြင် စက်ပစ္စည်းရောင်းရ ငွေများမှပါ နှစ်ထပ်ကွမ်း အမြတ်အစွန်း ရရှိကြလေသည်။

ဗမာစစ်အာဏာရှင်များက မွေးထုတ်ထားသည့် မှောင်ခိုအရာရှိကြီးများက အရှက်သိက္ခာမဲ့စွာ လမ်းကြောင်း တစ်လျှောက် လေလံ စာရွက် လေးတပြပြဖြင့် ပေးကမ်းစွန့်ကျဲဖြတ်သန်းသွားလာနေသော်လည်း အများအမြင်မှာ ရှက်စရာကောင်းလှ ကြောင်း ထိုလုပ်ငန်းတွင် ကိုယ် တိုင်ပါဝင်ခဲ့သူတစ်ဦးက အခုလိုပြောသည်။

“လမ်းရှိတဲ့နေရာ အကုန်ပေးရတာပေါ့ ဗိုလ်ကြီးကိုယ်တိုင်ပါတာပဲ ဂိတ်ရောက်ပြီဆိုရင် ယူနီဖေါင်းထုတ်ဝတ် လိုက်ပြန် မံစီ ရဲစခန်း ဂိတ် ရောက်တော့ စခန်းမှူးက ထော်လာဂျီကိုတားတယ် ဗိုလ်ကြီးက ယူနီဖေါင်းလေး ကောက်ဝတ်ပြီး မှ လေလံစာရွက်ထုတ်ပြလိုက်တယ် စာ ရွက်ကိုဗျာ ပြောင်းပြန်ကြည့်ပြီး ဒါလေလံစာရွက်ပဲ ဘာ လုပ်ရမှာလဲ ကြည့်ကြက်ပြီး လုပ်ကြပါဆိုပြီး ငွေ(၂)သိန်းတောင်းတာ (၃)သောင်း နဲ့တည့်သွားတယ် ” လို့ သူက အတွေ့ အကြုံကို ပြောသည်။

ဆက်ပြီး စစ်တပ်မိသားစုများ တောင်းရမ်းစားသောက်တာ တွေ့မြင်ရသည်မှာ ရယ်စရာကောင်းပုံကို ဆက်ပြောသည်။

“ရွှေကူတပ်က မြို့ပေါ်မှာတံတားလေးတစ်ခုရှိတယ် အဲဒီတံတားကသွားရင် စစ်တပ်ကို ဖြတ်စရာမလိုဘူး ဆို တော့ တပ်က တံတား ကို ချိုး ထားလိုက် တယ်ဗျ တံတားကိုဘယ်တော့မှမပြင်ဘူး သူတို့တပ်လမ်းဖြတ်တဲ့ ဆိုင်ကယ် ကားထော် လာဂျီမှန်သမျှကို တပ်ရင်းမှူး က တော်ကိုယ်တိုင် ခရာမှုတ်ပြီးတား ပိုက်ဆံတောင်းနေတာ တပ်သားထွက်ပြေးတဲ့ ကိစ္စကအစ တပ်ရင်းမှူးသမီးက အဖေအဖေ ဟိုကောင် ထွက်ပြေးပြီ ဆိုပြီးဖုန်း ဆက်ပြောတယ် ” လို့ ပြောသည်။

ဒါတွေကတော့ မှောင်ခိုလောက ဆုံရကြုံရပုံတွေကို သူက စိတ်မကောင်းစွာ ပြန်ပြောင်းပြောပြနေခြင်းပါ။

ယခုလို လုပ်ပိုင်ခွင့်လက်မှတ်ရထားသူများကတော့ ဇနီးမယား နှင့် ဆွေမျိုးတစ်သိုက်မှာ စိန်တွဲလွဲ ရွေတွဲလွဲနှင့် အငြိမ့်သား ဖြစ်နေကြ တော့သည်။

အခွင့်ထူးခံ ဗမာစစ်အရာရှိအသိုင်းအ၀ိုင်းက စိန်တွဲလွဲ ရွှေတွဲလွဲဖြင့် ချမ်းသာကြီးပွားသူများရှိကြသလို တချို့စစ် အရာရှိများ ကတော့ တောတွင်းစည်းစိမ်ကို ယစ်မှုးနေကြတော့သည် ၊၊

တောတွင်းစည်းစိမ်ဆိုတာကတော့ စစ်ဆင်ရေးနှင့်နယ်မြေရှင်းလင်းရေး တာဝန်ကျသည့် စစ်တပ်များမှ အရာရှိ စစ်သည်များက ၄င်း တို့ တာဝန်ယူရသည့် နယ်မြေအတွင်းရှိ သစ်မှောင်ခိုသမားများနှင့် ပူးပေါင်းမိကာ ငွေကြေး လဘ်လာဘအမြောက်အများရရှိကာ ရာမ (ခေါ်) မြင်းဆေးအပါအဝင် မူးယစ်ဆေးဝါးမျိုးစုံကို သုံးစွဲနေကြပြီး အနှိပ်ခန်း ဇိမ်ခန်းများမှ အပျော်မယ်လေးများဖြင့် ပျော်ပါးခြင်း များပြု လုပ်ကြတော့သည်။

မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသည့်စကားက သည်အဖြစ်အပျက်များအတွက် အမှန်ပင်ဖြစ်နေတော့ သည်။

ဗမာစစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတစ်စုကတော့ အာဏာတည်မြဲရေး အတွက် ၄င်းတို့ဖန်တီးထားသည့်အကွက်ထဲလူတော် တော်များ များ က ရုန်းမထွက်နိုင်သည်ကို ကြည့်ပြီး ကြိတ်ဝမ်းသာနေမည်ကတော့ အသေအချာပင်။

No comments:

Post a Comment