Tuesday, July 7, 2009

စစ်တပ်အရာရှိ လက်ထပ်ပွဲအတွက် အရပ်သားများထံမှ လက်ဖွဲ့ ငွေများ သတ်မှတ်ကောက်ခံ

Narinjara News

တာကလူး (နိရဉ္စရာ) ရခိုင်ပြည် နယ် ရသေ့ တောင် အခြေစိုက် စစ်တပ် တပ်ရင်း တခုမှ အရာရှိ တစ်ဦး၏ သမီး နှင့် တပ်ကြပ် တစ်ဦး တို့၏ လက်ထပ်ပွဲ အ တွက် သက်ဆိုင်ရာ စစ်တပ် အရာရှိမှ ဒေသခံ စီးပွားရေး သမားများ နှင့် ရယက ဥက္ကဌ များထံမှ လက်ဖွဲ့ငွေများ သတ်မှတ် ကောက်ခံ ခဲ့သည် ဟု ကုန်စုံဆိုင် ပိုင်ရှင် တစ်ဦးက ပြောသည်။

ရသေ့ တောင်မြို့ ရဲသုံးရဲ ခန်းမ ဆောင်၌ ဇူလိုင်လ (၃)ရက် နေ့က ကျင်းပ ခဲ့သော ခမရ ၅၃၆ မှ ဒု အရာခံ ဗိုလ် ထွန်းမြင့် ၏ သမီး မ နွယ်နွယ်စု နှင့် တပ်ကြပ် သောင်းထွန်းဦး တို့၏ လက်ထပ်ပွဲသို့ ဒေသခံ စီးပွားရေး သမား များအား ဖိတ်ကြား ခဲ့ပြီး ယာယီ တပ်ရင်းမှူး ဗိုလ်မှူး သိန်းနိုင် ၏ အမိန့်ဖြင့် လက်ဖွဲ့ ငွေများ သတ်မှတ် ကောက်ခံ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကုန်စုံဆိုင် ပိုင်ရှင်က “စစ်တပ်က ဖိတ်စာ လာပေးကတည်းက ဘယ်သူ ဘယ်လောက် လက်ဖွဲ့ရမယ် ဆိုပြီး သတ်မှတ်ချက်တွေ ပေးသွားပါတယ်။ ခုလို စီးပွာရေးက အဆင်မပြေတဲ့ ကာလမှာ သူတို့တောင်းတဲ့ လက်ဖွဲ့ငွေကို ဘယ်သူမှ မပေးချင်ကြပါဘူး။ ဒါပေမယ့်လည်း မပေးဘဲ နေခဲ့ရင် စီးပွားရေးကို လာရောက် အနှောင့်အယှက်ပြုနိုင်တဲ့ အတွက် စိုးရိမ်ပီး သူတို့တောင်းတဲ့ လက်ဖွဲ့ငွေကို ပေးလိုက် ကြရတာပါဘဲ” ဟု ပြောသည်။

ဒေသခံ စီးပွားရေးသမားနှင့် ပြည်သူ အများစုမှာ စီးပွားရေး အကျပ်အတည်းများနှင့် ရင်ဆိုင် နေကြရသဖြင့် စစ်တပ်က အတင်းအဓမ္မ တောင်းခံသော လက်ဖွဲ့ငွေကို မပေးချင် ကြသော်လည်း သူတို့၏ စီးပွားရေးလုပ်ငန်းများကို စစ်တပ်မှ အနှောင့်အယှက် ပေးမည်ကို စိုးရိမ်သောကြောင့် လက်ဖွဲ့ငွေများကို အောက်ပါ သတ်မှတ်ချက်အတိုင်း ပေးလိုက်ရကြောင်း စက်လှေပိုင်ရှင်တစ်ဦးက ယခုကဲ့သို့ပြောသည်။

“ရသေ့တောင် မြို့နယ် အတွင်းမှာ ရှိတဲ့ ပုဇွန်ဒိုင် တစ်ခု စီက ကျပ်ငွေ ၃၀၀၀၀၊ ကုန်စုံဆိုင် တစ်ဆိုင်က ကျပ် ၁၅၀၀၀၊ ဆေးဆိုင် တစ်ဆိုင်က ကျပ်ငွေ ၁၅၀၀၀၊ ဆန်စက် တစ်လုံးက ကျပ်ငွေ ၁၀၀၀၀ နဲ့ အကြီး အငယ်အလိုက် စက်လှေတစ်စီးမှ ကျပ်ငွေ ၁၅၀၀၀ မှ ၃၀၀၀၀ ကျစီ အသီးသီး သတ်မှတ် ကောက်ခံခဲ့ပါတယ်။”

အဆိုပါ မင်္ဂလာဆောင် အတွက် ကျေးရွာအလိုက် ရယက ဥက္ကဌတစ်ဦးစီမှ ကျပ်ငွေ ၅၀၀၀ စီ လက်ဖွဲ့ငွေ တောင်းခံခဲ့သည်ဟု ရယက ဥက္ကဌ တစ်ဦးကလည်း ပြောသည်။

သို့သော်လည်း ရယက ဥက္ကဌအများစုမှာ အဆိုပါ လက်ဖွဲ့ငွေအတွက် စစ်တပ် အမိန့်အရဟုဆိုကာ ရွာသူ ရွာသားများထံမှ ကောက်ခံခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်အခြေစိုက် စစ်တပ်တပ်ရင်းများ အနေဖြင့် သားသမီး မင်္ဂလာဆောင်မှ အစ အလှူပွဲများ အဆုံး စစ်တပ်နှင့် သက်ဆိုင်သော ပွဲလန်း သဘင်များအတွက် အရပ်သား ပြည်သူများထံမှ ယခုကဲ့သို့ငွေကြေးများ ကောက်ခံလေ့ရှိသည်ဟု သတင်းများ ရရှိသည်။

No comments:

Post a Comment