Tuesday, July 28, 2009

လှပတဲ့ ပန်းရိုင်းတွေ မရှူရှိုက်စေချင်

ကန္တာရ၀တီတိုင်း(မ်)၊

ကရင်နီပြည်နယ် အနောက်ဘက်ခြမ်းနှင့် ရှမ်းပြည်နယ်နှင့် နယ်ခြင်းစပ်နေသည့် ဒေသတလျှောက်သည် အအေးပိုင်းဇုံဖြစ်ပြီး မြို့နှင့် ကျေးလက်တောရွာတို့နှင့် ဝေးလံသည့် ဒေသတခုလည်း ဖြစ်သည်။

လူနေရှားပါးပြီး ခြောက်သွေ့နေမည်ဟု ထင်ရသော်လည်း လျှိုမြောင်၊ တောကြိုတောင်ကြား၌ သဘာဝဟန်ဟန် ပေါက်ရောက်လျှက်ရှိသော အဖြူ၊ အနီ၊ ခရမ်းနှင့် ပန်းရောင်စသည့် ပန်းရောင်စုံများက ထိုနေရာလေးကို သာယာလှပစေပါသည်။

ထိုပန်းရောင်စုံများသည် သာယာလှပသလောက် လူသားတို့၏ ဘဝတသက်တာကို ဖျက်ဆီးစေတတ်တဲ့အတွက် လူတွေက “ပန်းရိုင်းများ” ဟု တင်စားခေါ်ဝေါကြသည်။ လူအများစု နားလည်သဘောပေါက်အောင် ခေါ်ဆိုလျှင် ထိုပန်းပင်တို့သည် “ဘိန်းပင်” များဖြစ်သည်။

လူသားတို့၏ ဘဝကို ဖျက်ဆီးနေသည့် ထိုပန်းရိုင်းတွေကို ကမ္ဘာက တိုက်ဖျက်၍ ဖျက်ဆီးနေသည်မှာ ကာလအားဖြင့် အတော်လေးပင် ကြာမြင့်နေပါပြီ။ သို့သော် ကရင်နီပြည်မှာ ဘာကြောင့် ဤပန်းရိုင်းတွေ ဆက်လက် ရှင်သန်နေတာလဲ။ အဖြေကတော့ ထိုပန်းရိုင်းတွေကို လူတွေက နှစ်သက်နေသေးလို့ပါဘဲ။

ယခင်နှစ်များကဆိုလျှင် ကရင်နီပြည်လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆိုစသည့် မြို့ကျဒေသတွေမှာဆိုရင် ထိုပန်းရိုင်းကို ဘိန်းစိမ်းနှင့် ဘိန်းဖြူအသွင်သဏ္ဍာန်တွေနဲ့ ဝယ်ယူစားသုံးခဲ့ကြသည်။ ပိတ်ပင်တားဆီးမှု အမျိုးမျိုးကြားက ရာဘ (မြင်းဆေး၊ တနည်းအားဖြင့် စိတ်ကြွဆေး) ဆေးလုံးလေးတွေပမာ တီထွင်ပြီး ဈေးကွက်တွေမှာ အသွင်အမျိုးမျိုး၊ အရောင်အမျိုးမျိုးဖြင့် ရောင်းဝယ်စားသုံးခဲ့ကြသည်။

ပိတ်ပင်တားဆီးမှုတွေ များလာတာနှင့်အမျှ ယခုဆိုရင်ပင် လွိုင်ကော်၊ ဒီမောဆိုမြို့တွေမှာ ထိုပန်းရိုင်းတွေက ရသည့် မူးရစ်ဆေးဝါးကို နောက်တဖန် ပီကယ် (သကြားလုံး) ပုံသဏ္ဍာန်တွေနဲ့ ဈေးကွက်၊ ဆိုင်ငယ်၊ လက်လီဝယ်ယူသောက်သုံး လာသည်ကို တွေ့ရသည်။ အထူးသဖြင့် ပီကယ်ဒီဇိုင်းဖြင့် ရောင်းချနေသည့် မူးရစ်ဆေးဝါးကို လူငယ်တွေကြားမှာ အတော်လေး ခေတ်စားလာသည်။

ရာမပီကယ် ခေါ် စိတ်ကြွဆေးကို ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ်မှ စတင်တီထွင်ရောင်းချခဲ့ရာ ယခု ၂ဝဝ၉ ခုနှစ်၌ သုံးစွဲသူလူငယ်များ ပိုမိုများပြားလာပြီး ရောင်းချသူတွေမှာ များသောအားဖြင့် မသန်မစွမ်းများနှင့် အမျိုးသမီးငယ်များဖြစ်သည်ဟု လွိုင်ကော်မြို့ခံ လူငယ်တဦးက ပြောပြသည်။

ထိုလူငယ်က “စိတ်ကြွဆေးသုံးတာက ဆေးထိုးတာနဲ့ သောက်တာဆိုပြီးမှ ရှိတယ်။ ဆေးထိုးတဲ့ အပိုင်းမှာဆိုရင် ခိုးကြောင် ခိုးဝှက်နဲ့ ထိုးတာ။ ဒါပေမယ့် သောက်တာကြတော့ ဗြောင်ဗြောင်ပဲ။ အစိုးရက ပြောတယ် သိသာသိစေ မမြင်စေနဲ့လို့ အဲလိုပြောတယ်လေ” ဟု ပြောသည်။

ဆက်လက်ပြီး ထိုလူငယ်က “အခုတက်စ လူငယ်တွေကို သူတို့ ဖျက်ဆီးချင်တယ်ပေါ့၊ ဘာဖြစ်လဲဆိုတော့ လူငယ်တွေ အကယ်၍ အတွေးအခေါ်တွေ ဗဟုတုတတွေ ကြွယ်ဝလာမယ်ဆိုရင် ပြန်ဆန့်ကျင်မယ်၊ ဆန္ဒပြမယ် သူတို့ ထင်လို့ ဒီတစ်ခုကို မပိတ်ပင်ဘူးပေါ့၊” ဟု ပြောသည်။

ပန်းရိုင်းတွေရဲ့ ဈေးကွက်ဟာ အိမ်နီးချင်း နိုင်ငံတွေရှိနေသလို ကိုယ့်ပြည်နယ် ကိုယ့်ဒေသတွေမှာလည်း ရှိနေသည့်အတွက် စစ်အစိုးရ၏ အုပ်ချုပ်မှုအဆက်ဆက်အောက်မှာ စီးပွားရေး အကြပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ဒေသခံများအနေဖြင့် ထိုပန်းရိုင်းတွေကို ဆက်လက်မပျိုးဘဲ နေပါ့မလား။

ဒေသခံများ ဆက်လက်စိုက်ပျိုးနေရသော အခြားအကြောင်းအရင်းတခုမှာ ထိုအအေးပိုင်းဇုံသည် အခြားကောက်ပဲသီးနှံနှင့် စပါးများ အစားထိုးစိုက်ပျိုးရာတွင် ရာသီဥတုနှင့် ကိုက်ညီမှု မရှိသည့်အတွက် စပါးစိုက်ခြင်းထက် ဘိန်းစိုက်ပျိုးမှုကို ပိုမိုစိတ်ဝင်စားကြရခြင်း ဖြစ်သည်ဟု အခြေအနေများကို လေ့လာသုသေတနပြုနေသော ကရင်နီသဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ (Karenni Ever Green) အဖွဲ့မှ တာဝန်ခံတစ်ဦးဖြစ်သူ ခူးညေးရယ်က ပြောသည်။

“တချို့နေရာတွေက စပါး စိုက်တာ သိပ်ပြီး မအောင်မြင်ဘူးလေ၊ စပါးစိုက်တာ မကောင်းတော့ သူတို့ ဘိန်းတွေ စိုက်ကြတော့ ပိုပြီး အောင်မြင်တယ်၊” ဟု သူက ပြောသည်။

ဘိန်းများ ထွက်ရှိသည့် အချိန်ကာလ ရောက်ရှိပြီး ရိတ်သိမ်းပြီးသွားလျှင် ဘိန်းစိုက်သူများမှာ ကရင်နီ အပစ်ရပ် အဖွဲ့များနှင့် ပြန်လည် တင်သွင်း ရောင်းချနေကြရကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဘိန်းမျိုးစေ့များအား ၄င်းတို့ထံမှ ရရှိကြခြင်း ဖြစ်သည်ဟု ကရင်နီပြည် အအေးပိုင်းဇုံ (အမှတ် ၃ ခရိုင်)မှ အုပ်ချုပ်ရေးမှူး ခူးလော်ရယ်က ပြောသည်။

အပစ်ရပ် အဖွဲ့များ ဖြစ်သော ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ) ထိန်းချုပ်နယ်မြေ အတွင်းတွင် ဘိန်းထုတ်လုပ်သည့် စက်ရုံ ၃ ရုံခန့် ရှိပြီး ကယန်းပြည်သစ် (ကေအဲန်အယ်လ်ပီ) မှာလည်း ၂ ရုံခန့် ရှိသည်ကို ကြားသိရကြောင်း သူက ပြောသည်။

ခူးညေးရယ်က ဆက်ပြီး “စိုက်ပျိုးတဲ့ လူတွေက ဒီလောက် အကျိုးအမြတ် မရပါဘူး၊ နည်းနည်းပဲ ရတယ်၊ ဘာဖြစ်လဲဆိုတော့ ပွဲစားတွေက သူတို့ကို ဈေးနှိမ်ပြီးတော့ သူတို့ ရောင်းရတယ်လေ၊ ဒါပေမယ့် စပါးစိုက်ခြင်းထက် စာရင် ပိုပြီး သူတို့အတွက် သက်သာတယ်ပေါ့၊” ဟု ပြောဆိုသွားသည်။

ဒေသခံများသည် ဘိန်းရောင်း၍ ရရှိသော ဝင်ငွေများမှာ ဆန်နဲ့ ပြန်ဝယ်စားကြရခြင်း၊ သားသမီး ကျောင်းတက်နိုင်ရေး ကျောင်းစရိတ်အတွက်နှင့် ကျန်မာရေးအတွက် ဆေးဝါပစ္စည်းများ ဝယ်ယူသုံးဆောင်ရန် အသုံးပြုနေကြသည်ဟု ဆိုသည်။

အပစ်ရပ် အဖွဲ့များက ၄င်းတို့ အဖွဲ့အစည်း ရှင်သန်ရပ်တည်နိုင်ရေးအတွက် မူယစ်ဆေးဝါး ရောင်းဝယ်ထုတ်လုပ်ရန် နှင့် စစ်အစိုးရတပ်များလည်း အခွန်ကောက်ခံခြင်းနှင့် အကျိုးအမြတ် ရရှိရေးအတွက် ဒေသခံပြည်သူများ ဘိန်းစိုက်ပျိုးကြခြင်းသည် တစုံတရာ တားမြစ်ပိတ်ပင်ခြင်း မရှိဟု ခူးညေးရယ်က ဆက်ပြောသည်။

အမှတ် ၃ ခရိုင်ဘက်က ဒေသခံပြည်သူများ ဘိန်းစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ စစ်အစိုးရနှင့် အပစ်ရပ် အဖွဲ့များ၏ ခွင့်ပြုထားပုံကို ခူးလော်ရက်က “လွပ်လွတ်လပ်လပ်ပဲ အဲဒီဘက်က သူတို့ ဘာမှ မပြောဘူး၊” ဟု ပြောသည်။

စစ်အစိုးရသည် တိုင်းရင်းသားလူမျိုးများအား ဖျက်ဆီးစေချင်ခြင်းနှင့် ပျက်စီးစေချင်ခြင်းတို့ကြောင့် ဘိန်းစိုက်ပျိုးမှုကို ခွင့်ပြုထားခြင်း ဖြစ်သည်ဟု ခူးလော်ရယ်က ယခုလိုသုံးသပ်ပြောဆိုသည်။

“စစ်အစိုးရက ကျနော်တို့ တိုင်းရင်းသားတွေကို အနုနည်းနဲ့ တိုက်ခိုက်နေတယ်လို့ ကျနော် အဲလိုမျိုး သဘောပေါက်တယ်၊ ဘာဖြစ်လဲဆိုတော့ ဘိန်းတွေကို အရင်ဆုံး ဒီလိုမျိုး စိုက်ခိုင်းပြီးတော့ ကြာကြာလာကြရင် သူတို့ နည်းနည်း ကိုင်တွယ်လာမယ်၊ လက်နက်မဲ့ တိုက်ခိုက်ရေးနဲ့ပေါ့ ဒီဘိန်းစိုက်ပျိုးခြင်းနဲ့၊”

ယခင်ကာလများက ဒေသခံပြည်သူများ၏ ဘိန်းစိုက်ပျိုးမှုသည် အနည်းငယ်သာ စိုက်ပျိုးခဲ့ကြသော်လည်း ပြည်တွင်းတွင် ကရင်နီအပစ်ရပ်အဖွဲ့များ ပေါ်ပေါက်လာပြီးသည့်နောက်ပိုင်းတွင် ဘိန်းများ ကျယ်ကျယ်ပြန်ပြန့် စိုက်ပျိုးလာသည်ကို တွေ့ရှိရကြောင်း ခူးညေးရယ်က ပြောသည်။

ယခုနှစ်တွင် အိမ်နီးနားချင်းနိုင်ငံများက ဝယ်ယူမှုကျဆင်းလာသောကြောင့် ဒေသခံပြည်သူများ၏ ဘိန်းစိုက်ပျိုးမှုသည် ယခင်နှစ်များထက် ပို၍ ကျဆင်းလာသည်ဟုလည်း စိုက်ပျိုးသူတို့၏ ပြောပြချက်အရ သိရသည်။

ဘယ်လိုဘဲဖြစ်ဖြစ် ဒေသခံလူထုအတွက် အသက်မွေးဝမ်းကြောင်းကို အဆင်ပြေချောမွေ့အောင် သက်ဆိုင်ရာက မဖန်တီးပေးနိုင်သ၍ ထို့နောက် လွိုင်ကော်နှင့် ဒီမောဆိုတို့ဘက်က ရာဘပီကယ်တွေကို သုံးစွဲခွင့်မသိမသာလေး ခွင့်ပြုထားသ၍ ကရင်နီပြည်က ဤပန်းရိုင်းတွေ ပျောက်ကွယ်သွားမည်ဟု ဘယ်သူအတတ်ပြောနိုင်ပါ့မလဲ…

No comments:

Post a Comment