Monday, July 20, 2009

ကြည်းရေလေ ဆွမ်းဆန်စိမ်းလောင်းလှူပွဲဟုအာဏာပိုင်တို့ ခေါင်းစဉ်မတပ်ရဲ

အောင်ထက် / ၂၀ ဇူလိုင် ၂၀၀၉

တပ်မတော် ကြည်း၊ ရေ၊ လေ ဆွမ်း ဆန်စိမ်း လောင်းလှူ ပွဲကို လာမည့် သြဂုတ် (၂) ရက်တွင် ကျင်းပ မည်ဖြစ် ရာ ရန်ကုန် မြို့၏ ရပ် ကွက်များ အတွင်း ရယက များက လုပ်ငန်း ရှင်များ ထံမှ အလှူခံ နေကြောင်း သိရ သည်။

တောင်ဥက္ကလာပမြို့နယ်အတွင်း ရပ်ကွက် (၁၃) ခုရှိရာ ပြီးခဲ့သည့် ဇူလိုင် ဒုတိယအပတ်က မြို့နယ် မယက ဥက္ကဋ္ဌမှ ရယက ဥက္ကဋ္ဌများကို ခေါ်ယူကာ အလှူငွေကောက်ခံခြင်းကိစ္စ ညွှန်ကြားခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်(ကြီး)များ မဖြစ်မနေ တက်ရောက်ရပြီး ၎င်းတို့ထံမှ ဦးစွာ အလှူငွေကောက်ခံခဲ့သည်။

အာဏာပိုင်တို့နှင့် မဆက်ဆံ၍ မဖြစ်သော လက်ရှိအခြေအနေတွင် လုပ်ငန်းရှင်များမှာ သဒ္ဒါကြေးထက်မကသော အလှူငွေများ ထည့်ဝင်ကြရကြောင်း အလှူငွေ ကျပ် (၅) သိန်း ထည့်ဝင်ခဲ့ရသည့် (၈) ရပ်ကွက်၊ စက်မှုဇုန်မှ လုပ်ငန်းရှင်တဦးက ပြောသည်။

ရပ်ကွက်လုပ်ငန်းရှင် (ငယ်) များအား ကမ်းသောစာအိတ်ပေါ်၌ ဆွမ်းဆန်စိမ်းအလှူတော်ငွေ ကောက်ခံခြင်း (၂.၈.၂၀၀၉)၊ “လာဘမုနိဓမ္မာရုံ” ဟု ပါရှိကာ “တပ်မတော် ကြည်း၊ ရေ၊ လေ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ” ဟု ဖော်ပြထားခြင်း မရှိပေ။

အထက်ပါအတိုင်း ခေါင်းစဉ်တပ်ဖော်ပြပါက သဒ္ဒါကြေးပင် မည်သူမျှ ထည့်ဝင်ကြမည်မဟုတ်ဟု ရယကအဖွဲ့ဝင်တဦးက ပြောသည်။

လုပ်ငန်းရှင်တဦးက “သံဃာတော်တွေကို လှူမယ့်တန်းမယ့်ကိစ္စ လူတိုင်းသဒ္ဒါကြပါတယ်။ ဒါပေမယ့် မှန်မှန်ကန်ကန်ခေါင်းစဉ် မတပ်ရဲတာတော့ သူတို့ရဲ့ မရိုးသားမှုဘဲ” ဟု ပြောဆိုသည်။

တောင်ဥက္ကလာပမြို့နယ်၊ (၁၂) ရပ်ကွက်၊ ရယက ဥက္ကဋ္ဌမှ အဆိုပါကိစ္စအား ရာအိမ်မှူးများကို ခေါ်ယူဆွေးနွေးကာ ဇွန်လ (၁၈) ရက်နေ့မှ စတင်အလှူငွေ ကောက်ခံစေခဲ့သည်။ ရပ်ကွက်အတွင်း ရာအိမ်မှူးအပိုင် (၁၇) စုရှိရာ တစုလျှင် အလှူငွေ (၁၀,၀၀၀) ကျပ်၊ စာအိတ်ဖိုး (၅၀၀) ကျပ်နှင့် စုစုပေါင်း (၁၀,၅၀၀) ကျပ် ပြည့်မီအောင် ကောက်ခံရန် စေခိုင်းခဲ့သည်။

အလှူငွေများကို ဇွန် (၂၃) ရက်နေ့အပြီး အပ်နှံရမည်ဖြစ်ပြီး သတ်မှတ်အလှူငွေထက်ကျော်လွန်ပါက ရာအိမ်မှူးများ သုံးစွဲခွင့်ရှိသည်ဟု သိရသည်။

အလှူငွေများကို ရယက ဥက္ကဋ္ဌများမှ မြို့နယ် ဥက္ကဋ္ဌ၊ ထိုမှခရိုင်၊ ထိုမှတိုင်း အဆင့်ဆင့် လွှဲပြောင်းပေးအပ်ရမည်ဖြစ်သည်။ သို့သော် ကောက်ခံရရှိငွေအပေါ် အသေးစိတ်စာရင်းရှင်းတမ်း တင်ပြနေစရာမလိုသည့်အတွက် နိုင်ငံတော်အဆင့် အထက်ပါ အလှူအတန်းမျိုးကို အုပ်ချုပ်ရေးပိုင်းက လွန်စွာလိုလားပြီး ပြည်တွင်းလုပ်ငန်းရှင်ကြီးငယ်တို့မှာ များစွာ စိုးရိမ်ထိတ်လန့်နေကြ သည်။

တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ ၎င်းတို့လိုလားသော ကျောင်းတိုက်ကြီးများ၊ ဓမ္မာရုံများသို့ သံဃာတော်များအား ပင့်ဖိတ်လှူဒါန်းလေ့ရှိရာ တောင်ဥက္ကလာပမြို့နယ်၊ ဥက္ကလာပစေတီ (၇- ဆူဘုရား) ၀င်းအတွင်းရှိ လာဘမုနိဓမ္မာရုံလည်း တခုအပါအ၀င်ဖြစ်သည်။

အဆိုပါ အလှူငွေကောက်ခံခြင်းအား သိရှိခြင်း ရှိ မရှိ လာဘမုနိဓမ္မာရုံသို့ ဆက်သွယ်မေးမြန်းရာ ကြည်း၊ ရေ၊ လေ ဆွမ်းဆန်စိမ်းလောင်းလှူပွဲဆိုတာ မှန်ကန်ကြောင်း၊ ဘယ်နေ့ကျင်းပမည်ဆိုသည်ကို အတိအကျ မသိရသေးကြောင်းနှင့် အသေးစိတ်သိရှိလိုက မယကသို့ ဆက်သွယ်ရန် အတည်ပြုပြောကြားသည်။

No comments:

Post a Comment