Monday, July 27, 2009

စစ်အတွေးအခေါ်- အနုမြူ လက်နက်နှင့် နအဖ လှိုဏ်ခေါင်း စစ်ပွဲသဏ္ဌာန်


နိုင်ငံတနိုင်ငံရဲ့ စစ်တပ်တခု ဖွဲ့စည်းပုံ၊ ဗျူဟာချပုံ၊ ပုံဖော်တွေအားလုံးဟာ စစ်ရေးအတွေးအခေါ် Military Doctrine အပေါ် မူတည်ပါတယ်။ ဂျပန်တော်လှန်ရေးစစ် (၁၉၃၇-၁၉၄၅) ခုနှစ်က အတွေ့အကြုံပေါ် မူတည်ပြီး တရုတ်တပ်နီတော်ဟာ မော်စီတုံးရဲ့ ပြည်သူ့စစ်ပွဲ အတွေးအခေါ် People’s War Doctrine ကို လက်ခံကျင့်သုံးခဲ့တယ်။ ဒီအတွေးအခေါ်ရဲ့ အခြေခံက ရန်သူကို ကျယ်ပြန့်တဲ့ တရုတ်ပြည်ကြီးရဲ့ သဘာဝ အနေအထားနဲ့ ကြီးမားတဲ့လူဦးရေ အားသာမှုကို အခွင့်ကောင်းယူပြီး ပြောက်ကျားစစ်နဲ့ အနိုင်ယူမယ်ဆိုတဲ့ အတွေးအခေါ် ဖြစ်တယ်။

မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်အုပ်စိုးတဲ့ နိုင်ငံဖြစ်တဲ့အတွက် နှစ်စဉ်ကျင်းပတဲ့ တပ်မှူးများ ညီလာခံဟာ အရေးပါတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ် ဇူလိုင်လမှာ ကျင်းပတဲ့ တပ်မတော် အစည်းအဝေးမှာ ထိုအချိန်က ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ် စန်းယုက တပ်မတော်စစ်ရေး အတွေးအခေါ်သစ် New Military Doctrine ကို လိုအပ်ရင် ရှာဖွေသင့်ပြီလို့ တင်ပြလာပါတယ်။ ဒုစစ်ဦးစီချုပ် (ရေ) ဗိုလ်မှူးချုပ် သောင်းတင် ဦးစီးတင်ပြတာမှာ သောင်းကျန်းသူတိုက်ဖျက်ရေး နည်းလမ်းနဲ့ ဗျူဟာ People Militia (အရပ်သားစစ်သည်) များကို သင်တန်းပေးရေးနဲ့ ပညာပေးရေးတို့ ပါဝင်ပါတယ်။ ဒီဆွေးနွေးမှုမှာ သောင်းကျန်းသူ နှိမ်နှင်းရေးနဲ့ ပြည်ပကျူးကျော်မှု (အကယ်၍ အင်ဒိုချိုင်းနား စစ်ပွဲပြိုခဲ့သော်) တို့ ဖြစ်တယ်။ ဒုဗိုလ်မှူးကြီး သူရထွန်းတင်နဲ့ အဖွဲ့ကို နိုင်ငံခြားသို့ စေလွှတ်လေ့လာစေခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှစပြီး “ပြည်သူ့စစ်” (People’s War) ကို တပ်မတော်ရဲ့ စစ်ရေးအတွေးအခေါ် Military Doctrine အဖြစ်ခံယူခဲ့ပါတယ်။

ဒီပြည်သူ့စစ် စစ်အတွေးအခေါ်ရဲ့ သောင်းကျန်းသူ ဆန့်ကျင်ရေး၊ စစ်ဆင်ရေးအပိုင်းကို ၁၉၆၆ ခု ဇန္နဝါရီလကနေ မတ်လအထိ ဗကပ တို့ရဲ့ မြစ်ဖျားခံဒေသတိုင်းမှာ စမ်းသပ်ခဲ့ပါတယ်။ ၁၉၆၈ ခု တပ်မတော် အစည်းအဝေးမှာ အဓိက ဆွေးနွေးခဲ့တာကတော့ ပြည်သူ့စစ် အတွေးအခေါ်နဲ့ ဆက်စပ်နေတဲ့ ဖြတ် ၄ ဖြတ် ဗျူဟာပါပဲ။ တပ်မတော်ဟာ အောက်မြန်မာပြည်နဲ့ မြန်မာပြည်အလယ်ပိုင်းမှာ ဖြတ် ၄ ဖြတ်နည်းကို သုံးခဲ့ပေမယ့် အနောက်မြောက်ဒေသမှာတော့ တရုတ်ကွန်မြူနစ်တို့ရဲ့ ထောက်ပံ့မှုကြောင့် ရွှေ့ပြောင်းတိုက်ခိုက်တဲ့ သမရိုးကျစစ် (Mobile Convention) နဲ့ ပြောက်ကျားစစ်ကို သုံးခဲ့တယ်လို့ ဆိုပါတယ်။ လေပေါ်ကနေ ဗုံးကြဲမှု၊ လေကြောင်း ကာကွယ်မှု၊ အမြောက်နဲ့ပစ်ပြီး ကာကွယ်မှုတို့အပြင် ကတုတ်ကျင်းတိုက်ပွဲ (Trench Warfare) ဟာ စစ်ဗျူဟာရဲ့ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့တပ်မတော် လက်ခံခဲ့တဲ့ People’s War လို့ခေါ်တဲ့ ”ပြည်သူ့စစ်” နဲ့ နိုင်ငံခြားကျူးကျော်မှုကို ရင်ဆိုင်ဖို့ ပြောက်ကျားစစ်ပွဲနဲ့ ပြည်တွင်းစစ်အတွက် တန်ပြန်သူပုန် ဗျူဟာစစ်ဆင်ရေးတို့ဟာ ထုသုံးထု (Three Masses)၊ လူထု၊ အချိန်နဲ့ နယ်ပယ် Population, Time and Space နဲ့ “ပမာဏလေးရပ်“ (Four Strengths) လူထုအင်အား၊ ပစ္စည်းအား အချိန်နဲ့ စိတ်ဓာတ် Manpower, Material, Time and Morale တို့အပေါ် အခြေခံပါတယ်။

(မှတ်ချက် - ကျနော် မကြာခဏ ရေးပြခဲ့တဲ့ အတိုက်အခံတွေကို ချေမှုန်းတဲ့နေရာမှာ Time and Space အချိန်နဲ့ နိုင်ငံရေး လှုပ်ရှားမှု နယ်ပယ် - Political Space တို့ကို ဗျူဟာအဖြစ် အသုံးပြုတယ်ဆိုတာကို သတိရစေလိုပါတယ်။ စစ်ဗိုလ်ဆိုတာ စစ်တွေး တွေးကြတာပါပဲ။)

ဒါပေမဲ့ ဒီစစ်အတွေးအခေါ်ကို ချမှတ်တဲ့ အဲဒီကာလက နိုင်ငံခြားကနေ ကျူးကျော်မှုကို ခုခံကာကွယ်ရာမှာ ဗျူဟာကျကျ ငြင်းဆိုမှု Strategic denialနဲ့ တန်ပြန်ထိုးစစ်ဆင်နိုင်မှု - counter-offensive Capability တို့ကို ဖော်ထုတ်ထားခြင်း မရှိခဲ့သေးပါဘူး။

နောက်တဆင့် စစ်ရေးအတွေးအခေါ်ကို ဖော်ထုတ်ခြင်း

၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီး စစ်ကောင်စီ (နဝတ) ကို ဖွဲ့စည်းအပြီး မကြာခင်မှာ စစ်ခေါင်းဆောင်တွေဟာ လက်ရှိစစ်အတွေးအခေါ်နဲ့ ဗျူဟာကို ပြန်လည်သုံးသပ်ပြီး စစ်တပ်ကို ခေတ်မီအောင် လက်နက်တပ်ဆင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီအတွေးအခေါ်ဟာ နိုင်ငံခြားကျူးကျော်မှု သို့မဟုတ် တဆင့်ခံ ကျူးကျော်မှုကို စိုးရိမ်ပူပန်မှုကြောင့်ပါ။ ၈၈၈၈ အရေးတော်ပုံကြီးအတွင်းမှာ မြန်မာ့ရေပိုင်နက်အတွင်းမှာ အမေရိကန် ရေတပ်သဘောင်္တွေ ရောက်ရှိနေတာ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို စော်ကားခြင်းလို့ စစ်ဗိုလ်တွေက ယူဆကြပါသည်တဲ့။ ဒါ့အပြင် စစ်အစိုးရဟာ နယ်ခြားဒေသမှာရှိတဲ့ သူပုန်တွေကို နိုင်ငံခြား အင်အားကြီး နိုင်ငံတွေက အင်အားပြည့်အောင် ထူထောင်ပေးပြီး ရန်ကုန်မှာရှိတဲ့ စစ်အစိုးရသစ်ကို ယှဉ်ပြိုင်ခိုင်းနိုင်တာကိုလည်း စိုးရိမ်ပူပန်ကြပါတယ်တဲ့။ ဒါ့အပြင် ၈၈၈၈ အရေးတော်ပုံကြီးအပြီးနဲ့ စစ်တပ်ကနေ အာဏာသိမ်းအပြီး ပေါ်ပေါက်ပြန့်နှံ့လာတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက နိုင်ငံခြားအကူယူပြီး နိုင်ငံခြားကနေ ဝင်ရောက်စွက်ဖက်ခြင်းသော်၎င်း၊ ဝင်ရောက်သိမ်းပိုက်ခြင်းဖြင့် စစ်အစိုးရ မတည်ငြိမ်ရန်သော်၎င်း၊ ပြုတ်ကျရန်အတွက်သော်၎င်း ကြိုးစားအားထုတ်နေကြတယ်လို့ စစ်အစိုးရက ယုံကြည်နေကြပါတယ်တဲ့။ ဒီဖြစ်နိုင်စရာ၊ ထင်စရာ အန္တရာယ်တွေကြောင့် စစ်ဗိုလ်ချုပ်တွေဟာ Siege mentality အဝိုင်းခံရနေကြရသလို ခံစားရတယ်လို့ ဆိုပါတယ်။

ဒီလို စစ်ဗိုလ်ချုပ်တွေရဲ့ ခေါင်းထဲမှာ ပြည်ပကနေ ဝင်ရောက်ကျူးကျော်နိုင်တဲ့ အန္တရာယ် ကြီးမားလာတာနဲ့အမျှ နဝတ စစ်ခေါင်းဆောင်တွေဟာ တပ်မတော်ကို ခေတ်မီတဲ့ စစ်လက်နက်တွေ တပ်ဆင်ရုံသာမက စစ်အတွေးအခေါ် Military Doctrine ကိုပါ ခေတ်မီတိုးတက်လာအောင် ထပ်ဆင့်ဖြည့်စွက်စေပါတယ်တဲ့။ ဒီစိတ်ဓာတ်ကြောင့် ၁၉၈၉-၁၉၉ဝ ခုနှစ်တွေမှာ လေယာဉ်ပစ် အမြောက်တွေနဲ့ တင့်ကားအစီး ၆ဝ ကို ဝယ်ယူခဲ့ပါတယ်။ ထိပ်တန်း စစ်ခေါင်းဆောင်တွေရဲ့ အတွေးအခေါ်မှာလည်း မော်စီတုံးရဲ့ မဟာဗျူဟာ တွေးခေါ်နည်းတွေဟာလည်း လွှမ်းမိုးလျက် ရှိပါတယ်။ မြန်မာလို ဘာသာပြန်ထားတဲ့ မော်စီတုံးရဲ့ လက်ရွေးစင် စစ်အကြောင်း ရေးသားချက်တွေနဲ့အတူ လင်ပြောင်ရဲ့ ပြည်သူ့စစ် People’s War နဲ့ ချေဂွေဗာရားရဲ့ ပြောက်ကျားစစ်ပွဲတို့ဟာ ၁၉၆ဝ နဲ့ ၁၉၇ဝ ခုနှစ်တွေအတွင်းက မဆလစစ်ဗိုလ်တွေအတွင်း အဖတ်အများဆုံး စာအုပ်တွေ ဖြစ်ကြပါတယ်။

၁၉၉၅ ခုနှစ်နဲ့ ၁၉၉၇ ခုနှစ်အတွင်း တပ်မတော်က ကြည်း၊ ရေ၊ လေ ပူးတွဲစစ်ဆင်ရေး လေ့ကျင်ခန်းကို ကျင်းပခဲ့ပြီး ၁၉၉၈ ခုနှစ်လောက်မှာတော့ စစ်ရေးအတွေးအခေါ်ဖြစ်တဲ့ “ပြည်သူ့စစ်“ People’s War ကတဆင့် တိုးတက်တဲ့ စစ်အတွေးအခေါ်ကို ဗိုလ်ချုပ်သန်းရွှေက “ခေတ်သစ်အခြေအနေအောက်ရှိ ပြည်သူ့စစ်“ People’s War Under Modern Condition လို့ တရားဝင် ခင်ပွန်းတပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအတွေးအခေါ်နဲ့ နာမည်ကိုယ်တိုင်က တရုတ်တွေဆီကနေ ဗြောင်ခိုးချထားတာ ဖြစ်ပါတယ်။ ဒီအတွေးအခေါ်ဟာ အရင်က ပြည်သူ့စစ်မှာ မပါခဲ့တဲ့ ရန်သူကို ဗျူဟာကျကျ ငြင်းပယ်ခြင်း Strategic Denial နဲ့ Counter Offensive Capabilities လို့ ခေါ်တဲ့ တန်ပြန်ထိုးစစ်၊ ဒီ ၂ ပိုင်းကို ထပ်ဖြည့်ထားခြင်းပင် ဖြစ်တယ်။ လူဗိန်းစကားနဲ့ပြောရရင် စစ်တပ်က ကျူးကျော်လာတဲ့ နိုင်ငံခြားစစ်တပ်ကို ပမာဏတိုက်ပွဲတွေမှာ မထိန်းထားနိုင်ခဲ့ရင် ရပ်ရွာမြို့နယ်တိုင်းနဲ့ တပြည်လုံး အတိုင်းအတာအလိုက် တော်လှန်ရေး တပ်ဖွဲ့တွေဖွဲ့ပြီး တော်လှန်ပြီး ရန်သူကို အထိနာစေပါမယ်။ ဒီလိုနဲ့ ရန်သူရဲ့ စိတ်ဓာတ်ကို အထိနာစေပြီး ရန်သူ ခြေကုန်လက်ပန်းကျလို့ ကစဥ့်ကလျားဖြစ်မှ လိုအပ်တဲ့ (အင်အား) ကို စုပြီး တန်ပြန်ထိုးစစ်ကို ဆင်နွဲလို့ ရန်သူကို အမိနိုင်ငံမြေကနေ မောင်းထုတ်ဖို့ အစီအစဉ် အတွေးအခေါ်ဖြစ်တယ်။

အတိုချုပ်ပြောရရင် အရင်က ပြည်တွင်းစစ်နဲ့ ပြည်တွင်းသူပုန်တို့ကိုပဲ အသားပေးခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ အခုအချိန်မှာ ပြည်ပရန်သူ (မှတ်ချက် - အမေရိကန်လို့ သဘောပေါက်ပါ - စာရေးသူ) ကို ပိုအရေးပေးလာပြီး တရုတ်တို့ရဲ့ စစ်ရေးအတွေးအခေါ်ကို တိုက်ရိုက်ခိုးယူပြီး ပြည်ပရန်သူကို ပထမတင်းခံထား၊ တန်ပြန်ထိုးစစ်နဲ့ အနိုင်ယူမယ်ဆိုတဲ့ စစ်ရေးအတွေးအခေါ် ဖြစ်ပါတယ်။ ဒီအတွေးအခေါ်မှာ ရန်သူရဲ့ စိတ်ဓာတ်ကို ပြောက်ကျား စစ်ဆင်ရေးနဲ့ တိုက်ဖျက်ပြီး ခုခံဖို့ ဖြစ်ပါတယ်။

ရှုပ်ထွေးကုန်မှာစိုးလို့ အသေးစိတ်ကို တင်ပြထားခြင်း မရှိပါ။

ဒီအတွေးအခေါ်ကို စိတ်ဝင်စားသူတွေ ရှိခဲ့ရင် ၂ဝဝ၉ ခုနှစ် ပထမပိုင်းက ထုတ်ဝေခဲ့တဲ့ မောင်အောင်မျိုး (Ph.D) ရဲ့ Buliding the Tatmadaw, Myanmar Armed Forces Since 1948 ကို ဖတ်ရှုသင့်ပါတယ်။ မောင်အောင်မျိုးဟာ Australia National University (ANU) ကနေ Ph.D ဘွဲ့ကို ရခဲ့ပြီး မြန်မာ့တပ်မတော်မှာ ဗိုလ်ချုပ်တွေကို မွေးထုတ်ပေးနေတဲ့ Nation Defense College မှာ တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒေါက်တာမောင်အောင်မျိုးဟာ တခါတရံ မသိမသာ မြန်မာ့တပ်မတော်ကို ဖေးဖေးမမ တင်ပို့လေ့ရှိပေမယ့် ပညာရှင်သက်သက် မျက်စိနဲ့ကြည့်ရင် စာပေပညာရှင် (Academic) တွေကြားမှာ မြန်မာ့တပ်မတော် အကြောင်းကို အသိဆုံးမှာ ဒေါက်တာ မောင်အောင်မျိုးလို့ ဆိုရပါမယ်။ အကြောင်းမှာ အတွင်းသိဖြစ်လို့ပါ။ စာရေးသူရဲ့ အမြင်မှာ သူသိသမျှ မရေးရဲလို့ အပြစ်မရောက်ရုံသာ ရေးနိုင်ခြင်းလို့ ယူဆပါတယ်။ မြန်မာ့တပ်မတော်အကြောင်း စိတ်ဝင်စားပါရင် သူ့ရဲ့ ရေးသားချက်တွေကို ဖတ်သင့်တယ်။ ANU ကနေ ထုတ်တဲ့ သူ့ရေးသားချက်တွေ ရှိပါသေးတယ်။ လက်တွေ့ရှုထောင့်ကနေ ကြည့်ရင်တော့ ဦးအောင်ကျော်ဇောဟာ ကိုယ်တိုင် စစ်တိုက်လာသူ ဖြစ်ရုံမက နယ်စပ်မှာရှိတဲ့ တပ်ဖွဲ့တွေ အကြောင်းကို ကောင်းကောင်းသိရှိသူပါ။ ဒါ့အပြင် တရုတ်ရေးရာကို ကျွမ်းကျင်သူ ဖြစ်ပါတယ်။ ဤပုဂ္ဂိုလ် ၂ ဦးထံမှ စာတွေ့လက်တွေ့ ရှုထောင့် ၂ ခုစလုံးကနေ ကြည့်ရှုလေ့လာသင့်တယ်လို့ ထင်လို့ပါ။

စစ်ဗိုလ်ချုပ်တွေဆီကနေ ခွင့်ပြုချက် မရလို့လား။ စိုးရိမ်စိတ်ကြောင့်လား မသိ၊ မောင်အောင်မျိုး မရေးခဲ့တာလေးတွေ ရှိပါသေးတယ်။ ဥပမာ - စစ်ဗိုလ်ချုပ်တွေရဲ့ အနုမြူစီမံကိန်းနဲ့ အဝေးပစ် ဒုံးပျံပညာ ရှာဖွေစုဆောင်းခြင်းတို့ကို လုံးဝ ချန်လှပ်ခဲ့ပါတယ်။

ပထမ အီရတ်စစ်မှာ အီရတ်က ကူဝိတ်ကို သိမ်းပြီး၊ နောက်တဆင့် ဆော်ဒီအာရေးဗီးယားကို သိမ်းနိုင်တာကြောင့်၊ ဆော်ဒီကို ကာကွယ်ဖို့ အမေရိကန်မှာ ၂ နိုင်ငံ နားလည်မှုအရ တာဝန်ရှိတာကြောင့် အီရတ်ကို ကူဝိတ်က မောင်းထုတ်ဖို့ အမေရိကန်က ဝင်တိုက်ခဲ့ရတယ်။ ပထမဘုရှ် (၄၁) က အတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမားမို့ ဆဒမ်ကိုဖြုတ်ချဖို့ မကြိုးစားခဲ့ဘူး။ ဒါ အမေရိကန်ရဲ့ တာဝန်မဟုတ်ပါ။

ဒါထက် ပိုအရေးကြီးတာက အမေရိကန်ဟာ ကမ္ဘာ့အင်အားကြီးဆုံးနဲ့ အနုမြူဗုံးပိုင်ဆိုင်တဲ့ နိုင်ငံ။ ဒါကြောင့် လက်နက်အားကိုးနဲ့ ဗိုလ်ကျတဲ့ အမှု အထူးသဖြင့် အနုမြူလက်နက် ထုတ်နိုင်စွမ်းရှိတဲ့ နိုင်ငံတွေကို ဗိုလ်မကျရပါ။

အတွေ့အကြုံအားနည်းတဲ့ ဒုတိယဘုရှ် (၄၃) လက်ထပ်မှာ အလေးအနက် စဉ်းစားခြင်းမရှိဘဲ အီရတ်ကို ဒုတိယအကြိမ် ဝင်တိုက်ခဲ့ပါတယ်။ ဒီကျူးကျော်မှုကို တရားဝင်မှုရှိအောင် Pre-emptive Doctrine ဆိုတဲ့ Weapon of Mass Destruction လို့ ခေါ်တဲ့ လူအများကို သေကြေစေနိုင်တဲ့ အနုမြူလက်နက်နဲ့ ဓာတုလက်နက်တို့၊ အစွန်းရောက် အကြမ်းဖက်သမားအင်အားစုတွေဆီ မကျရောက်စေရေးအတွက် ကြိုတင်ကာကွယ်စစ်ကို ဆင်နွှဲနိုင်တယ်ဆိုတဲ့ အတွေးအခေါ် Doctrine ကို ချမှတ်ခဲ့ပါတယ်။ တချိန်ထဲမှာ မြောက်ကိုရီးယားက အမေရိကန်ရဲ့ စစ်ရေးဗိုလ်ကျမှုရန်ကနေ ကာကွယ်ဖို့ဆိုပြီး အနုမြူဗုံး ထုတ်လုပ်နိုင်ရေးကို အားသွန်ဆောင်ရွက်ခဲ့ပါတယ်။

မြောက်ကိုရီယားနိုင်ငံမှာ စစ်သားဦးရေ သန်းနဲ့ချီပြီး အင်အားရှိတဲ့ စစ်တပ်ရှိတယ်။ အနုမြူနည်းပညာတွေကို နားလည်ရရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်က စကားပြောတာကလွဲလို့ ဘာမှ အရေးမယူနိုင်ဘူး။ ဒါကြောင့် အမေရိကန်နဲ့ မသင့်မြတ်တဲ့ နိုင်ငံတွေရဲ့ အမြင်မှာ အမေရိကန် စစ်ရန်က ကင်းဖို့ အနုမြူလက်နက်ရှိမှ ဖြစ်မယ်ဆိုတဲ့ အမြင်ရလာတာကြောင့် အီရန်ကလည်း အနုမြူဗုံးရဖို့ အားသွန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိတယ်။

ဒါဟာ ဘုရှ် (၄၃) ရဲ့ ပေါ်လစီရဲ့ အကျိုးသက်ရောက်မှုပဲ။ ဒီအခြေအနေမှာ သဘာဝဓာတ်ငွေ့က ရလာတဲ့ ‘ငွေ’ တွေနဲ့ ရွှင်မြူးနေတဲ့ နအဖ စစ်အစိုးရဟာလည်း အနုမြူပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်ရေးအတွက် စိတ်ကူးယဉ်လာပါတယ်။

တကယ်တော့ အနုမြူလက်နက် ထုတ်ဖို့ဆိုတာ ထင်သလောက်၊ ပြောသလောက် မလွယ်ကူလှပါ။

အနုမြူရူပဗေဒ ပညာရှင် Nuclear Physicists တွေ လိုအပ်သလို ပိုအရေးကြီးတာက နျူကလီးယား အင်ဂျင်နီယာတွေ လိုအပ်ပါတယ်။ နျူကလီးယား လက်နက်ထုတ်ဖို့ Uranium ယူယေနီယံနဲ့ Plutonium ပလူတိုနီယံတို့ကို သန့်စင်စေရပါတယ်။ Plutonium က သိပ်မတည်ငြိမ်လှတဲ့အတွက် Uranium ကို အသုံးများကြပါတယ်။ Uranium ကို သန့်စင်ရာမှာ U235 လို့ ခေါ်တဲ့ ယူရေနီယံ အိုက်ဆိုတုပ် Uranium Isotope ဟာ ၉ဝ ရာခိုင်နှုန်းကျော် သန့်စင်မှ ဗုံးကို ထုတ်လုပ်လို့ရပါတယ်။ Uranium ကို သန့်စင်ရာမှာ ၂၆ဝဝ ဒီဂရီအထိ အပူပေးပြီး Centrifugal Force လို့ ခေါ်တဲ့ လည်ပတ်ရင်းက ရလာတဲ့ စွမ်းအားနဲ့ Mass ကိုမှီပြီး သန့်စင်တဲ့ Uranium ကို ခွဲထုတ်ကြရပါတယ်။ ဒီ Process လုပ်ငန်းစဉ်က မလွယ်ကူပါ။ ဒီသန့်စင်တဲ့စက် Centrifuge ပေါင်း ထောင်ချီလို့ ဆက်စပ်တည်ဆောက်ရပါတယ်။ ဒီစက်ကိရိယာတွေ အပူလွန်လာတဲ့ ပြဿနာကို အီရန်က ရင်ဆိုင်နေရလို့ သူတို့ရဲ့ နျူကလီးယား အစီအစဉ်ကို နှစ်နဲ့ချီပြီး နောက်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။

အခုမှ နျူကလီးယားပညာကို စလုံးရေစကနေ သင်နေတဲ့ မြန်မာစစ်ဗိုလ်တွေ ဒီပညာကို ကျွမ်းကျင်တတ်မြောက် ကျော်လွှားဖို့ ကံကောင်းရင်အနည်းဆုံး အနှစ် ၂ဝ ကြာပါမယ်။ ကိုရီးယားက ကွန်မြူနစ်အာဏာရှင် ကင်အီစွန်းဟာ အမေရိကန်က ဂျပန်ကို အနုမြူဗုံးကြဲပြီးကတည်းက စိတ်ဝင်စားကာ အနုမြူပညာရရှိရေးကို ကြိုးစားခဲ့ပါတယ်။ အနှစ် ၆ဝ ကျော်မှ အနုမြူဗုံးကို အောင်မြင်အောင် ဖောက်ခွဲနိုင်ခဲ့ကြတာပါ။

အနုမြူဗုံးဆိုတာ ဖောက်ခွဲပြီးရုံနဲ့ မပြီးပါ။ Delivery System လို့ ခေါ်တဲ့ အနုမြူဗုံးကို သယ်ဆောင်မယ့် လက်နက်လိုအပ်ပါတယ်။ ဒါ့အပြင် ဗုံးကို ဒုံးပျံထိပ်ဖူးမှာ တပ်ဆင်နိုင်ဖို့ “ကျုံ့” တဲ့ ပညာ Minimize လုပ်တတ်ဖို့ လိုပါတယ်။ မြောက်ကိုရီးယားက ဒုံးပျံပညာမှာ တတ်ကျွမ်းတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် သန့်စင်ရာမှာ အခက်တွေ့တဲ့ ကိုရီးယားနဲ့ ပါကစ္စတန်တို့ ပညာအလဲအလှယ် လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်ရဲ့ အနုမြူဗုံး ဖခင်ဟာ Metallurgist သတ္တုဗေဒပညာရှင်ဖြစ်ပြီး၊ ဥရောပမှာ အလုပ်လုပ်ရင်း Centrifuge သန့်စင်တဲ့ စက်နဲ့ ပညာကို ကောင်းကောင်း တတ်ကျွမ်းလာတဲ့ ပညာရှင်ဖြစ်တာကိုး။

အနုမြူဗုံး ပိုင်ဆိုင်လိုတဲ့ နအဖ စစ်ဗိုလ်ချုပ်တွေဟာ ဗုံးသယ်ဆောင်တဲ့ ဒုံးပျံပညာ Rocket-Missile Technology ကို အခုကတည်းက ရုရှားနဲ့ မြောက်ကိုရီးယားမှာ ဆည်းပူးနေပုံရပါတယ်။ ဒုံးပျံမှာ ၂ မျိုး၊ ၂ စား ရှိပါတယ်။ တခုက မြေပြင်ကနေ လေယာဉ်ပစ်တဲ့ ဒုံးပျံပါ။ ဒါက SAM Surface-to-Air Missile ဒါက လေကြောင်း ကာကွယ်ရေးအတွက်ပါ။ နောက်မြေပြင်ပစ် ဒုံးပျံတွေ ရှိပါတယ်။ ဆိုဗီယက်က ဒုံးကျည်တွေကို SCUD လို့ ခေါ်ပြီး တာတို-တာလတ်ဒုံးပျံတွေ ဖြစ်ကြပါတယ်။ Scud A (150km), Scud B (300km), Scud C (600km), Scud D (700km) ဆိုပြီး Scud အမျိုးမျိုး ရှိပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ၁၉၇၉ နဲ့ ၁၉၈ဝ ခုနှစ်တွေမှာ အီဂျစ်ကနေ Scud B ကို လက်ခံရရှိပြီး Reverse Engineering လို့ ခေါ်တဲ့ ထုတ်လုပ်ပြီး ပစ္စည်းကနေ ထုတ်လုပ်ပုံကို ဖော်ထုတ်ပြီး ဒုံးပျံပညာကို ကူးယူခဲ့ပါတယ်။ ဒီအောင်မြင်မှုကြောင့် ၁၉၈၄ ခုနှစ်မှာ Hwasang-5 ဒုံးပျံကို ထုတ်လုပ်နိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ Hwasang-6 ကို ထုတ်လုပ်နိုင်ခဲ့တယ်။ ၁၉၉၁ ခုနှစ်မှာ ကီလိုမီတာ ၅ဝဝ အထိ ရောက်နိုင်တဲ့အထိ အောင်မြင်ခဲ့ပြီး Rodong-1 ဒုံးပျံဟာ (1000km) အထိ ရောက်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ သယံဇာတ ပေါများတဲ့နိုင်ငံ မဟုတ်ပါ။ စီးပွးရေးတိုးတက်တဲ့ နိုင်ငံလည်း မဟုတ်ပါ။ စစ်အင်အား ကြီးမားတဲ့ နိုင်ငံ တနိုင်ငံသာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေရဖို့ ဘာမဆိုလုပ်မယ့် နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ဒုံးကျည်တွေကို အီရန်၊ ဆီးရီးယား၊ လစ်ဗျားနဲ့ ယီမန်နိုင်ငံတွေဆီ Hwasong-5, Hwasong-6 ဒုံးပျံတွေကို ရောင်းချခဲ့ပါတယ်။ အီရန်နိုင်ငံက Hwasong-6 ဒုံးပျံကို တခါထုတ်လုပ်ပြီး Shahab-2 လို့ ခေါ်ပါတယ်။ အခု မြောက်ကိုရီးယားက Rodong-1 (Scud-D) ကို တည်ထောင်နိုင်ပြီး ကီလိုမီတာ ၁ဝဝဝ သွားတယ်လို့ ဆိုပါတယ်။ Rodong ဒုံးပျံပရိုဂမ်ကို အီရန်က ငွေကြေးထောက်ပံ့ပြီး Shahab-3 ဒုံးပျံအဖြစ် ပြန်ထုတ်နေတယ်။ ရှင်းတာက မြောက်ကိုရီးယားက ဒုံးပျံနည်းပညာကို ဖြန့်ဖို့ဝန်မလေးဘူး။ အစ္စရေးလ် (Israel) က ဖုံးကြဲဖျက်စီးခဲ့တဲ့ ဆီးရီးယားက အနုမြူစက်ရုံဟာ မြောက်ကိုရီးယားက အကူအညီနဲ့ ဆောက်ခဲ့တာလို့ တတ်သိပညာရှင်တွေက စွပ်စွဲကြပါတယ်။ နိုင်ငံကြားငွေမာ (hard-currency) ရရင်ပြီးရော ဘာမဆိုလုပ်ဖို့ ဝန်မလေးသူတွေကတော့ မြောက်ကိုရီးယားတွေပါပဲ။

မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ ပြည်သူတွေကို ထမင်းဝအောင် မကျွေးနိုင်တာမို့ ပြည်သူတွေ ငတ်ပြတ်နေတဲ့ နိုင်ငံတနိုင်ငံပါ။ ဒါကြောင့် နအဖ ဗိုလ်ချုပ်တွေက နိုင်ငံခြားငွေနဲ့ ပေးချေစရာမလိုဘဲ ဆန်စပါး၊ ပဲနဲ့သော်လည်းကောင်း၊ ရေနံ (သို့မဟုတ်) ဓာတ်ငွေ့နဲ့သော်လည်းကောင်း (ဘာတာ) စနစ်အရ ပေးချေနိုင်ပါတယ်။

ဒါ့ကြောင့် မြောက်ကိုရီးယားမှ ဒုံးပျံတွေဝယ်၊ ဒုံးပျံနဲ့ အနုမြူပညာတွေကို မြောက်ကိုရီးယားဆီက လွယ်လွယ်ဝယ်ယူလို့ ရနိုင်ပါတယ်။

ကျနော့်အမြင်အရ နအဖ အစိုးရဟာ အနုမြူဓာတ်ပေါင်းဖိုကို ရုရှားတွေဆီက ဝယ်ယူပြီး အနုမြူပညာကို ရှာဖွေနေစဉ် ဒုံးပျံနဲ့ ဒုံးပျံပညာကို မြောက်ကိုရီးယားကနေ ဝယ်ယူဆည်းပူးထားပြီး အနုမြူဗုံးအဆင့်ရောက်လျှင် သယ်ဆောင်ရန် ဒုံးပျံတွေလည်း အဆင်သင့်ရှိပြီပေါ့။

အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ - သံယံဇာတ - လူဦးရေအရ နိုင်ငံကြီးတနိုင်ငံ ဖြစ်သင့်ပါတယ်။ လွပ်လပ်ရေးရပြီးကာစ ပြည်တွင်းစစ် ဝိုင်းဝိုင်းလည်နေတဲ့ ကြားက - ပါလီမန်ဒီမိုကရေစီ ခေတ်က မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံတွေကြားမှာ- ချမ်းသာတဲ့ နိုင်ငံ၊ တိုးတက်တဲ့ နိုင်ငံ၊ အလားအလာ အရှိဆုံး နိုင်ငံတခုအဖြစ် သတ်မှတ်ခံရတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ ထိုင်း-မလေးရှား-စင်္ကာပူ-အင်ဒိုနီးရှား နိုင်ငံတို့ဟာ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်ကြောင့် ဆုတ်ယုတ်သွားတဲ့ ကာလမှာ တရှိန်ထိုး တိုးတက်လာကြရာမှာ အခုကာလမှာတော့ အနောက်နိုင်ငံတွေကတောင် အလေးပေးဆက်ဆံရတဲ့ နိုင်ငံတွေအဖြစ် ရပ်တည်လျက် ရှိနေပါပြီ။ အင်ဒိုနီးရှားနိုင်ငံဆိုရင် ဂျီ (၂ဝ) G (20) လို့ ခေါ်တဲ့ စီးပွားရေးအရ အရေးပါတဲ့ ကမ္ဘာ့ထိပ်သီးနိုင်ငံတခုအဖြစ် အသိအမှတ်ပြုခံနေရပါပြီ။ အနှစ် ၄ဝ ကျော် မြန်မာမာစစ်ဗိုလ်တွေရဲ့ တကိုယ်ကောင်းဆန်မှုနဲ့ စီးပွားရေးကိုင်တွယ်မှု ကမောက်ကမတွေကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ် ကျဆင်းဆုတ်ယုတ်လျက်ရှိပါတယ်။

အမှန်က စီးပွားရေး တိုးတက်အောင်မြင်လာပါမှ မိမိရဲ့ ဒေသအတွင်း အင်အားကြီးတဲ့၊ ရိုသေလောက်တဲ့ နိုင်ငံဖြစ်အောင် ကြိုးစားသင့်ပါတယ်။ တချိန်က ဝန်ကြီးချုပ်ဦးနုဟာ ချူအင်လိုင်းနဲ့ နေရူးတို့အကြား စေ့စပ်ပေးရသူ ဖြစ်ခဲ့ဖူးတာပဲ။ ဘက်မလိုက်အုပ်စုမှာ မြန်မာနိုင်ငံဟာ ခေါင်းဆောင်နေရာ ရခဲ့ဖူးတာပဲ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဆင်းရဲမှု အခြေအနေကြောင့် ဒေသတွင်းနိုင်ငံ အငယ်တွေဖြစ်တဲ့ လော (လာအို) နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကတောင် ဒေသဆိုင်ရာ စည်းဝေးပွဲတွေမှာ နအဖ စစ်ဗိုလ်ချုပ်တွေကို အရေးတယူ လေးလေးစားစား မဆက်ဆံကြတော့ပါဘူး။ ဉာဏ်နည်းပြီး မောက်မာစိတ်ပြင်းတဲ့ နအဖ ဗိုလ်ချုပ်တွေဟာ စီးပွားရေးအောင်မြင်အောင် လုပ်ပြီး ပြည်သူတွေလည်း ထမင်းဝ၊ နိုင်ငံလည်း ဝံ့ကြွားနိုင်၊ လူရိုသေ ရှင်ရိုသေ ဘဝရောက်အောင် မကြိုးစားချင်ကြ။ တိုင်းပြည်ရတနာတွေကို ရောင်းစားပြီး စစ်တပ်ကို ကြီးသထက်ကြီးအောင် ထောင်၊ အနုမြူလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ရေး လမ်းကြောင်းကို လိုက်လျက်ရှိကြပါတယ်။

တနည်းအားဖြင့် လူမိုက်တို့ အတွေးအတိုင်း လက်နက်အားကိုးနဲ့ တိုင်းပြည်နဲ့လူမျိုးကို နှိပ်စက်နေရတာကို အားမရ၊ အနုမြူလက်နက်ကိုင်ပြီး ဒေသအတွင်း လမ်းမတော်ဖိုးတုတ် (လူမိုက်) လုပ်ဖို့ ကြိုးစားလျက်ရှိပါတယ်။

No comments:

Post a Comment