Saturday, July 18, 2009

ခင်ညွန့် ဘုန်းကြီး ၀ါဆိုသင်္ကန်း ဆက်ကပ်ပွဲ မြန်မာ သံအရာရှိများ တက်ရောက်

Narinjara News

မောင်အေး(နိရဉ္စရာ) ၀န်ကြီးချုပ်ဟောင်း ခင်ညွန့် ကိုယ်တိုင် ကိုးကွယ်ခဲ့ပြီး သူနှင့် အလွန်တရာ ရင်းနှီးသော ဘင်ဒရိုဘင်ခေါ် ရွာတော်မြို့မှ ဆရာတော် ဦးစောလှခေါ် အရှင် ပညာ ဇောတအား ဆပ်ကပ်သည့် ၀ါဆို သင်္ကန်း ကပ်လှူပွဲသို့ မြန်မာ သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အဆိုပါ ၀ါဆို သင်္ကန်းကပ်လှူပွဲအား ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်ရှိ Local Government Engineer Department (LGED) အဆောက်အဦး ခန်းမတွင် ယနေ့ညနေ ၄ နာရီက ကျင်းပခဲ့သည်။

မြန်မာနိုင်ငံမှ နအဖ တာဝန်ရှိသူများ အနေဖြင့် ဦးစောလှ ဆရာတော်နှင့် ဗိုလ်ချုပ်ခင်ညွန့် ရာထူးမှ ဖြုတ်ထုတ်ခံရပြီး နောက်ပိုင်း ခပ်ခွာခွာနေခဲ့ကြ သဖြင့် ယခု နအဖ တာဝန် ရှိသူများနှင့် ဆရာတော် ဦးစောလှတို့ အကြား တွေ့ထိ ဆက်ဆံမူမှာ ဗိုလ်ချုပ် ခင်ညွန့် အဖြုတ်ခံရပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ဖြစ်သည်ဟု အခမ်းအနား တက်ရောက်ခဲ့သူ တဦးက ပြောသည်။

အဆိုပါ ၀ါဆိုသင်္ကန်းကပ်လှူပွဲသို့ မြန်မာသံရုံးမှ တာဝန်ရှိသူများ သာမက ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ စက်မှု ၀န်ကြီး တီလ်လီ ဘူရ၀ါ မိသားစုလည်း တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဘင်ဒရာဘင်မြို့တွင်သီတင်းသုံးနေထိုင်သည့် ဦးစောလှ ဆရာတော်ထံမှ တက်ရောက်လာသူများက ငါးပါးသီလခံယူကြပြီး ၀ါဆိုသင်္ကန်းများ အပါအ၀င် ဆန်အိတ်များနှင့် ငွေပဒေသာပင်များ ကိုလည်း စေတနာရှင်များက လှူဒါန်းခဲ့ကြသည်။

အခမ်းအနားကို ကမ္ဘာဗုဒ္ဓ ဘာသာ သာသနာပြုအဖွဲ့ ဘင်္ဂလာဌာနခွဲမှ ဦးဆောင် ကျင်းပခြင်းဖြစ်သည်ဟု ဒက္ကားမြို့တွင် သီတင်းသုံးနေသည့် အရှင်တိက္ခိန္ဒြိယမှ ပြောသည်။

အခမ်းအနားသို့ ဒက္ကားမြို့တော်ရှိ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့် မာရမာ၊ သက်၊ ဘရာဝါနှင့် ရခိုင်အမျိုးသားများအပါအ၀င် တခြားအမျိုးသားများလည်း ထောင်နှင့်ချီတက် ရောက်ခဲ့ကြ သည်။

ဦးစောလှ ဆရာတော်သည် ခင်ညွန့် တန်ခိုထွားစဉ်က မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအကြား တံခါး မရှိ ဓါးမရှိ သွားလာနိုင်သော ဘုန်းတော်ကြီး တပါး ဖြစ်ပြီး ဗိုလ်ချုပ် ခင်ညွန့်် ကိုယ်တိုင် ဘင်ဒရိုဘင်သို့ ၀န်ကြီးချုပ်ဘ၀ဖြင့် လာရောက်လည်ပတ်ခဲ့ပြီး ဆရာတော်အား ဖူးမျှော်ကန်တော့ခဲ့သည်။

ဝန်ကြီးချုပ် ခင်ညွန့်သည် သူ့၏ ခရီးစဉ်အတွင်း စစ်တကောင်း တောင်တန်းနယ်ရှိ စေတီ ပုထိုးနှင့် ကျောင်းကန် ဇရပ်များ ပြုပြင်ရန် အတွက် အမေရိကန် ဒေါ်လာ သောင်းချီပြီး ဆရာတော် ဦးစောလှအား လှူဒါန်းခဲ့သည်။

ဗိုလ်ချုပ် ခင်ညွန့် ဖြုတ်ထုတ်ခံလိုက်ရပြီးနောက်ပိုင်း ဆရာတော်နှင့် လက်ရှိ မြန်မာ့ နအဖ စစ်အစိုးရ အာဏာပိုင်များ အကြား ဆက်ဆံရေး အလွန်အေးခဲ သွားခဲ့ရာမှ ယခု အခါ ဆက်ဆံရေး ပြန်လည် အစပျိုးလာခြင်း ဖြစ်သည်။


No comments:

Post a Comment