Tuesday, July 21, 2009

မောင်တောမှ ခရီးသည် အမျိုးသမီး တဦးကို တရားရုံး မတင်ဘဲ ဥပဒေမဲ့ ချုပ်နှောင်ထား

Narinjara News

မောင်တောမြို့မှ ခရီးသည် အမျိုးသမီး တဦးကို နစကမှ ဖမ်းဆီးထားပြီး တရားရုံးမတင်ဘဲ မောင်တောမြို့ အောက်စခန်းတွင် ချုပ်နှောင် ထားသည်ဟု သတင်းရရှိသည်။

ချုပ်နှောင်ခြင်းခံရသူမှာ မစိုးစိုး အသက် ၃၆ နှစ် ဖြစ်ပြီး လွန်ခဲ့သော အဂါင်္နေ့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့မှ မောင်တောသို့ အပြန်တွင် POE ခေါ် ဖေါင်တော်ကြီး ဆိပ်ကမ်းတွင် အဖမ်းခံရသည်ဟု အမည်မဖေါ်လိုသူ ခရီးသည် တဦးက ပြောသည်။

“သူမကို ရှာဖွေတော့ ဘင်္ဂလာတာကာ ၂၀၀၀၀ တွေ့တယ်လို့ သိရပါတယ်။ ဒါကြောင့် သူ့ကို နစက ဖမ်းဆီးပြီး အောက်စခန်းမှာ ချုပ်နှောင်ထားပါတယ်။ ခုဆိုရင် ၇ ရက်နီးပါးခန့် ရှိနေပါပြီ။ တရားရုံးလည်း မတင်ဘဲ ခုလို ဖမ်းချုပ်ထားတဲ့အတွက် လူတိုင်းလိုလိုက သူမ အတွက် စိုးရိမ်နေကြပါတယ်။”

မြန်မာ နအဖ အာဏာပိုင်များက နေ့ချင်းပြန် ကုန်ပစ္စည်းများ သယ်ယူ ပြောင်းရွှေ့သူများ အနေဖြင့် ဘင်္ဂလာ တာကာ ၅၀၀၀ အား မြန်မာနိုင်ငံသို့ ယူဆောင်ခွင့် ပြုထားပြီး ထိုထက်များပြားသော ငွေပမာဏကို ယူဆောင်ခွင့် မပြုဟု သိရသည်။

သူက “နေ့ချင်းပြန် ပတ်စပို့နဲ့ မောင်တောနဲ့ တက်ကနက်မြို့ အကြားမှာ ပစ္စည်း အသယ်အပြောင်း လုပ်နေတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ တခါတလေတော့ ငွေတွေ အလွဲအပြောင်း လုပ်ရတာ မလွယ်တော့ ပိုက်ဆံက တခါတခါ အပိုပါလာတတ်ပါတယ်။ သတိမထားရင် ခုလို အဖမ်းခံရတတ်ပါတယ်။”

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့အကြား ကုန်သည်များ အနေဖြင့် နတ်မြစ်ကို မော်တော်ဘုတ်များနှင့် နေ့စဉ် ဖြတ်ကျော်ပြီး ကုန်ကူသန်း ရောင်းဝယ် နေကြသည်။ ထိုအထဲတွင် ပစ္စည်း အသယ်အပြောင်း လုပ်သူ အမျိုးသမီးမှာ အများစုဖြစ်သည်။

ယခုကဲ့သို့ မစိုးစိုးအား ဖမ်းဆီးပြီး ၂၄ နာရီအတွင်း တရားရုံးသို့ တရားမတင်ဘဲ (၇) ရက်ကြာလာသည့်တိုင်အောင် သူမအား နစက အရာရှိများက အောက်စခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားသဖြင့် သူမ၏ လုံခြုံရေးကို အများက စိုးရိမ်နေကြသည်ဟု သတင်း ရရှိသည်။

No comments:

Post a Comment