Sunday, July 19, 2009

ရခိုင်မှ သစ်များကုန်ပြီးနောက် ဧရာဝတီနှင့် တနင်္သာရီမှ သစ်များ ဘင်္ဂလာသို့ တင်ပို့

Narinjara News

ရခိုင်ရိုးမမှ သစ်မာများ ကုန်သလောက်နီးပါး ဖြစ်သွားပြီးနောက် ယခုအခါ တနင်္သာရီနှင့် ဧရာဝတီတိုင်းဘက်မှ သစ်များကို ဘင်္ဂလာသို့ ရေလမ်း ကြောင်းမှ တဆင့် မှောင်ခို တင်ပို့နေကြသည်။

အမည်မဖေါ်လိုသူ တဦးက "အခု ၀င်ရောက်လာတဲ့ သစ်တွေကတော့ ပုသိမ်နဲ့ တနင်္သာရီက သစ်တွေများပါတယ်။ တနေ့ တနေ့ကို သစ်တန်ချိန် ရာချီပြီး ၀င်ရောက်နေပါတယ်။ မြန်မာက လာတဲ့ သစ်တွေအားလုံး တရားဝင် တင်ပို့တာ မဟုတ်ပါဘူး။ စစ်တပ်က အရာရှိတွေနဲ့ စီးပွားရေးသမားတွေ ပေါင်းပြီး မှောင်ခို တင်ပို့နေတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ယခင်က ရခိုင်ရိုးမမှ ထုတ်လုပ်သော သစ်များကို တောင်ကုတ်နှင့် အမ်းမှ တဆင့် ဘင်္ဂလာဒေခ်ျ့သို့ ရေလမ်းကြောင်းကို အသုံးပြု တင်ပို့ ခဲ့ပြီးနောက် ယခုနောက်ပိုင်းတွင် ရခိုင်မှ သစ်များ ကုန်သလောက် နီးပါး ဖြစ်လာသဖြင့် ဧရာဝတီနှင့် တနင်္သာရီဘက်မှ သစ်များကို တင်ပို့လာကြခြင်း ဖြစ်သည်။

တောင်ကုတ်မြို့က လူငယ် တဦးက "တော်တော် ၀မ်းနည်းစရာ ကောင်းပါတယ်။ ရခိုင်ရိုးမ တခုလုံးမှာ သစ်တွေ လုံးဝ မရှိတော့ပါဘူး။ တောင်တွေ တောင်ကတုံး ဖြစ်သွားပါပြီ၊ အစိုးရ ပါဝင် ပတ်သက်သလား မပတ်သက်ဘူးလားတော့ မသိဘူး။ ဒေသအတွင်းက စစ်အာဏာပိုင် တွေကတော့ အခု ပြုလုပ်နေတဲ့ သစ်မှောင်ခို လုပ်ငန်းမှာ ပါဝင် ပတ်သက် နေပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ရခိုင်ရိုးမမှ သစ်တောများ ပြုန်းတီးသွားခြင်းမှာ သစ်မှောင်ခိုသမားများ သစ်ထုတ်လုပ်ခြင်း တခုတည်းကြောင့် မဟုတ်ဘဲ ဒေသအတွင်း တပ်စွဲထားသော စစ်တပ် တပ်ရင်းများ ပိုင်ဆိုင်သော သစ်စက်များမှ သစ်များ မဆင်မခြင် ထုတ်လုပ်နေမူနှင့် သက်ဆိုင်နေသည်ဟု သိရသည်။

တခြား တောင်ကုတ်မှ ၀န်ထမ်း တဦးကလည်း "အခု ဘင်္ဂလာကို သစ်မှောင်ခို တင်ပို့တဲ့ ကိစ္စမှာ အစိုးရလည်း တိုက်ရိုက် ပါဝင်ပတ်သက်နေတယ်လို့ ထင်ပါတယ်။ ပဲခူးရိုးမက သစ်တွေကို ဆယ်ဘီး လော်ရီကားကြီးတွေနဲ့ မီးထိန်ထိန်လင်းပြီး ရခိုင်ရိုးမကို ဖြတ်ကာ ညဥ့်လုံးပေါက် တောင်ကုတ် ဆိပ်ကမ်းကို သယ်ယူနေတာကို ကြည့်ရင် အစိုးရ ပါဝင်ပတ်သက်မူ မရှိဘဲ ခုလို လုပ်လို့ မရဘူးဆိုတာကို သိသာ ထင်ရှားပါတယ်" ဟု ပြောသည်။

ရခိုင်နှင့် ပဲခူးရိုးမမှ သစ်များကို သစ်တင်ဘုတ် အစီး (၃၀) ကျော်ဖြင့် နေ့စဉ် တင်ပို့နေသူမှာ တောင်ကုတ်မြို့မှ စီးပွားရေး သမား ဦးကျောက်တောင်ဖြစ်ပြီး သူတင်ပို့သော သစ်များကို ဘင်္ဂလာ စီးပွားရေး သမားများက အမေရိကန် ဒေါ်လာဖြင့် ပေးချရသည်ဟု သိရသည်။

တောင်ကုတ်မြို့မှ လာသော သတင်းများအရ တောင်ကုတ်မြို့ရှိ ဦးကျောက်တောင် နေအိမ်သို့ စစ်တပ်အရာရှိများသာမက ဒုဝန်ကြီး အဆင့်ထိ ပုဂ္ဂိုလ်များပါ ၀င်ထွက် သွားလာမူရှိနေပြီး ရန်ကုန်မြို့မှ နာမည်ကြီး ရုပ်ရှင်မင်းသားဟောင်း တဦးသည်လည်း သစ်မှောင်ခို လုပ်ငန်းတွင် ပါဝင် ပတ်သက်နေသည်ဟု သိရသည်။

ယခုအခါ မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ တင်ပို့နေသော ကုန်ပစ္စည်းများတွင် သစ်တင်ပို့မူမှာ အများဆုံးဖြစ်ပြီး တနေ့ တနေ့ကို မြန်မာနိုင်ငံမှ သစ်ဘုတ် စီးရေ အနည်းဆုံး (၁၀) စီးခန့် ၀င်ရောက်နေသည်ဟု တက်ကနက်က ကုန်သည် တဦးက ပြောသည်။

မြန်မာနိုင်ငံမှ အဓိက ဘင်္ဂလာသို့ မှောင်ခိုတင်ပို့နေသော သစ်များမှာ ကျွန်းသစ်၊ ကညင်၊ စကားဝါတို့ ဖြစ်သည်။ မြန်မာ့ ကျွန်းသစ် တဖုတ်ကို တက်ကနက် ဆိပ်ကမ်းတွင် တာကာ ၄၅၀၀ (တတန် ၂၂၅၀၀၀ တာကာ) ရရှိပြီး စကားဝါ တဖုတ်ကို ၁၆၅၀ တာကာ ရရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံမှ သစ်များကို မှောင်ခို တင်ပို့ရာ တက်ကနက် ဘောင်တော် ဆိပ်ကမ်းကို ယခုအခါ အပြင်မှ လူများ မမြင်နိုင်အောင် အုတ်တံတိုင်းများ ကာရံထားပြီး ပြင်ပလူများကိုလည်း အဆိုပါ ဆိပ်ကမ်းသို့ ၀င်ရောက်ခြင်းကို တားမြစ်ထားသည်ဟု သိရသည်။

No comments:

Post a Comment