Thursday, July 30, 2009

ဖြစ်နိုင်တာကတော့ သမိုင်းလူပြက်ပဲ

ရဲဘော်ဖိုးသံချောင်း

ဒီတလော ဗမာပြည်နိုင်ငံရေးမှာ အတော်ကျယ်ကျယ်လေးကြားလာရတဲ့ အယူအဆတခုက “နိုင်ငံရေးလုပ်တယ်ဆိုတာ ဖြစ်နိုင် တာကို လုပ်တဲ့ အနုပညာပဲ” ဆိုတာပါ။ ဒါကို ဂျာနယ်တခုရဲ့ အယ်ဒီတာ့အာဘော်မှာတွေ့ရသလို မောင်(ဦး)စူးစမ်းရဲ့ အင်တာဗျူးတခုမှာလည်း တွေ့လိုက်ရပါတယ်။

ဒါတွေနဲ့တဆက်တည်း ဖော်ပြလေ့ရှိတဲ့ ယူဆနည်းက နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဗမာပြည်မှာ နဂိုကလုံးဝလှုပ်ရှား လုပ်ကိုင်ခွင့်မရှိတဲ့ နိုင်ငံရေးအင်အားစုတွေအဖို့ လှုပ်ရှားဖို့ခွင် (သူတို့အသုံးအနှုန်းအရဆိုရင် Space) ရတာပဲ၊ ဒါကိုမုချအသုံးချရမယ်။ လုပ်ငန်းအားလုံးဒီကနေ အစပြုရမယ်လို့လည်း ဆိုကြပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ အားလုံးအတွက် အစပြုချက်ဖြစ်တယ်လို့ ဖော်မြူလာထုတ်ပေးကြပါတယ်။ ဒီလှုပ်ရှားဖို့ ခွင်ဆိုတဲ့အယူအဆကို တင်သူတွေထဲမှာ နိုင်ငံခြားသားတွေလည်း မနည်းဘူး ဆိုတာကို သတိထားမိပါတယ်။

“ဘာမှမရှိတာထက်စာရင် နည်းနည်းရှိတာကတော်သေးတယ်”၊ ဘာဖွဲ့စည်းပုံအခြေခံဥပဒေမှမရှိတာနဲ့စာရင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရှိတာဟာ ပိုကောင်းတယ်ဆိုတဲ့ အယူအဆ ထွက်လာပြီးနောက် ဆက်တိုက်ပေါ်လာတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ခါတော်မီအယူအဆတွေလို့ဆိုရင် မမှားပါဘူး။
နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နအဖရဲ့ လမ်းပြမြေပုံထဲက နံပါတ် (၆) အဆင့်ကို အကာအကွယ်တွေပေးတာ၊ ထောက်ခံတာတွေ ဆက်တိုက်ပေါ်ထွက်လာတယ် လို့ နားလည်မိပါတယ်။ စစ်အစိုးရအဆက်ဆက်လက်ထက်မှာ ရာစုနှစ် တဝက်နီးပါး အသက်ရှင်လာခဲ့သူတဦးအနေနဲ့ ဒီလိုအချိန်အခါမှာ ဒီလိုရေးသူတွေပေါ်တယ်ဆိုတာက တရားတခုလို့ပဲ သဘောထားမိပါတယ်။ မအံ့သြမိကြောင်း ဝန်ခံလိုက်ပါရစေ။ ဘယ်သူတွေကရေးမလဲ။ ဘယ်လိုတွေရေးမလဲဆိုတာဘဲ စောင့်ကြည့်မိခဲ့တာပါ။ အခုတော့ အစီအရီ၊ အယူအဆတမျိုးစီနဲ့ ထွက်လာကြပါပြီ။ ဒီနေရာမှာ တမျိုးစီဆိုလို့ အနှစ်သာရနဲ့ ရည်ရွယ်ချက်ဟာ တခုနဲ့တခု ကွဲပြားတယ်လို့ မဆိုလိုပါဘူး။ အဲဒီသဘောနဲ့ ပြောရရင်တော့ ဗြိဇုံနဲ့ဗြုံဇိတွေပါ။

ကိုယ့်အယူအဆတခုကိုတင်ရာမှာ ဒီအယူအဆခိုင်လုံမှုကို ပြောတာထက် ဒါကိုဆန့်ကျင်တဲ့လူတွေဟာ “စိတ်ကူးယဉ်တာ၊ လက်တွေ့မကျတာ” လို့ တိုက်ခိုက်ပါတယ်။ ဒါကနည်းနည်းတော်ပါသေးတယ်။ သူနဲ့မတူသူတွေဟာ “လေကြီးမိုးကြီးသမားတွေ၊ လက်ဝဲစွန်းသမားတွေ၊ မရိုးသားတဲ့လူတွေ၊ အယောင်ဆောင်သမားတွေ” စသဖြင့်လည်း ပြစ်ပြစ်နှစ်နှစ် တွယ်လိုက်ပါသေးတယ်။ ဒီလို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မယ်ဆိုရင် တိုက်ခိုက်လို့ရတာချည်းပဲပေါ့။ မောင်(ဦး)စူးစမ်းဟာ သူ့ကိုယ်သူနိုင်ငံရေးသမား လို့တောင် မခံယူရဲတော့ဘူးပဲဟာ။ သူဟာပစ်ပြီးသား ကျည်ခွံဖြစ်သွားပြီလို့ သူကိုယ်တိုင်ရေးနေတာပါ။ ကိုယ့်အယူအဆနဲ့ မတူသူတွေကို ပုဒ်မအမျိုးမျိုးတပ်တာ၊ အစိုးရနဲ့ ရန်တိုက်ပေးတာ စတဲ့လုပ်နည်းတွေဟာ ဘယ်နိုင်ငံ၊ ဘယ်ခေတ်မဆို ရှိတတ်တာချည်းမို့ အဲဒီလိုလူမျိုးတွေက အဲဒီလိုပဲလုပ်တတ်တယ်လို့ အောက်မေ့လိုက်ပါမယ်။

အခုဒီ “ဖြစ်နိုင်တာကိုလုပ်တဲ့အနုပညာပဲ” ဆိုတာကို စောကြောကြည့်ပါမယ်။ သူတို့ပြောတဲ့ဖြစ်နိုင်တာဆိုတာ ဘာကိုဆိုလိုတာလဲ။ ဘယ်သူ့အနေနဲ့ ဖြစ်နိုင်တာကိုပြောတာလဲ။ တကယ်က သူတို့ပြောတဲ့ ဖြစ်နိုင်တာဆိုတာဟာ နအဖကခွင့်ပြုတာတွေကို ဆိုလိုတာပါ။ ဒါကို ပြန်လှန်ပြောရရင် နအဖခွင့်မပြုတာမှန်သမျှဟာ မဖြစ်နိုင်တာပါ။ မဖြစ်နိုင်တာတွေမလုပ်ချင်ပါနဲ့။ နအဖခွင့် မပြုတာတွေမလုပ်ချင်ပါနဲ့ ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ဒါကိုပဲ သူတို့က “အနုပညာ” လို့ ကင်ပွန်းတပ်ပေးထားပါတယ်။

မောင်(ဦး)စူးစမ်းကဆိုရင် ဒီနေ့ နိုင်ငံရေးမှာ “ဘယ်သူက Dictate လုပ်နေတာလဲ” ဆိုပြီး “စစ်တပ်နော်-စစ်တပ်” လို့ မပြောရုံ တမယ် ဖြဲခြောက်ပါသေးတယ်။ နောက်တခါ သူက “မနူးမနပ်တွေ Anti-military (စစ်တပ်ဆန့်ကျင်ရေး) မလုပ်ကြနဲ့” လို့လည်း သတိပေးလိုက်ပါသေးတယ်။ ဗိုလ်အောင်ကြီးတယောက်တော့ အရေးအခင်းကာလမှာ “စစ်တပ်ကိုလုံးဝ မပြစ်မှားနဲ့” လို့ ပြောခဲ့တာနဲ့ပဲ နိုင်ငံရေးအမှိုက်ပုံထဲကို ရောက်သွားခဲ့ပါတယ်။ အခုလည်း စစ်အာဏာရှင်တွေကို စိတ်နဲ့တောင် ပြစ်မှားခွင့်မရှိတဲ့ “စည်းကမ်းရှိတဲ့ဒီမိုကရေစီ” ကို အရိုးများသလေး၊ ချေးခါးသလေးမပြောကြနဲ့လို့ သူတို့တတွေက မာမာတင်းတင်း ပြောနေကြပါတယ်။

မဆလခေတ်တုန်းက ‘ခ’ သုံးလုံးပေါ်လစီ (ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောနဲ့)၊ ထောင်ထဲမှာပြောလေ့ရှိတဲ့ “ပေးတာယူ၊ ကျွေးတာစား၊ စကားမများနဲ့”၊ ခေါင်းထဲမှာပြန်ပေါ်လာတာတွေ အများကြီးပါပဲ။ သူတို့ရေးတာတွေထဲမှာ ထူးထူးခြားခြား မြင်သာတဲ့ အချက်တချက်ကတော့ နအဖအစိုးရဘက်ကို တစက်မှအပြစ်မတင်၊ နအဖဘက်က ဘယ်အချက်ဖြင့် လျှော့ပေး သင့်တယ်ဆိုတာမျိုး တကြောင်းတပါဒမျှ မရေးတာပါဘဲ။

နအဖစစ်အာဏာရှင်တွေက ရေးဆွဲတဲ့လမ်းပြမြေပုံကနေ စစ်တပ်က (၂၅) ရာခိုင်နှုန်း ယူထားမယ့်လွှတ်တော်ကို မွေးထုတ် လိုက်ပါတယ်။ တခါ အဲဒီလိုလွှတ်တော်ကနေ စစ်တပ်ကရေးဆွဲပြီး မတရားအတည်ပြုထားတဲ့ စစ်တပ်ကို အချိန်မရွေး အာဏာသိမ်းခွင့် ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တရားဝင်အတည်ဖြစ်ကြောင်း ကြေညာပါမယ်။ ဒီကနေ ပေါ်ထွက် လာမယ့် ဒီမိုကရေစီကနေ ဘယ်လို နိုင်ငံရေး၊ ဘယ်လို ဒီမိုကရေစီတွေ ဆက်ထွန်းကားမယ်ဆိုတာ ရှင်းနေတာပါ။ အဲဒီလို နိုင်ငံရေးဘောင်၊ နိုင်ငံရေးခွင်ကိုပဲ “လှုပ်ရှားနိုင်တဲ့ခွင်” လို့ထောက်ပြပြီး အားလုံးကို ပုံအောခိုင်းနေကြတာပါ။ ဒါကိုပဲ ဖြစ်နိုင်တာလို့ပြောပြီး သူတို့နဲ့မတူသူတွေကို မဖြစ်နိုင်တာပြောတဲ့ စကားကြီးစကားကျယ်သမားတွေ၊ လက်တွေ့မကျသူတွေလို့ ပြောနေကြတာ ဖြစ်ပါတယ်။ ဒါဟာ လာလတ္တံ့သော နအဖရဲ့ “စည်းကမ်းရှိတဲ့ဒီမိုကရေစီ” ရဲ့ ရှေ့ပြေးလုပ်နည်းလုပ်ဟန်တွေ များလား၊ မစဉ်းစားဘဲမနေနိုင်ပါဘူး။

ကောင်းပါပြီ။ အဲဒီ “ခွင်” မှာ ဘာလုပ်လို့ရမှာလဲ။ ပါတီဆိုင်းဘုတ်တွေ ထောင်ခွင့်ရပါမယ်။ အမတ်တွေဖြစ်လာပါမယ်။ ဒါပေမယ့် “နိုင်ငံတော်အကြီးအကဲများ” နဲ့ “တပ်မတော်” ကို ဝေဖန်ပြောဆိုရေးသားခွင့်ရှိမလား။ ဆန့်ကျင်ဆန္ဒပြခွင့်ရှိမလား။ (နိုင်ငံရေး ပါတီတွေအချင်းချင်း ဝေဖန်တိုက်ခိုက်ခွင့်တွေ ပေးမှာကတော့ သံသယဖြစ်စရာမလိုပါဘူး)။ နောက်ပြီး ကုန်လွန်ခဲ့တဲ့ အနီးခေတ် သမိုင်းကို အမှန်အတိုင်းရေးသားဖော်ပြခွင့်ရှိမလား။ အဲဒါတွေမပါတဲ့ နိုင်ငံရေးမျိုးတော့ အခုလည်းလုပ်ကိုင်ခွင့်ရနေတာပဲ မဟုတ်ဘူးလား။

“ခွင်” ဆိုတာတော့ပေးပါရဲ့၊ အဲဒီ “ခွင်” ကနေ ငါတို့ကိုကြိုက်သလောက် ချီးကျူးစမ်းကွာလို့ ဖွင့်ပေးထားတာမျိုးဆိုရင်တော့ မဖြစ်ဘူးထင်ပါတယ်။ “ခွင်” ထဲမှာ ဘုရင်လုပ်ခွင့်မပေးဘဲ မျောက်လောင်းပဲ လုပ်ခိုင်းနေတယ်ဆိုရင် ဘယ့်နှယ်ပြောပါ့မလဲ။ ခွင်တခု ပေးတယ်ဆိုတိုင်း ခွဲခြားမှုမရှိဘဲ ထောက်ခံကြိုဆိုနေတာ မှားပါတယ်။

အထက်မှာတင်ပြခဲ့တဲ့ အယူအဆကို တင်ပြသူတွေထဲက ဘယ်တယောက်ကမှ နအဖစစ်ဗိုလ်တွေဟာ တဖြည်းဖြည်းနဲ့ အယူ အဆတွေ၊ လုပ်နည်းလုပ်ဟန်တွေ ပြောင်းကုန်မှာ၊ ဒါမှမဟုတ် သူတို့ကို ပြောင်းယူမယ်လို့ မပြောကြပါဘူး။ ဒါ့အပြင် သူတို့က လွှတ်တော်ထဲမှာ (၂၅) ရာခိုင်နှုန်းနဲ့ သမ္မတနေရာ၊ နောက်ပြီး အရေးကြီးတဲ့ဝန်ကြီးနေရာတွေကို စစ်တပ်ကိုထာဝရယူထားခွင့် ပြုမယ်လို့ အာမခံတဲ့သဘော ဖြစ်နေပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံတို့ရဲ့ ဟိုဘက်မှာ လူတချို့ အမတ်ဖြစ်လာမယ်ဆိုတာလောက်ကလွဲလို့ သူတို့ဟာ ဘာမှဝမ်းပါးလောက်အောင် ထောက်မပြနိုင်ကြပါဘူး။ စစ်တပ်ကိုယ်စား လှယ် ပါဝင်မှုကို (၂၅) ရာခိုင်နှုန်းကနေ တဖြည်းဖြည်းလျော့သွားအောင် လုပ်ယူမယ်လို့တောင် ဘယ်သူမှ မပြောဝံ့ပါဘူး။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို “ဝမ့်စွေ့” ကြွေးကြော်ဖို့ အမတ်လုပ်ရတာဆိုရင်တော့ သမိုင်းလူပြက်တွေ ဖြစ်ကုန်ပါလိမ့်မယ်။


No comments:

Post a Comment