Friday, July 17, 2009

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဂျွန်ဟေးလ်ပရင်း

ကုလ သမဂ္ဂ ရဲ့ရဟတ်ယာဉ် မြန်မာ နိုင်ငံ ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသကို ဆင်းသက် လိုက်တာ နဲ့မြန်မာ စစ်အုပ်စု အာဏာပိုင် တွေ ဟာ ၄င်းတို့ရဲ့ ဗန်းပြ ကျေးရွာရဲ့ နောက်ဆုံး အနေ အထား ကို ပြသ ပါတယ်။

လူတကာတွေ ကိုယ့်အိမ်မှာ ကိုယ်နေနေတဲ့အချိန်မှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ နေရာမှာ အစိုးရက ဆောက်လုပ်ပေးထားတဲ့ ကယ်ဆယ်ရေးစခန်းတစ်ခုဖြစ်တဲ့ ကျုံးဒါး ကျေးရွာရဲ့ ရွှံ့ထူထူ လမ်းတစ်လျှောက်မှာ လူအုပ်ကြီးက တန်းစီနေပါတယ်။

အုန်းပင်ခြောက် သို့မဟုတ် ဝါးနဲ့ ဆောက်လုပ်ထားတဲ့ အိမ်ငယ်တန်းလေးကတော့ သပ်သပ်ရပ်ရပ်ပါပဲ။

လွန်ခဲ့တဲ့ တစ်နှစ်က နာဂစ်ဆိုင်ကလုန်းမိုင်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး မြစ်ဝကျွန်းပေါ်ဒေသမှာ ရှိခဲ့တဲ့ ပလတ်စတစ် ပေါင်းမိုးတွေနဲ့ အကူအညီ ပစ္စည်းတွေစုံပုံရာ နေရာတွေမှာ ခြေတံရှည်အိမ်အသစ်တွေက နေရာယူလာပါတယ်။

လွန်ခဲ့တဲ့ အပတ်စနေ တနင်္ဂနွေမှာ ကုလသမဂ္ဂ တာဝန်ရှိသူတွေ သွားရောက်လည်ပတ်တော့ ရွာသားတွေက ပြုံးရွှင်နေကြပါတယ်။ ကလေးငယ်တွေကလည်း ပျော်ရွှင်ကြည်နူးစွာ ကစားနေကြကာ အဝတ်အထည်တွေကလည်း ဖြူဖွေးသန့်စင်ပြီး မီးပူကျပါပဲ။

အမျိုးသမီးအများစုနဲ့ ကလေးတွေဟာ သနပ်ခါးတွေ အဖွေးသားနဲ့ပါ။ (သနပ်ခါးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝဝဝ လောက်ကတည်းက မြန်မာနိုင်ငံမှာ ပေါက်ရောက်ပြီး အဲဒီအပင်ကို ခုတ်ဖြတ်ကာ စက်ဝိုင်းပုံ လှည့်သွေးပြီး အလှပြင် ပစ္စည်းအဖြစ် အသုံးပြုခဲ့တဲ့ အရာပါ။)

မုန်တိုင်းဒဏ်ကြောင့် ကျုံဒါးရွာမှာ အိမ်ခြေ ၁ဝဝဝ လောက် ပျက်စီးသွားပြီး လူပေါင်း ၁ဝဝ ကျော် သေဆုံးခဲ့ရပါတယ်။ မုန်တိုင်းဟာ လူ့အသက်ပေါင်း တစ်သိန်း သုံးသောင်း ရှစ်ထောင်ခန့်ကို နှုတ်ယူဝါးမြိုသွားပါတယ်။ အပေါ်ကကြည့်ရင် လယ်ကွင်းနဲ့ ကန်သင်းရိုး၊ မြစ်ပြင်နဲ့ ကမ်းစပ် ၊ ရွံ့နွံနဲ့ ကောင်းကင် ဆိုပြီး ပြန်လည် ခွဲခြားလို့ ရနေပါပြီ။ မုန်တိုင်းတိုက်ခတ်ပြီးခါစမှာတော့ အားလုံးဟာ ခွဲခြား မရအောင် ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စာရင်းဇယားတွေအရ HIV,AIDS တီဘီနဲ့ ငှက်ဖျားရောဂါတို့က ဒေသခံတွေကို ခြိမ်းခြောက်လျှက် ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် IOM က ဦးဆောင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဟာ ကျေးရွာပေါင်း ၈၅၈ ရွာက လူပေါင်း ၁၁ဝ၆၁၃ ဦးကို ကုသပေးခဲ့ပါတယ်။

ဒေသန္တရ ကျန်းမာရေးဆေးပေးခန်းက ဝန်ထမ်းတွေက ဧရာဝတီမြစ်ဝကျွန်းပေါ်က လူအများစုဟာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ခံစားနေရကြောင်း ပြောပါတယ်။

ဒါပေမယ့် စစ်အုပ်စုဘက်က လူတွေ ဝင်ရောက်နားထောင်တော့ အဲဒီကျန်းမာရေး ဝန်ထမ်းကလည်း စကားပြော နေတာကို ချက်ချင်း ရပ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ စကားဝိုင်း အဆုံးသတ်လိုက်ရပါတယ်။

ဒေသခံတွေကတော့ ဝမ်းလျှောဝမ်းပျက်ဖြစ်တာတွေ လျော့နည်းလာပါတယ်၊ အနီးအနားမှာ ဆေးခန်းတွေလည်း ရှိလာပြီလို့ ဆိုပါတယ်။ အခြားတိုးတက်မှုတွေကိုလည်း တွေ့ရပါတယ်။

အနောက်နိုင်ငံအတော်များများဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ဒေါ်လာ ၆၉၁ မီလီယံ ပေးလှူခဲ့ပါတယ်။ ဒါပေမယ့် သူတို့က စစ်အာဏာရှင်တွေကို အများကြီး မကူညီလိုကြသလို ယုံလည်း မယုံကြည်ကြပါဘူး။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူကတော့ ဒါဟာ မြန်မာအာဏာပိုင်တွေနဲ့ ဆက်ဆံရေးကို ကာကွယ်ဖို့ လျှို့ဝှက်ထားတဲ့ အခြေအနေ တစ်ရပ်ပဲဖြစ်ပါတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံကို လွန်ခဲ့တဲ့နှစ်က (နာဂစ်အပြီး) လာရောက်လည်ပတ်စဉ်မှာ မြန်မာအာဏာပိုင်တွေက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို ရိုင်းစိုင်းစွာ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ မစ္စတာ ဘန်ကီမွန်းကတော့ မြန်မာ စစ်ဗိုလ်ချုပ်တွေအနေနဲ့ လူ့အခွင့်ရေးကို မြှင့်တင်တယ်ဆိုတာ သက်သေပြချင်ရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အပတ် ခရီးစဉ်မှာလည်း မစ္စတာဘန်ကီမွန်းဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်တောင်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၁၅ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီး ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်ကျော် ကာလ အတွင်းမှာ ဒေါ်လာ ၇၉ မီလီယံရဲ့ ၄၄ ရာခိုင်နှုန်းကိုတောင် မထောက်ပံ့နိုင်ခဲ့ပါဘူး။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဆိုရင်လည်း မြို့နယ်ပေါင်း ၃၂၅ မြို့နယ်အတွက် ငွေတွေ လိုအပ်နေဆဲပါပဲ။

မုန်တိုင်းဒဏ်ခံ လူစုစုပေါင်းရဲ့ ၄ ပုံတစ်ပုံလောက်ဟာ လှေတွေနဲ့ လိုက်လံဝေငှတဲ့ သောက်ရေသန့်တွေ၊ စားစရာတွေကို မှီခိုနေရဆဲပါ။ ကျောင်းတွေကို ပြန်ဆောက်ထားပြီး ဖြစ်ပေမယ့် ဆရာ ဆရာမ တွေကတော့ မလုံလောက်သေးပါဘူး ။ လူအများစုကလည်း အမိုးအကာ လုံလောက်စွာ မရရှိသေးပါဘူး။

ဂျွန် ဟေးလ်ပရင်း
မှတ်ချက်။ ။ဇူလိုင်လ ၇ ရက်နေ့ထုတ် AP သတင်းမှ ဆောင်းပါးရှင်
John Heilprin ၏ Myanmar rebuilding uneven a year after the cyclone ဆောင်းပါးကို မနီလာအောင်က ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်။

No comments:

Post a Comment