Friday, July 31, 2009

စစ်သားကောင်း ပီသကြပါစေ

ဗိုလ်ထက်မင်း

ရုရှားနိုင်ငံကို သွားရောက်ပညာဆည်းပူးခဲ့တဲ့ DSA ကျောင်းဆင်း ညီတော်တွေကို အရင်ခေတ် တပ်မတော်အရာရှိတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ထားရှိပုံတွေကို ရှင်းပြလိုပါတယ်။ တို့တတွေ ကျောင်းဆင်းလာတော့ ပခုံးပေါ်မှာ တင်ထားတဲ့ တပွင့်တည်းသောကြယ်ပွင့် လျှောကျသွားမှာစိုးလို့ ဆွဲဆွဲတင်နေလိုက်ရတာ အမောပဲဆိုတာကို ရှင်းပြလိုတာပါ။ ပြီးတော့ တို့တိုင်းပြည်အတွက် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီးတော့ လက်သီးလက်မောင်းတန်းရင်း ကြိမ်းဝါးမိတာလည်း ရှိပါသေးတယ်။

အရာရှိအချင်းချင်း နောက်ပြောင်ပြောဆိုနေကြပုံက အဲဒီအပွင့်ကို ညှစ်လိုက်ရင် ချွေးတွေ၊ သွေးတွေ ကျလာရမယ်။ ရှေ့တန်းမှာ မတိုက်ရဘဲ နောက်တန်းမှာ နှပ်နေရတာမျိုး၊ သင်တန်းတွေပဲ လှိမ့်တက်နေရတာမျိုးနဲ့ရတဲ့ အရာရှိရဲ့ အပွင့်ကိုတော့ ညှစ်လိုက်ရင် ‘ပဲ’ တွေပဲ ကျလာမယ် အထင်မကြီးဘူးလို့လည်း ရိတိတိ ပြောတတ်ခဲ့ကြပါတယ်။

တပ်ရင်းကို ရောက်သွားတော့လည်း တို့တတွေဟာ ကာဘိုင်သေနတ်ကို ရွေးရတာ ခေါင်းအကိုက်ရဆုံးပါပဲ။ ရန်သူနဲ့တွေ့ရင် ပြန်ပစ်နိုင်ဖို့ရာ Zero inch ဖြောင့်တန်းမှုရယူထားတဲ့ ကာဘိုင်ကို အလိုချင်ကြဆုံး ဖြစ်ပါတယ်။ တချို့တပ်ခွဲ တပ်ကြပ်ကြီးတွေရဲ့ ကာဘိုင်ဒင် သစ်သားပိုင်းက ပေါလစ်သုတ်ထားလို့ ပြောင်နေတာကိုတွေ့ရင် အရာရှိပေါက်စတွေက ရင်သပ်ရှုမော ကိုင်တွယ်ကြည့်ကြတာ ညီတော်တို့ သိစေချင်ပါတယ်။

Equipment လို့ခေါ်တဲ့ စစ်ချပ်ဝတ်တန်ဆာအပိုင်းမှာ ခါးပတ်နဲ့ ရေဘူးဆိုရင် အမေရိကန်ထုတ် ခါးပတ်၊ ရေဘူးမှ ၀တ်ဆင်ကြပါ တယ်။ အရာရှိတဦး US Equipment အပြည့်အစုံ ၀တ်ထားပြီဆိုရင် ကျန်တဲ့အရာရှိတွေက ရင်သပ်ရှုမောနဲ့ ဘယ်လောက်ပေး ရလဲ ဘယ်မှာဝယ်လဲ စသဖြင့် အလုအယက် မေးမြန်းလာကြတာလည်း တွေ့ရပါတယ်။ အဲဒီအရာရှိတွေ တပ်ပြောင်းခဲ့ရင် US Equipment ကို အမှတ်တရ လက်ဆောင်အဖြစ် သိမ်းပိုက်ဖို့ ကြံစည်ကြတဲ့အထိ အရာရှိတွေက မက်မက်မောမော ရှိကြပါတယ်။

ကျောင်းဆင်းအရာရှိတွေဟာ တပ်ရင်းရှိ တပ်စုတစုကို ကိုင်တွယ်ဖို့ တပ်ခွဲမှူးက အပ်နှံခဲ့ရင်ဖြစ်စေ၊ တပ်စုတပ်ကြပ်ကြီးတဦးက ၎င်းတပ်စုကို သတိဆွဲကာ မိမိထံသို့ အလေးပြုပြီး သတင်းပို့ခဲ့ရင်ဖြစ်စေ အဲဒီအချိန်မှာ ရင်ထဲမှာ ငါဟာ လူ (၃၀) ကို အုပ်ချုပ်ရ တဲ့ အရာရှိပေါက်စတဦး မကြာခင် ဖြစ်တော့မှာပါလားဆိုတဲ့ ရင်ထဲက ပီတိကို ညီတော်တွေအား မျှဝေပေးချင်ပါတယ်။

ရှေ့တန်းရောက်ရင် တပ်စုတပ်ကြပ်ကြီးလုပ်သူ ဆရာကြီးက နယ်မြေနဲ့ ရန်သူသတင်းတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပုံ၊ ရွာတွေရောက်ခဲ့လို့ အိမ်တွေမှာ ညအိပ်ခဲ့ရင် ကိုယ့်ထက်အသက်ကြီးတဲ့ တပ်စုတပ်ကြပ်ကြီးက အိမ်အောက်မှာ အနစ်နာခံ အိပ်ခဲ့ပုံ၊ မိမိကိုတော့ အိမ်ပေါ်မှာ ဇိမ်ကျကျ အိပ်ခွင့်ပေးခဲ့ပုံ … စသဖြင့် အတူတူစား အတူတူသွားလာကြတဲ့ သံယောဇဉ်နဲ့ ရဲဘော်ရဲဘက်စိတ်တွေ ကြီးမားလှပုံကို ပြောပြချင်ပါတယ်။

တပ်ခွဲမှူးကိုဆိုရင် ကိုယ့်ရဲ့ အကိုကြီးတယောက်လို ခင်တွယ်မိကာ ထမင်းလက်ဆုံ စားကြတဲ့အခါမျိုး စစ်နည်းဗျူဟာတွေကို လက်တွေ့နယ်ပယ်မှာ အပ်ကျမတ်ကျ သင်ကြားပေးခဲ့ပုံတွေကအစ နောက်ဆုံး ညီတော်တွေ ပိုက်ဆံမရှိလို့ နောင်တော်တွေက မုန့်ဖိုးအဖြစ် ပေးသုံးခဲ့ပုံတွေ၊ ရန်သူနဲ့ နင်လား ငါလား တိုက်ပွဲတွေဖြစ်လာရင် တပ်ခွဲမှူးက အတွေ့အကြုံနည်းတဲ့ ကျောင်းဆင်း မိမိတို့ တပ်စုမှူးတွေကို ချေမှုန်းရေးတပ်စုမှာ မထားဘဲ တပ်ခွဲမှူးရုံးရဲ့ အနီးကပ်တပ်စုအဖြစ် စိုးရိမ်ကြောင့်ကြစွာ ပြောင်းလဲထားခဲ့ပုံတွေ ဒါတွေကိုလည်း အခုခေတ် ညီတော်တွေ သိစေချင်တယ်။

နောက်တန်းပြန်ရောက်လို့ လူပျိုအရာရှိရိပ်သာရောက်ပြီဆိုရင် စီနီယာနောင်တော် တပ်ခွဲမှူးဗိုလ်ကြီးတွေက ဦးဆောင်ပြီး စားသောက်ဖွယ်ရာတွေ အပါအ၀င် အထွေထွေ ကုန်ကျစရိတ်အားလုံး အကုန်အကျခံပုံတွေ၊ သူတို့ကိုယ်တိုင်က မင်းတို့တပ်စုမှူးတွေ ပိုက်ဆံရှိကြတာမဟုတ်ဘူး၊ ငါတို့အကြီးတွေပဲ ပေါင်းပြီး ရှင်းပေးလိုက်မယ်ဆိုတဲ့ ကြင်နာမှုစကားသံတွေ၊ မြို့ထဲကို ကားတစီးနဲ့ ထွက်လည်ကြလို့ စားသောက်ဆိုင်ကို ရောက်ပြီး ရှင်းကြပြီဆိုရင်လည်း စီနီယာအရာရှိတွေက ကျနော်တို့ ဂျူနီယာအရာရှိတွေကို လက်ကာပြီး သူတို့ပဲ ရှင်းပေးကြပုံတွေ၊ အကိုကြီး အဖအရာဆိုသလို တပ်ထဲမှာ နေထိုင်ပြုမူကျင့်ကြံပုံ၊ ဆိုင်ရာတွေကို ဆိုဆုံးမပုံတွေဟာ ယနေ့ထက်တိုင် ရင်ထဲအသည်းထဲ စွဲမြဲနေပါတယ်။

တိုက်ပွဲမှာ တပ်ခွဲမှူးဖြစ်ဖြစ်၊ တပ်စုမှူးဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရလို့ဖြစ်စေ ပိတ်ဆို့ခံရလို့ဖြစ်စေ ဘယ်လိုမျိုး အခက်အခဲတွေ ကျရောက်နေပါစေ ညီတော်နောင်တော်တွေက မဖြစ်ဖြစ်အောင် ဖောက်ထွက်ပြီး ကူညီဖေးမ ကယ်တင်တတ်တဲ့ ရှေ့တန်းရဲ့  ရဲရဲတောက် သံမဏိစိတ်ဓာတ်တွေကိုလည်း ညီတော်တွေ သိစေချင်ပါတယ်။ အခုတော့ ဒါတွေဟာ ပုံပြင်တွေလို ဖြစ်နေပြီး တို့တပ်မတော်ဟာ ရာထူးအာဏာ မက်မောမှုနဲ့အတူ စီးပွားရေး၊ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပတ်သက်ချုပ်ကိုင်လာတာနဲ့အမျှ တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုတာဟာ တပ်မတော်နဲ့ ဘာမှမသက်ဆိုင်တော့တဲ့အထိ ရာဇ၀င်ရိုင်းခဲ့ပြီ ဖြစ်ပါတယ်။

တို့ ကျောင်းဆင်းပြီးပြီးချင်း ရှေ့တန်းမှာ (၉) လ ဆက်တိုက်ကြာသွားတော့ မိခင်ဖြစ်သူက တပ်ရင်းမှူးဆီ စာရေးပြောတယ်။ အဲဒီအခါကျမှ တပ်ရင်းမှူးက သတိရပြီး ခွင့်ခေါ်ပေးလို့ မိခင်အိမ်ကို ပြန်ခွင့်ရပါတယ်။ ဒါပေမယ့် ရှေ့တန်းမှာ ရုန်းရင်းကန်ရင်း ပေပေတေတေ နေလိုက်တာ ပင်ပန်းရမှန်းမသိဘဲ အချိန်ကုန်သွားခဲ့တာဖြစ်တယ်။ တပ်ရင်းမှူးက ခွင့်ခေါ်ပေးမှသာ (၉) လ ကြာပြီဆိုတာကို သိရတာဖြစ်တယ်။

ရှေ့တန်းမှာက တပ်ခွဲမှူးက အစစအရာရာ ကျွေးမွေးနေတော့ ဘာကုန်ကျမှုမှမရှိဘူး။ ဒါကြောင့် အိမ်ပြန်တဲ့အခါ ဘဏ် (၆) မှာ လစာကို တလုံးတခဲတည်း ထုတ်ရတယ်။ အဲဒီအချိန်မှာ ခံစားခဲ့ရတဲ့ပီတိ၊ အဲဒီလစာတွေထဲက မိခင်ကို ကန်တော့လိုက်ရတဲ့ ပီတိ၊ အရင်က ကျောင်းနေဖက်သူငယ်ချင်းဖြစ်ခဲ့တဲ့ RIT ကျောင်းသား သူငယ်ချင်းထံသွားပြီး သူ့ကို RIT ကင်တင်းရိပ်သာမှာ ကိုယ်ရတဲ့လစာနဲ့ ကျွေးမွေးပြုစုရတဲ့ ပျော်ရွှင်မှုပီတိ ခံစားချက်တွေကို ငါ့ညီတော်တွေ သိစေချင်တယ်။

ငါတို့ဟာ တက္ကသိုလ်ကျောင်းသားဘ၀က လာခဲ့တာမို့ ကျောင်းသားတွေရဲ့ ဘ၀ကို ပြန်လည်တမ်းတမိရင်း အတူတူလက်တွဲခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ ရှေ့တန်းမှာ မသေလို့ ပြန်လည်ဆုံတွေ့ခဲ့ရတဲ့ ငါတို့ရဲ့  အမှတ်တရ ပွဲလေးကို ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်သလို ကျောင်းသားတွေရဲ့ တန်ဖိုးနဲ့ ရဲစွမ်းသတ္တိကိုလည်း ခံစားနားလည်တယ်။ တို့တပ်တွေမှာ အရင်က ရှေ့တန်းမှာ ပင်ပန်းဆင်းရဲလွန်းအားကြီးပြီဆိုရင် သင်တန်းတခုခု တက်ခွင့်ရတာကိုပဲ အနားယူတဲ့ သဘောလို့ ယူဆကြတယ်။

အခုညီတော်တွေကျတော့ အဲဒီလိုဖြတ်သန်းမှုမျိုးမရှိခဲ့လို့ တပ်မတော်ရဲ့ သံမဏိစိတ်ဓာတ်ဆိုတာ ဘာမှန်းမသိ၊ ရဲဘော်ရဲဘက်စိတ်ဓာတ်ဆိုတာ ဘာကိုဆိုလိုရမှန်းမသိ ဖြစ်နေကြတယ်။ အဆိုးဆုံးက စစ်တပ်ကို လက်ကိုင်တုတ်သဖွယ် အသုံးချနေတဲ့ တပ်မတော်သမိုင်းကို ဖျက်ဆီးနေသူ အာဏာရှင်ထိပ်ပိုင်းတစုရဲ့ လုပ်ရပ်တွေကြောင့် ညီတော်တွေဟာ သန်လျက်ကို ရေထင်၊ ရွှေသမင် အလိုက်မှားနေကြတယ်။

ညီတော်တွေဟာ DSA သုံးနှစ် ကျောင်းဆင်းပြီးကတည်းက ခြေလျင်တပ်ကို ရောက်ရှိသတင်းပို့တာနဲ့ ရှေ့တန်းမှာ ကျောပူအောင် လမ်းမလျှောက်ကြရတော့ဘဲ MSC ဆိုတဲ့ (၂) နှစ် သင်တန်းကြီးကို မဖြစ်မနေ ဆက်လက်တက်ရောက်ကြပုံတွေ၊ အဲဒီကမှတဆင့် အဆင့်မီလို့ ရုရှားကို ပညာဆည်းပူးခွင့် ဆက်လက်တက်ရောက်ခွင့်ရကြပုံတွေ၊ ပြန်လာကြတော့လည်း ပြင်ဦးလွင်မှာ ကွန်ပျူတာနဲ့ နပန်းလုံးပြီး ဒီမိုကရေစီဘက်တော်သား ၀က်ဆိုက်တွေကို အဖျက်အမှောင့်လုပ်ခဲ့ပုံတွေ ကြားသိရတော့ ညီတော်တွေရဲ့ ကျပ်မပြည့်တဲ့ စစ်သားတပိုင်းဘ၀ကို သနားမိပါတယ်။

အခုတော့ ညီတော်တွေထဲက အရာရှိတဦးကို DSA မှာ နည်းပြအဖြစ် ရောက်နေတဲ့ ရုရှားနည်းပြ အမျိုးသမီးလှလှတဦးက အပြာဇာတ်လမ်းတွေနဲ့ မှတ်ကျောက်တင်ပေးလိုက်တယ်လို့ ကြားသိရလို့ စိတ်မကောင်းဖြစ်မိတယ်။ စစ်သားရဲ့ မှတ်ကျောက်တင်မှုဟာ ရှေ့တန်းစစ်ဆင်ရေး နယ်မြေသာဖြစ်လို့ ညီတော်တွေရဲ့ မှတ်ကျောက်ကို ဘယ်နေရာမှာ တင်ရမလဲ ဆိုတာ စဉ်းစားလို့မရအောင်ကို ဖြစ်ရတယ်။

မင်းတို့သိပြီးသား တို့တတွေရဲ့ “ဆောင်ပုဒ်” ရှိပါတယ်။ ပြန်ပြောပြမယ်။ “ဘာလုပ်နေလဲ - လေ့ကျင့်နေတယ်၊ ဘာလုပ်ဖို့လဲ - တိုက်ပွဲဝင်ဖို့၊ ဘယ်သူ့အတွက်လဲ - ပြည်သူ့အတွက်၊ ဘာစိတ်ဓာတ်လဲ - သံမဏိစိတ်ဓာတ်” ဆိုပြီး ငါတို့ ဆိုရတဲ့ ဆောင်ပုဒ် ရှိပါတယ်။ အခုတော့ ညီတော်တွေခေတ်မှာ အဲဒီဆောင်ပုဒ်ကို ပြင်ရမလို ဖြစ်နေပါတယ်။

“ဘာလုပ်နေလဲ - ဒီမိုဝက်ဆိုက် ဖျက်ဆီးနေတယ်၊ ဘာလုပ်ဖို့လဲ - ရာထူးအာဏာ မတရားယူဖို့၊ ဘယ်သူ့အတွက်လဲ - နအဖ စစ်အာဏာရှင်တွေအတွက်၊ ဘာစိတ်ဓာတ်လဲ - မစ္ဆရိယစိတ်ဓာတ်” လို့ ပြင်ရမလို ဖြစ်နေတယ်။

ညီတော်တွေရဲ့ ခံယူချက်၊ စိတ်ဓာတ်တွေဟာ ယခင်နောင်တော်တွေရဲ့ ခံယူချက် စိတ်ဓာတ်တွေနဲ့ မိုးနဲ့မြေလို ကွာခြားတာနဲ့အမျှ တပ်မတော်ရဲ့ အနာဂတ်ဟာလည်း မဲမှောင်လျက်သာ ရှိနေမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment