Wednesday, July 15, 2009

ဗိုလ်ချုပ်မှူးကြီး ဇနီးမောင်နှံ ရွှေတိဂုံမှာ ပန်းယတြာချေ

ဟိန်းဇော် Wednesday, 15 July 2009

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ နှင့်ဇနီး ဒေါ်ကြိုင်ကြိုင် တို့သည် ယခု တပတ် အတွင်း ၃ ရက်ဆက်၍ ရန်ကုန် မြို့ရှိ ရွှေတိဂုံ ဘုရားသို့ ပန်းများ ဆင်ယင် ထားသော ဗုဒ္ဓ ရုပ်ပွား တော်များ ကို လာရောက် ပူဇော် ထားရှိ သည့်အတွက် လူအများ စိတ်ဝင် စားနေ ကြကြောင်း မျက်မြင် တွေ့ရှိ သူ များ နှင့် ရွေတိဂုံ ဂေါပက အဖွဲ့ဝင်များ က ပြောသည်။

နှီးဖြင့် ပြုလုပ်ထားပြီး “နေကြာပန်း”များ အပါ အဝင် ပန်းပေါင်းစုံ အပွင့် များဖြင့် ဆင်ယင် ထားသော ဉာဏ်တော် တစ် ပေ ခန့်ရှိ ဗုဒ္ဓ ရုပ်ပွား တော် ၃၅ ဆူကို ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် တို့က မိသား စုဝင်များ နှင့် အတူ ရွှေတိဂုံ ဘုရားသို့ သယ်ဆောင် ပူဇော် ခဲ့ခြင်း ဖြစ်သည်ဟု ရွှေတိဂုံ ဂေါပက အဖွဲ့ဝင်တဦးက ပြောပြ သည်။

“နှင်းဆီ ပန်း၊ ရွှေပန်း၊ ငွေပန်း စတဲ့ ပန်းအမျိုး အစား ပေါင်း မနည်းဘူး။ ရုပ်ပွား တော်ရဲ့ကိုယ်မှာ စိုက်လှူ ထားတာ ၊ ရုပ်ပွား တော် ၃၅ဆူ လောက်ရှိ တယ်။ ဘုရား လာဖူးတဲ့ လူတွေက ပန်းပေါင်း စုံ ရုပ်ပွားတော် တွေ မွေးနံ ထောင့်တိုင်း မှာရှိ နေတာ့ တအား စိတ်ဝင် တ စား မေးမြန်း တာ"ဟု ၎င်းက ပြောသည်။

အဆိုပါ ရုပ်ပွားတော်များကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်စောစောက ရွှေတိဂုံဘုရား၏ နေ့နံအလိုက် သတ်မှတ် ထားသော မွေးနေ့ ထောင့်တိုင်းတွင် ပူဇော်ထားရှိခြင်းဖြစ်ပြီး “နေကြာပန်း”များအား ထည့်သွင်း ပူဇော်ခြင်းသည် အနေကြာစေရန် ဟူသော အဓိပ္ပာယ်ဖြင့် အာဏာဆက်လက် တည်မြဲရေးနှင့် ကျန်းမာရေးကောင်းမွန်ရန်တို့ အတွက် ယတြာချေခြင်း ဖြစ်နိုင်ကြောင်းလည်း သူက ဆိုသည်။

အတိုင်ပင်ခံ ဗေဒင်ဆရာများ၏ အခါပေးစေခိုင်းမှုဖြင့် ယတြာချေခြင်းဖြစ်ပြီး ဒေါ်ကြိုင်ကြိုင် ထီးတော် တင်ထား သော ဓနုတ်စေတီတော် ပြိုကျခြင်းနှင့်ပတ်သတ်၍ ကျရောက်လာမည့် အညံ့ များကို ချေဖျက်ရန် ထိုသို့ ပြုလုပ် ခြင်းဖြစ်ကြောင်း အစိုးရအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

ရွှေတိဂုံ ဘုရားဖူးတဦးကလည်း"ဘုရားမှာ ထူးထူးခြားခြား တွေ့တော့မေးကြည့်တာ၊ စေတီတော် တစ်ကိုယ်လုံး ပန်းအစုံနဲ့ ဘုရားကိုယ်ကိုတောင် မမြင်ရဘူး၊ ဘာလုပ်တာလဲမေးတော့ ဒီနေ့မနက်(ဇူလိုင် ၁၀) ငါးနာရီလောက်က ဘုရားက တံခါးတွေပိတ်ပြီး သူစိမ်းဝင်ခွင့်မပြုတော့ဘဲ ဦးသန်းရွှေတို့ ဇနီးမောင်နှံနဲ့ အပေါင်းအပါတို့ ယတြာ လာချေ သွားတာတဲ့"ဟု ပြောသည်။

မကြာသေးခင်က ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် အစိုးရထိပ်ပိုင်း အဖွဲ့ဝင် ၅ ဦးတို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံမှ အာဏာ သိမ်းရန် ကြိုးပမ်းကြောင်း ကောလာဟလ ထွက်ပေါ်မှုများလည်း ရန်ကုန် လူထုကြား ပျံ့နှံ့နေ သည်ဟုလည်း ၎င်း ဘုရားဖူး က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့သည် ၎င်း၏ ကံဇာတာ အညံ့များ ကောင်းမွန်ရန်အတွက် ဗေဒင် ယတြာများကို ယုံကြည်မှု ရှိကြောင်း ၎င်းတို့နှင့် နီးစပ်သည့် ဗေဒင်ဆရာ တဦးက ပြောသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အခက်အခဲ အကျပ်တည်းထဲမှာ ရောက်နေတယ်၊ ဒါကြောင့် သူ့ကံဇာတာ ကောင်း အောင် ယတြာချေတာ”ဟု အထက်ပါ ဗေဒင်ဆရာ က ပြောသည်။

ယင်း ပန်းပေါင်းစုံ နှီးဘုရားများကို စိတ်ဝင် တစားမေးမြန်းသူများလာခြင်းကြောင့် သော်လည်းကောင်း၊ ယတြာချေ ပြီး၍ သော်လည်းကောင်း ဇူလိုင်လ ၁၄ရက်နေ့ က လာရောက် သိမ်းဆီးသွားကြောင်း ရွှေတိဂုံ ဘုရားမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က ဒေါ်ကြိုင်ကြိုင် ထီးတင်ခဲ့သည့် ရန်ကုန်တိုင်း ဒလ မြို့နယ်ရှိ ရှေးဟောင်း ဓနုတ် စေတီကြီး ပြိုကျခဲ့သည်။ ၎င်းစေတီကြီးအား မေလ ၇ ရက်နေ့က ထီးတင်ခဲ့ခြင်းဖြစ်သည်။

ထုစေတီကြီးပြိုကျမှုနှင့် ပတ်သက်ပြီး“အလှူရှင်များဆန္ဒအရ မိုးမကျမီ အားလုံးပြင်ဆင် ပြီးစီးရန် မွမ်းမံ တည် ဆောက် လိုက်ရသောကြောင့် အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ဖြစ်ပေါ်ပျက်စီးခဲ့ရသည်”ဟု အစိုးရ သတင်းစာများတွင် ရေးသား ဖော်ပြခဲ့သည်။

No comments:

Post a Comment