Monday, July 6, 2009

သံဃာတော်များဦးဆောင်၍ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲပြုလုပ်

ရိုးမ ၃ Monday, 06 July 2009

ယနေ့ ကျရောက် သည့် အဘိ ဓမ္မာ အခါတော် နေ့ ဝါဆို လပြည့် နေ့တွင် ဒေါ်အောင်ဆန်း စုကြည် နှင့်တကွ နိုင်ငံ ရေး အကျဉ်း သားများ အားလုံး လွတ်မြောက် ရေး မေတ္တာပို့ ဆုတောင်း ပွဲကို သံဃာ တော်များ ဦးဆောင် ကျင်းပပြု လုပ်ခဲ့ ကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂနှင့် သံဃာ့သမဂ္ဂအဖွဲ့များက ဦးဆောင်ကာ ရန်ကုန်မြို့ရှိ ရွှေတိဂုံ၊ ဆူးလေ၊ ကမ္ဘာအေး ဘုရားတို့တွင် နေရာခွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"စစ်အစိုးရရဲ့ မတရား ဖမ်းဆီးချုပ်နှောင်ထားခြင်းကို ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးချုပ်နှောင်ခံ ရဟန်းသံဃာများနဲ့ ပြည်သူလူထုတွေ အမြန်ဆုံး အကျဉ်းထောင်က လွတ်မြောက်ပါစေ၊ ကပ်ဆိုးကြီးတွေ ကျရောက်နေတဲ့အခါမှာ မတရား အာဏာသိမ်းယူ အုပ်ချုပ်နေတဲ့ အစိုးရရဲ့လက်အောက်က အမြန်လွတ်မြောက်ပါစေ၊ စစ်မှန်တဲ့ အစိုးရတခု ပေါ်ပေါက်လာပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံး ရောက်ပါစေဆိုပြီး မေတ္တာပို့ ဆုတောင်းခဲ့တာ" ဟု ရဟန်းပျိုသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ သံဃာက မိန့်သည်။

အဆိုပါ မေတ္တာပို့ ဝတ်ပြုဆုတောင်းပွဲကို နေ့လည် (၂) နာရီလောက်တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရဟန်းသံဃာတော် အပါး ၄၀၀ ခန့် ပါဝင်ခဲ့ပြီး အာဏာပိုင်များဘက်မှ မေးမြန်းကာ ဓါတ်ပုံရိုက်ယူခြင်းများလည်း ရှိသည်ဟု ၎င်းက ဆက်လက်မိန့်သည်။

အာဏာပိုင်များ စောင့်ကြည့်နေသည့်ကြားမှ ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မေတ္တာပို့ ဝတ်ပြုဆုတောင်းပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြပြီး မန္တလေးတိုင်း မိထ္ထီလာ၊ ညောင်ဦးနှင့် မြင်းခြံမြို့များတွင် အဖွဲ့ချုပ်ဝင်များက ဦးဆောင်ကာ သပြေပန်းကပ်လှူ ဆုတောင်းပွဲများလည်း ပြုလုပ်ခဲ့သည်။

No comments:

Post a Comment