Thursday, July 23, 2009

တပ်တွင်းက နေရာယူမှု ပြဿနာနဲ့ ဆက်ဆံရေးအခက်အခဲများ

ဗိုလ်ထက်မင်း

ဗိုလ်သန်းရွှေအနေနဲ့ စစ်တပ်အရာရှိတွေကို နေရာခွဲဝေချထားမယ့်အပိုင်းမှာ တော်တော်လေး ခေါင်းစားနေသလို မထင်မှတ်တဲ့ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ကိုယ့်ရူးကိုယ်ပတ်မယ့် သဘောမျိုးကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပဖို့ အချိန်နီးကပ်လာလေလေ မထူးဇာတ်ခင်းဖို့ နေမြင့်လေ အရူးရင့်လေလေ ဖြစ်နေပါတယ်။ တပ်မတော်ဟာ ပြည်သူ့အကျိုးအ တွက် ရပ်တည်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်ကြောင်းနဲ့ ကျစ်လျစ်ခိုင်မာ နိုင်ငံတကာက လေးစားတဲ့ ဂုဏ်သိက္ခာရှိရှိ တပ်မတော် ဖြစ်စေလိုကြောင်း တပ်တွင်းက လက်ရှိတာဝန်ထမ်းဆောင်နေသော အရာရှိကြီးတချို့ မှလည်း နားလည် သဘောပေါက်နေပါတယ်။

န၀တနဲ့ နအဖခေတ်မှာ စစ်တပ်အင်အားကို တိုးချဲ့ ဖို့ အရာရှိအများအပြားကို မွေးထုတ်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့ခေတ် အချိန်မှာ ဗျူဟာမှူးဆိုတဲ့ ဗိုလ်မှူးကြီးအဆင့်မှာ ယခင်ကလို ရာထူးတက်လမ်း မလွယ်ကူတော့ဘဲ တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူး များဖြစ်တဲ့ တပ်မမှူး၊ တိုင်းမှူးရာထူးတွေကို တက်နိုင်ဖို့အတွက် အမြောက်အမြားရှိနေတဲ့ ဗျူဟာမှူးများအကြားက ခက်ခက်ခဲခဲ ထိုးဖောက်ထွက်ရတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

ဒီလိုမှ မထိုးဖောက်နိုင်ရင် ဗျူဟာမှူးတွေဟာ ဦးဆောင်ညွှန်ကြားရေးမှူးဆိုတဲ့ နှစ်သိမ့်ဆုကို ရရင်ရ၊ ဒါမှမဟုတ် ဒကစမှူး၊ တိုင်းဦးစီး ဗိုလ်မှူးကြီး၊ ဒု-တိုင်းမှူးဆိုတဲ့ ချောင်ထိုးထားတဲ့ နေရာများကိုသာ ရောက်သွားတတ်ပါတယ်။ အခုအချိန်မှာ ဗျူဟာမှူး အဆင့်တောင် အဲဒီလို မရေရာ မသေချာမှုကို ရင်ဆိုင်နေရတဲ့ လမ်းဆုံလမ်းခွနေရာကြီးဖြစ်နေပါတယ်။ ဒါ့အပြင် တပ်မမှူးနဲ့ တိုင်းမှူးတွေက လုပ်ပိုင်ခွင့်အားလုံးကို ချုပ်ကိုင်ထားတာမို့ ဗျူဟာမှူးတွေဟာ တပ်ရင်းမှူးလောက်တောင် မစိုပြည်လှဘဲ ယောင်လည်လည် ဖြစ်နေရတာမျိုးနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ရှေ့တန်းစစ်ဆင်ရေးထွက်တဲ့ အချိန်ကြမှသာ တပ်ရင်းတပ်ဖွဲ့များက ဗျူဟာမှူးနဲ့အဖွဲ့ကို ကြောက်ရွံ့ကာ “ဖား” ကြရလို့ လုပ်ပိုင်ခွင့် အာဏာအသင့်အတင့် ရှိပါတော့တယ်။ တခါ ဗျူဟာမှူးတွေဟာ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေကို စစ်ဆေးရတဲ့အခါကျမှသာ ဝမ်းဗိုက် စိုပြည်ရတဲ့ အခြေအနေမျိုးလည်း ရောက်နေပြီ ဖြစ်ပါတယ်။ ရှေ့တန်းစစ်ဆင်ရေး မရှိတော့ရင် ဗျူဟာမှူးဘ၀က အငှားတရားခံ ရောက်မှန်းမသိ ရောက်နေပါတယ်။ အမှုစစ်ဆေးခိုင်းတာမျိုးနဲ့ တပ်မမှူး၊ တိုင်းမှူး အစည်းအဝေးသွားရင် ခေတ္တ တပ်ကိုင်ရတာမျိုးတွေကို ဗျူဟာမှူးက သတိထားလုပ်ကိုင်နေရတာကြောင့် ဖြစ်ပါတယ်။

တချို့ ဗျူဟာမှူးတွေဟာ တပ်ရင်းတွေကို စစ်ဆေးတဲ့အခါကျရင် ထုတ်ပြန်ထားတဲ့အမိန့်နဲ့ ညွှန်ကြားချက်၊ စီမံချက်များဟာ လက်တွေ့မှာ လိုက်လုပ်နိုင်စွမ်း မရှိမှန်းကို မိမိကိုယ်တိုင် တပ်ရင်းမှူးဘဝမှာ ကြုံတွေ့ခဲ့ရမှန်း သိလျက်နဲ့ ဇွတ်အတင်း ဖိနှိပ်တာမျိုးလည်း ရှိနေလို့ တပ်ရင်းမှူးတွေနဲ့ ပဋိပက္ခဖြစ်နေတာကို လည်း တွေ့ရပါတယ်။

ဒေသကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ် ဆိုတဲ့ ဒကစ ဆိုတာကတော့ ရှေ့တန်း နယ်အစွန်အဖျားပြည်မနဲ့ အလှမ်းဝေးတာမို့ စီမံခန့်ခွဲမှုအာဏာ၊ တရားစီရင်မှုအာဏာ၊ ရိက္ခာထုတ်ပေးမှုအာဏာ စသဖြင့် အတော်အတင့်ရထားတဲ့ ဌာနဖြစ်ပါတယ်။ ဒါပေမယ့် စစ်ဦးစီးပိုင်းဆိုင်ရာကိုတော့ တိုင်းမှူးထံ တင်ပြရပါသေးတယ်။ ဒကစမှူးဟာ တပ်မမှူးနဲ့ စကခမှူးတို့ထက် အနည်းငယ်နိမ့်ပြီး ၎င်းမှ တိုင်းမှူးဖြစ်တဲ့ ထုံးစံမရှိတာကို တွေ့ရပြီး ဒကစမှူး ဖြစ်ရင်တောင် ၀မ်းမသာနိုင်တဲ့ အနေအထားကို ရောက်နေပါတယ်။

တဖန် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ဆိုတဲ့ စကခ ဆိုတာကတော့ နိုင်ငံတကာ ကန့်ကွက်မှာ စိုးရိမ်လို့ တပ်မအသွင်ပြောင်း ထားတဲ့ အဖွဲ့တခုသာ ဖြစ်ပါတယ်။ တပ်မများနဲ့ စကခများဟာ ကကကြည်း (စစ်ဆင်ရေး) ရဲ့  တိုက်ရိုက်ကွပ်ကဲစီမံထားတဲ့ တပ်များဖြစ်လို့ စစ်ဆင်ရေးခွင် ပုံသေမရှိဘဲ ရန်သူအင်အားပေါ် မူတည်ပြီး လိုအပ်သလို စစ်ကစားနိုင်ဖို့ စီစဉ်ထားခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ တပ်မမှူးများနှင့် စကခမှူးတွေဟာ တိုင်းမှူးများနှင့် ဆက်ဆံရေး သဟဇာတ မဖြစ်တာကိုလည်း တွေ့ရပါတယ်။ ၁၉၈၈ ခုနှစ်က မဲသဝေါစခန်း ကျသွားတဲ့အချိန်မှာ တိုက်နေရတဲ့ တပ်မ (၆၆) တပ်မမှူးနှင့် ဒု-တပ်မမှူးတွေဟာ ရတခ တိုင်းမှူးရဲ့ မသိကျိုးကျွံပြုမှုကြောင့် အခက်အခဲတွေကြားမှာ ရုန်းကန်နေရတာကို စစ်ရုံးမှ မှန်ကန်စွာ မသုံးသပ်နိုင်တာကြောင့် သူတို့ဟာ ရာထူးမှ ဖယ်ရှားခြင်း ခံလိုက်ရပါတယ်။ ဒု-တပ်မမှူးကိုယ်တိုင် ရှေ့တန်းမှာ သူ့ရဲ့  ပခုံးပေါ်က အပွင့်များကို ဆွဲဖြုတ်ပြီး ပစ်တင်ကာ ထွက်သွားတဲ့အထိ တင်းမာမှု ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။

အလားတူ နဝတ တက်လာပြီးနောက် ရန်ကုန်မြို့ လုံခြုံရေးဝင်နေတဲ့ တပ်မ (၂၂) ဟာ ကကကြည်းသို့ တိုက်ရိုက်ခွင့်တောင်းပြီး ၎င်းတပ်များကို လိုအပ်သလို ရွှေ့ပြောင်းခဲ့မှုအပေါ် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက မသိလိုက်လို့ တိုင်းမှူးနှင့် တပ်မမှူးတို့ ပဋိပက္ခဖြစ်ပွားခဲ့ရပါတယ်။ တိုင်းမှူးတွေဟာ ကကကြည်းနဲ့ တပ်မမှူးများ မသိလိုက်ရဘဲ နောက်တန်းမှာ ပြန်လည်စုဖွဲ့ အနားယူနေတဲ့ တပ်မလက်အောက်ခံ တပ်ရင်းများကို တိုင်းဧရိယာအတွင်းရှိ ရန်သူများအား တိုင်းလက်အောက်ခံတပ်များနဲ့ နိုင်အောင်မတိုက်နိုင်တိုင်း ဗိုလ်ကျကာ အတင်းဆွဲသုံးတာကိုလည်း တွေ့ရပါတယ်။

အဲဒီအခါမှာ တပ်ရင်းမှူးတွေဟာ တိုင်းမှူးက Promotion ရာထူးတိုးမြင့်ခွင့် ကိုင်ထားတဲ့အာဏာကို ကြောက်ရွံ့လို့ စိတ်မပါ့တပါနဲ့ တပ်မမှူးကို သတင်းမပို့တော့ဘဲ လုပ်ပေးလိုက်ရတာမျိုး ရှိခဲ့ပါတယ်။ အဲဒီလိုလုပ်ခဲ့ရလို့ တပ်မမှူးနှင့် တိုင်းမှူး ပဋိပက္ခဖြစ်တာ လည်း တွေ့ရပါတယ်။ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကကကြည်း မသိဘဲ တိုင်းမှူးတွေခိုင်းတိုင်း တပ်ရင်းမှူးတွေ လိုက်မလုပ်ဖို့ ပြောလာတဲ့အထိ တင်းမာမူကို ထိန်းခဲ့ရပါတယ်။

တပ်မမှူးတွေလည်း ယခင် မဆလခေတ်က တိုင်းမှူးဖြစ်လာမယ်လို့ ကြိမ်းသေမှန်းလို့ ရပေမယ့် ယနေ့ နအဖခေတ်မှာတော့ မသေချာတော့ဘဲ ဒု-ဝန်ကြီးရာထူးနဲ့သာ အဆင်မသင့်ရင် ချောင်ထိုးခံရတတ်ပါတယ်။ တိုးချဲ့လာတဲ့ တပ်မအရေအတွက် ဟာလည်း များပြားလာတာမို့ တပ်မမှူးအချင်းချင်း ပြိုင်ဆိုင်နေကြသလို ဒု-ချုပ်နဲ့တပ်ချုပ်ထံ ၎င်းတို့ရဲ့ ဇနီးသည်များကို မကြာခဏ စေလွှတ်ကာ လူကြီးသိအောင် “ဖား” နေရတာ အမောတကော ဖြစ်နေကြရပါတယ်။

တိုင်းမှူးတွေနဲ့ ဆက်ဆံရေးပြဿနာ နောက်တခုမှာ ဝန်ကြီးဌာနများနဲ့ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ မူဝါဒ စီမံကိန်းများနဲ့ တွက်ချက်ပြီး တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ ဦးစီးမှူးအရာရှိများကို ညွှန်ကြားကာ အကောင်အထည်ဖော်နေပေမယ့် တိုင်းမှူးတွေရဲ့ ဝင်ရောက်စွက်ဖက်မူကို မကြာခဏ ကြုံတွေ့နေရပါတယ်။ တိုင်းမှူးတွေဟာ ဝန်ကြီးဌာနတွေရဲ့ စီမံကိန်း ဖွံ့ဖြိုးတိုးတက်မူ ဆောင်ရွက်ရတာမျိုးနဲ့ ပညာရှင်တွေရဲ့ နည်းပညာတွေကို လုံးဝနားမလည်ဘဲ ဝင်ရောက် စီမံကွပ်ကဲနေတာမို့ တိုင်းနဲ့ ပြည်နယ်က ဝန်ထမ်းများစွာ စိတ်ညစ်ကာ အလုပ်ကထွက်တဲ့အထိ ဖြစ်ကြရပါတယ်။

တိုင်းမှူးတွေ လက်သုံးစကားတခုက “မင်းတို့ ဝန်ကြီးတွေဟာ ဌာနဆိုင်ရာ အကြီးအကဲသာ ဖြစ်တယ်၊ တိုင်းမှူးဖြစ်တဲ့ငါဟာ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းဖြစ်လို့ ငါဆုံးဖြတ်တာကို ဦးစားပေးရမယ်” လို့ ငေါက်ငမ်းခဲ့ပါတယ်။ တိုင်းမှူးတွေဟာ သူတို့ရဲ့သတင်းတွေကို TV နဲ့ သတင်းစာတွေမှာ ပါချင်ကြတာမို့ ဝန်ကြီးဌာနလက်အောက်ခံ စက်ရုံ၊ တံတား၊ ဆည်ဖွင့်ပွဲတွေမှာ ဖိတ်စာကို သူတို့ထံ ဂရုတစိုက် သွားရောက် ဖိတ်ကြားရပါတယ်။ ဖိတ်စာပေးဖို့ ပျက်ကွက်ခဲ့လို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟာ စက်ရုံမှူးတဦးကို ဖိအားပေး ဆူပူခဲ့တာ သိရပါတယ်။ တိုင်းမှူးတွေဟာ အမှန်တော့ သတင်းလာရင် ဖွင့်ကြည့်နေတဲ့ တပ်ချုပ်နဲ့ ဒု-ချုပ်တွေကို သူတို့အလုပ်တွေ ကြိုးစားလုပ်နေဟန် အမှတ်ယူတဲ့သဘော ပြချင်တာပဲ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးဖွဲ့မှူးဆိုတဲ့ ကစထမှူးတွေကတမှောင့်၊ ဝန်ကြီးဌာနတွေက အကောင်အထည်ဖော် ရတဲ့ စီမံကိန်းတွေ လမ်း၊ တံတား၊ စက်ရုံ၊ ဆည်တွေကို နအဖရုံးက စစ်ခိုင်းလို့စစ်ရာမှာ ဌာနဆိုင်ရာတွေကတော့ သူတို့တွေလာ ရင် “သတ်မှတ်ရက်ထက် ဆောလျင်စွာပြီးစီးဖို့၊ အရည်အသွေး ကောင်းမွန်ဖို့ဆိုတဲ့” “အပ်” ကြောင်းထပ်တဲ့ စကားလုံးတွေသာ ပြောနေလို့ စိတ်ညစ်နေရကြောင်း သိရပါတယ်။ လိုအပ်တာ ဖြည့်ဆည်းပေးဖို့ထက် ပြဿနာရှာဖို့၊ နားမလည်တာကို နားလည် လေဟန် ဆရာပဲ လုပ်တတ်တာမို့ ဌာနဆိုင်ရာတွေအနေနဲ့ စိတ်ညစ်ရတာ ဖြစ်ပါတယ်။ တခါတရံ တိုင်းမှူးရဲ့ အမှတ်ယူမယ့် စစ်ဆေးဖို့ လျာထားတဲ့ စီမံကိန်းလုပ်ကွက်တွေကို ကစထမှူးတွေက အမှတ်ယူကာ ဝင်ရောက် စွက်ဖက်စစ်ဆေးနေတာမို့ ကစထမှူးနဲ့ တိုင်းမှူးတချို့ဟာ မကျေလည်မှုတွေ ဖြစ်နေပါတယ်။

မှားယွင်းတဲ့ မူဝါဒတွေကြောင့် နိုင်ငံတော်မှာ ယိုယွင်းပျက်စီးနေတဲ့ သဘောသဘာဝကို နားလည်မှုရှိရှိ လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲဖို့ ထိပ်ပိုင်း စစ်အာဏာရှင်များက မကြိုးစားကြဘဲ အမိန့်နဲ့အာဏာကိုချည်း တဖက်သတ်သုံးစွဲနေလို့ လက်တွေ့ မှာ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်က တိုးတက်မှု သုံည အမှတ်မှာသာ ရှိပါကြောင်းနဲ့ တပ်တွင်းစည်းလုံးညီညွတ်မှုဟာ ၂၀၁၀ နောက်ပိုင်းမှာ အာဏာခွဲဝေမှု ပြဿနာနဲ့အတူ ပိုမိုဆိုးဝါးလာဖို့သာ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment