Wednesday, August 26, 2009

မြတ်သော ယုံကြည်ချက်အတွက် (အရှင်ဂမ္ဘီရသို့ အမှတ်တရ)

ဦးလင်း

"ကျုပ် ဘက်ကတော့ အားလုံးကို အနစ်နာခံ စွန့်လွှတ် ခဲ့ပြီး ပါပြီ။ အပြင်မှာ ရှိနေ ကြတဲ့ ဒကာ တော်ကြီး တွေအနေနဲ့ ကိုယ့်တာဝန် ကို ကိုယ်ကျေပွန်ဘို့ လိုတယ်"

အမတော်နှင့် တဆင့်ပါးလိုက်သည့် အကျဉ်းထောင်ထဲမှ ဆရာတော်အရှင်ဂမ္ဘီရ၏ အမှာစကား ဖြစ်သည်။ တချို့လူတွေ ကြား၏။ တချို့လူတွေ မကြား။ တချို့လူတွေ မကြားချင်။ တချို့ မကြားသယောင် ဟန်ဆောင်နေကြလေ၏။ ရိုးသားစွာ ဝန်ခံရလျှင် ထိုကဲ့သို့ ဟန်ဆောင်နေကြသူများထဲတွင် ကျနော် ထိပ်ဆုံးက ဖြစ်မည်ထင်သည်။

ဆရာတော်၏ အမှာစကားသည် ကျနော့်တသက် အနေရခက်၊ အသေရခက်စေတော့မည်မှာ အမှန်ပင်ဖြစ်သည်။ ကိုယ့်ကိုယ်ကို လိမ်လည်ရန် တကယ်မဖြစ်နိုင်။ ကိုယ်စောင့်နတ်တို့က ခဏခဏ ထုခြေလွှာ တက်နေကြသည်။ သစ္စာရှိမှ မိတ်ဆွေကောင်းဟေ့၊ တာဝန်သိမှ ပြည့်သားကောင်းဟေ့ ဟု တခါတခါ နားဝမှာ ဆန္ဒပြနေကြသည့် အသံများက ပြည့်လျှံနေပြန်၏။

ခက်ပလေကော။ လတ်တလော အခြေအနေတွင် ကျနော့်ဘဝသည် ပစ်ပြီးသည့် ကျည်ဆံခွံတတောင့်လို ဘာမှအသုံးမကျ။ ခြုံကြိုခြုံကြားထဲ မနေချင်သော်လည်း ပျော်စံနေရတာပဲ မဟုတ်ပါလား။ ဇရာကအို ပိုက်ကဆွေး၊ ခွေးကျိုးနဲ့ ယုံလိုက်၊ အမိုက်တရားတွေနဲ့ နိဗ္ဗာန်သွားချင်တဲ့ ကိုယ့်ဘဝကို တွေးရင်းငေးရင်း နှောင်းဖြစ်တွေကို စဉ်းစားနေမိသည်။

ကမ္ဘာကျော်သမိုင်းထဲက ရွှေဝါရောင် ပတ္တနိကုဇ္ဇနကံဆောင်သည့်ပွဲတွင် ကျနော့်ဘဝတသက် မမေ့ရက်နိုင်စရာ နေ့များထဲမှ အားနည်းချက်၊ အားသာချက်များကို ခြုံငုံသုံးသပ်ရင်း အတိတ်မှ မြင်ကွင်းများက အစီအရီ ပေါ်ထွက်ခဲ့ကြပြန်ပါပြီ။

အချိန်ကား ၂ဝဝ၇ ခု စက်တင်ဘာ ရွှေဝါရောင် သံဃလှုပ်ရှားမှုကြီးအပြီး အောက်တိုဘာလ။ မှတ်မှတ်ရရ သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါသည်။

ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်သည်နှင့် ဆရာတော်က တောတန်းလေးထဲမှ ထွက်လာပါသည်။ တက်ကြွလန်းဆန်းနေသည့် ဆရာတော်၏ အပြုံးများကို ဒကာတော်၏ အောင်မြင်မှုအပြုံးများဖြင့် ဆရာနှင့် ဒကာ မျက်စများ ခင်းလိုက်ကြရင်း နှုတ်ဆက်လိုက်ကြသည်။

ဆူးညောင့်ခလုတ်များသာမက သေနတ်ပြောင်းဝများကြားမှာ အောင်မြင်စွာ ရှောင်တိမ်းလှုပ်ရှားနေချိန်မို့ ဆရာနှင့် ဒကာ၏ အပြုံးများမှာ နူးညံ့သိမ်မွေ့သည်ထက်ပို၍ နက်ရှိင်းနေပါသည်။

နေရာက မန္တလေးမြို့မှအထွက် မေမြို့ကားလမ်းမကြီး၏ အရှေ့ဘက်။ ထုံးဘိုရွာအနီး။ အရှေ့ရိုးမကြီး၏ အစမှတ်တိုင်သဖွယ် တည်ရှိသည့် ထုံးကျောက်တောင်တန်းကြီး တလျှောက်အောက်က တောတန်းလေးတခုတွင် ဖြစ်ပါတယ်။ လူတထိုင်သာသာရှိသော စိုက်ခင်းတခု၏ အလယ်တွင် ဆရာနှင့် ဒကာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပါသည်။

ပတ်ဝန်းကျင်အနေအထားကို ဒကာက အကဲခတ်လိုက်တော့ ဆရာတော်က ‘‘အိုကေ .. ဒကာလင်း‘’ ဟု မိန့်လိုက်သည်။ ဒကာ၏ ညာဘက်ပခုံးမှ နက်ပြာရောင် ကြိုးဆွဲဂျင်းအိပ်လေးကို လျှောချလိုက်ပြီး ဆရာတော်အား ကပ်လှူလိုက်ပါ၏။ အဲဒီနောက် ဒေါနရောင် ဂျာကင်အင်္ကျီ အတွင်းအိပ်ထဲမှ ပစ္စည်းများကို ထုတ်ယူလိုက်ပြီး ဆက်လက်လှူဒါန်းလိုက်သည်နှင့် တပြိုင်နက် ပြင်းပြသည့် အာသီသများ ပြည့်ဝပြီမို့ ဆရာတော်၏ နှုတ်ခမ်းတော်အစုံက ဖုံးမရဖိမရ။ အပြုံးများ ဗလဝ ကြားက ‘‘ကျုပ် မရယ်ရတာ ကြာပြီဗျ။ အခု ဒကာကြီး လာမှပဲ ရယ်ရတေ့တယ်'' ဟု ဆိုကာ ချီးမွမ်းခန်း ဖွင့်ပါတော့သည်။

ပထမတခေါက်တုန်းက ယခုပစ္စည်းလေးများ ပါမလာ၍ ဆရာတော်၏ မျက်နှာတော် ညှိုးသွားသည်ကို ဒကာက စိတ်မကောင်း။ အခု ဒုတိယအခေါက်တွင် စွန့်စားခန်းများ တသီတတန်းကြီးကို ဖြတ်ကျော်၍ အောင်မြင်ခဲ့ပြီမို့ ကျေနပ်ပီတိဖြစ်နေရသည်။

နယ်စပ်မှသည် လမ်းတလျှောက် ထူထပ်လှသည့် ရှာဖွေစစ်ဆေးရေးဂိတ်များကို တခုပြီးတခု ကျော်ဖြတ်နိုင်ရန် homework အိမ်စာတွေကို အပြန်ပြန်အလှန်လှန် လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ရပါသည်။ အိနြေ္ဒမပျက်အောင် ဆောက်တည်နေရသည့် သမာဓိအားကို ထိန်းသိမ်းနိုင်ရန် ထွက်လေဝင်လေများကို ဂရုတစိုက် မှတ်သားနေခဲ့ရသလို တခါတလေမှာ ထိုးသုတ်တော့မည့် စွန်ရဲငှက်တအုပ်၏ မျက်စိအောက်က ဖားတကောင်လိုမျိုး ရင်တဖိုဖိုနှင့် အားတင်းနေရသည့် အဖြစ်များကိုလည်း ကြုံခဲ့ရပါသည်။ သို့သော် သဲထိတ်ရင်ဖို စွန့်စားခန်းများကို နေ့စဉ်ရက်ဆက် ဖြတ်သန်းနေခဲ့ရတာနှင့်အမျှ ထုသားပေသား ကျနေတာမျိုးလည်း ရှိပါသည်။

မှောင်ရည်ပျိုးစပြုလာပြီမို့ ဆရာနှင့် ဒကာ စိုက်ခင်းလေးထဲမှ ထွက်လာကြပါသည်။ သီတင်းကျွတ် လပြည့်ည၏ ဗွေဆော်ဦး အလင်းတန်းများကို တောင်တန်းကြီးက ကာဆီးပေးထားတာမို့ ပီတိဖြစ်မိသည်။ ယခုတလော အမှောင်ညများကို ဘဝအဖော်မွန်ပြုနေရသည် မဟုတ်ပါလား။

စိုက်ခင်းလေး ဆုံးသွားပြီးနောက် လှည်းလမ်းလေးကို ကျော်ဖြတ်ရသည်။ မကြာမီမှာပဲ ဆရာနှင့် ဒကာ တောင်ခြေရင်းကို ချဉ်းကပ်မြိကပါပြီ။ ဆရာတော်က ရှေ့ကဦးဆောင်၍ တောင်တက်လမ်းကို စတင်တက်လိုက်သည်။ လူအတက်အဆင်းများသောလမ်း ဖြစ်ဟန်တူ၏။ လမ်းတလျှောက် ကျောက်သားများက အမှောင်ထဲမှာပင် ဖြူဖွေးနေသည်။

ကျောက်စွယ်ကျောက်ငုတ်လေးများကို ခြေကုတ်ယူပြီး တက်နေရသည်မို့ ဟန်ချက်မပျက်အောင် ထိန်းနေရ၏။ စကားလုံးဝမပြောဘဲ ခြေဟန်လက်ဟန်များဖြင့်သာ ဆရာတော်က လမ်းပြပေးပါသည်။ တချို့နေရာများက မတ်စောက်သဖြင့် လေးဘက်ထောက်၍ တက်နေရသည်။ အသက်အရွယ်ကကြီးတော့ ထင်သလောက် ခရီးမပေါက်။ အသက်ရှူသံက ပြင်းလာသည်နှင့်အတူ ဇောချွေးများ စို့ထွက်လာနေ၏။ အတော်လေး ခရီးပေါက်ပြီမို့ လူသုံးလေးယောက်ထိုင်နိုင်သည့် ကျောက်ငူစွန်းတခုကို တွေ့သည်နှင့် ဆရာနှင့် ဒကာ ထိုင်လိုက်ကြပါတော့သည်။

စိတ်မအေးရသည့်ကြားထဲ လက်ယာနံဘေး ခြုံပုတ်ထဲမှ ‘‘ဝူး’‘ ကနဲအသံက ကြက်သီးများ ဖျန်းကနဲ ထသွားစေသည်။ တောဝက်လား၊ မျောက်သံလား မခွဲခြားတတ်။ အသံလာရာဘက်သို့ ဆရာနှင့် ဒကာ အာရုံစိုက်နေစဉ်မှာပင် ပြေးထွက်သွားသော အသံများကို ကြားလိုက်ရသည်။

သက်ပြင်းတချက်စီ ချလိုက်ပြီးနောက် အရှင်ဂမ္ဘီရက စကားစလိုက်သည်။ ‘‘အခုအခြေအနေတွေက ဘယ်လိုလဲ`‘

ဒကာတော်က အသေးစိတ်ရှင်းပြလိုက်သည်။ အရှင်ဘုရား၏ မျက်နှာပုံပန်းသဏ္ဌာန်နှင့် အရပ်အမောင်းကို အသေးစိတ် ဖော်ပြထားသည့် ဖမ်းဝရမ်းစာများသည် နယ်စပ်များအထိ ပြန့်နှံ့ရောက်ရှိနေပြီဖြစ်ကြောင်း။ မန္တလေးမြို့က ဆရာတော် အရှင်ပညာသီရီမှာ မုံရွာမြို့ အင်တာနက်ဆိုင်မှအထွက် အဖမ်းခံရကြောင်း။ သဟာယများက မှာကြားလိုက်သည့် သတင်းစကားများ အကြောင်းနှင့် ဒကာတော်၏ အခက်အခဲများကို ဝေဝေဆာဆာနှင့် ပြောကြားနေလို့ ကောင်းနေစဉ်မှာပင်။

''ဟာ .. ဒကာ ဒကာ ၊ ဟိုမှာ ဘာတွေလဲ၊ ကြည့်စမ်းပါအုံး''

ပြောပြောဆိုဆိုပင် ဆရာတော်၏ လက်ညှိုးညွန်ရာသို့ ကြည့်လိုက်ပါသည်။ တဖြည်းဖြည်းချင်း ရွေ့လျားလာနေသော မီးရောင်များ တသီတတန်းကြီးကို မြင်နေရ၏။ ထုံးဘိုရွာနှင့် မြစ်သားမြို့ကို ဖြတ်ဖောက်ထားသည့် ကားလမ်းမကြီးပေါ်က ဖြစ်သည်။

အပေါ်စီးမှ ကြည့်နေရသည်မို့ မြင်ကွင်းက ထင်ရှားလှပါသည်။ သို့သော် အခြေအနေများကို ဒကာက နားမလည်နိုင်ဖြစ်နေသည်မို့ ဆရာတော်က အသေးစိတ် ရှင်းပြပါသည်။ ဒီအနီးနားတဝိုက်တွင် ဆရာနှင့် ဒကာ ရှိနေသည်ဆိုတာကို နအဖ ထောက်လှမ်းရေးများ သိနေကြသည့်သဘော ရှိပါသည်။

ညပိုင်းအချိန်မတော် သန်းခေါင်းယံမှာ မီးတုတ်များကိုယ်စီ ကိုင်ဆောင်ထားကြသော ရှာဖွေရေး လူ ၅ဝ-၆ဝ ခန့်က တောနင်းပြီး ပိုက်စိတ်တိုက် ရှာဖွေနေကြသည်ဆိုသော သတင်းက ရရှိထားပြီးဖြစ်သည့်အကြောင်း။ သဘောက ထိုမီးတန်းကြီးကို သံသယရှိနေခြင်း ဖြစ်ပါသည်။ ထို့ကြောင့်လည်း မဟာဗျူဟာအရ ဒီတောင်တန်းကြီးအား နေရာယူထားခြင်းဖြစ်ကြောင်း ဒကာက သဘောပေါက်နားလည်လိုက်ပါပြီ။

ဆက်လက်ပြီး မကြာမီက ကြုံတွေ့ခဲ့ရသည့် စွန့်စားခန်းတခုကို ဆရာတော်က ပြောပြပါသည်။ ရှောင်ရင်းတိမ်းရင်း ညှပ်ပူးညှပ်ပိတ် အခြေအနေတခုမှ ဖောက်ထွက်ရင်း မတတ်သာသည့်အဆုံး ဆိုင်ကယ်ကို စွန့်ပစ်တားခဲ့ရသည့် အကြောင်း။

ဆူးခြုံများကိုပင် မရှောင်နိုင်တော့ဘဲ တိုးခွေ့ဖောက်ထွက်ပြီး ကိုယ်လွတ်ရုန်းခဲ့ရသည်မို့ တကိုယ်လုံးမှာ ဆူးငြောင့်ဒဏ်ရာများ ဗလပွ ရရှိခဲ့ကြောင်း။ အဲဒီအချိန်တုန်းက အဆက်မပြတ် ရွာသွန်းနေသည့် မိုးသီးမိုးပေါက်များ ကြားထဲက ယာတလင်းပြင်မှာပဲ တညအိပ်ပြီး နေခဲ့ရကြောင်း။ မငြီးမငြူ၊ မပူမပင် ရွှင်ရွှင်ပြပြ ပြောပြနေသည့် ဆရာတော်၏ အပြုံးပန်းများကို လရောင်အောက်တွင် အထင်အရှား မြင်နေရပါသည်။

ဆရာနှင့် ဒကာ စကားပြောကောင်းနေလိုက်ကြသည်မှာ လမင်းကြီးပင် မွန်းတည့်ပေတော့မည်။

သတိတချက်က နှိုးစက်ချထားသည့်နှယ် ပေါ်လာသည်မို့ ဆရာတော်ထံ ခွင့်ပန်လိုက်ပါသည်။ ‘‘တပည့်တော် ပဋ္ဌာန်းရွတ်ပါအုံးမယ်ဘုရား’’

ဒကာအကြောင်းကို ဆရာတော်က သိပြီးဖြစ်သည်။ ‘‘အိုကေ … အိုကေ။ ကျုပ် အပေါ်ဘက် ဆက်တက်လိုက်အုံးမယ်‘‘ ဟု ဆိုကာ ပြောပြောဆိုဆိုပင် ကြွသွားပါတော့သည်။

ဆောင်းဦးပေါက်စ မြောက်ပြန်လေအေးကို တဝကြီး ရှူရှိုက်လိုက်ပြီးနောက် ဘဝအမေများကို ဖြေလျှော့လိုက်ရင်း အဝေးက မြင်ကွင်းကြီးတခုလုံးကို သတိပြုမိလိုက်သည်။ သန်းကောင်ယံ လပြည့်ညက သဘာဝအလှကို အားဖြည့်ပေးထား၏။ စစ်ကိုင်းတောင်ရိုးကြီးပေါ်မှ လျှပ်စစ်ရောင်စုံမီးများက ပန်းဆိုင်ပန်းခက်များသဖွယ် ကောင်းကင်ယံမှ ကြယ်စင်များနှင့် အလှချင်း ပြိုင်နေကြသည်။ မှုန်ဝါးဝါး ဧရာဝတီမြစ်ရေပြင်ကြီးနှင့်အတူ မန္တလေးမြို့ တခွင်တပြင်မှ ပြည့်လျှံနေသည့် မီးရောင်စုံများက ဆတပိုးအလှတိုးနေသည်။

တိတ်ဆိတ်ငြိမ်သက်လှသည့် လောကဓာတ်ကြီးတခုလုံးအား မေတ္တာဖြင့် လွှမ်းခြုံနိုင်ရန် ကြိုးစားအားထုတ်လိုက်ပြီးနောက် ‘‘ဂုဏ်တော် ၉ ပါးအား အနုလုံ ပဋိလုံ ပွားများလိုက်ပြီး တဆက်တည်း သမန္တာစက္ကဝါဠေသုဖြင့် အစချီကာ စိတ်မှာညွတ်၍ နတ်ဗြဟ္မာအပေါင်းတို့အား ဖိတ်ကြားခြင်း ပြုပါသည်။ ၎င်းနောက် ၂၄ ပစ္စည်း ရွတ်ဆိုပြီး ပဋ္ဌာန်းလတ်ဒေသနာမြတ်အား မပြတ်ရွတ်ဖတ် ပူဇော်ခဲ့ရသည်မှာ ထူးမြတ်လှပါဘိ၏။

ထို့နောက် ပုဗ္ဗာဏှသုတ်တော်။ ၎င်းနောက် မေတ္တာသုတ်နှင့် ဗောဇ္ဈင်င်္ဂသုတ်တို့အား ဆက်တိုက် ရွတ်ဖတ်ပူဇော်ပြီးနောက် ကုသိုလ်အမျှ ပေးဝေငှလိုက်ပါတော့သည်။ မကြာခင်မှာပဲ တောင်ထိပ်ပေါ်ဆီမှ ဆရာတော် ဆင်းလာပြီး ဒကာတော်၏ နံဘေးမှာ ယှဉ်ထိုင်လိုက်သည်။ ၎င်းနောက် ဆက်တယ်လိုက် ဖုန်းပေါ်သို့ သူ၏ လက်ချောင်းများက လှုပ်ရှား၍ နေပါလေတော့၏။ သတင်းဌာနပေါင်းစုံ စုံနေတာပါပဲ။ ပြီးတော့ အမြို့မြို့ အနယ်နယ်က သဟာယတွေကိုလည်း မှာကြားနေလိုက်ပါသေးသည်။ ပြောရင်းပြောရင်း အသံရှိန်များ မြင့်မြင့်လာသည်မို့ လက်တို့ပြီး သတိပေးနေရသည်။ အပြန်အလှန် စကားသံများကို နားထောင်ရင်း အခြေအနေများကို သုံးသပ်လိုက်ပြီးသည့်နောက် ဆုံးဖြတ်ချက်တခု ချလိုက်ကြသည်။

မူလအစီအစဉ်တခုကို ဖျက်လိုက်ရမည်ဖြစ်ပြီး မနက်မလင်းခင် ဒကာတော်ကိုယ်တိုင်ပဲ မဟာရန်ကုန်ကို ချက်ချင်း ပြန်ဆင်းရတော့မည်ဖြစ်သည်။ ထုံးစံအတိုင်း နောက်တခါ ပြန်ဆုံရမည့်နေရာ။ ဆက်သွယ်ရမည့်အချိန်နှင့် သုံးစွဲရမည့် စကားဝှက်များကို ပြန်လည်ပြင်ဆင် သတ်မှတ်ကြပါသည်။ ပိုမိုသေချာစေရန် အပြန်အလှန် အမေးအဖြေ လေ့ကျင့်ခန်းများ လုပ်ရသည်။ ထို့နောက် ရန်ကုန်ရောက်လျှင် ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်တခုကို ဆရာတော်က ပေးလိုက်သည်နှင့် ဒကာက အဆင်သင့်ပါလာသည့် ‘မြတ်ဗုဒ္ဓ၏ ပါဝစနအဘိဓာန်’‘ စာအုပ်၏ စာမျက်နှာ ၉ဝ ၌ တောင်ပေါ်က ဆင်းကြဖို့ ပြင်ဆင်ကြသည်။ အတက်တုန်းက ခက်ခဲသလို အဆင်းကျတော့လည်း သိပ်မလွယ်ကူလှပေ။ တောင်ခြေသို့ ရောက်သည်နှင့် တပြိုင်နက် ဒကာက ဆိုင်ကယ်ပေါ်တက်လိုက်သည်။ တဦးနှင့် တဦး အပြန်အလှန် နှုတ်ဆက်လိုက်ကြပြီးနောက် လက်မနှစ်ချောင်းကို စင်ပြိုင်ထောင်ကာ တချောင်းနှင့် တချောင်း သစ္စာပြုလိုက်ကြပါတော့၏။

မြတ်သော ယုံကြည်ချက်ဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံနေရသည့် အကျဉ်းထောင်အတွင်းမှ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး၏ ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား ဤဆောင်းပါးဖြင့် ဦးညွှတ်ပါ၏။

မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ မိုးထက်လျှံမှ
အဓမ္မကို အောင်နိုင်မယ်။
မိစ္ဆာတွေဘေးက ဝေးကြမယ်။

No comments:

Post a Comment