Thursday, August 27, 2009

ဤခရီး မနီးသေး (ဒုတိယပိုင်း)

အာကာ

တဲရှင်က ထမင်းဟင်း ချက်ရင်း ကျနော်တို့ ကို အသေးစိတ် ပြောပြ သည်။ ကျနော်တို့က ပါလာသည့် ထိုင်းစပါးနှံ အရက်ဖြူကို ဖြည်းဖြည်းချင်း သောက်ရင်း နားစွင့် နေမိသည်။ တစ်ခါတစ်ရံ အိမ်ရှေ့ တဲဘက်သို့ ငဲ့ပြီး မျှော်ကြည့် မိသည်။ တဲအောက်မှ ထင်းတုံး မီးပုံကို တွေ့ရသည်။ အနွေး ဓာတ်ရရန် နှင့် မီးပုံမှ ထွက်လာသည့် မီးခိုးဖြင့် ခြင်ကို ပြေးစေရန် ဖြစ် သည်။ တဲပေါ်၌ကား ရေနံဆီ မီးခွက်တစ်လုံး ဖြင့် ထမင်းစား နေကြသည်။

ငါးဟင်း ကျက်ပြီဖြစ်၍ ဟင်းတစ်ခွက် ခူးခပ်ကာ ၄င်းတဲသို့ ပို့လိုက်သည်။ ကျနော်တို့က ထမင်း မစားနိုင်သေး။ စစ်ပြေးဒုက္ခ သည် များ အကြောင်း၊ လူသားချင်း စာနာ ထောက်ထားသည့်စိတ် မွေးမြူ တတ်ရန်လိုကြောင်း ဆွေးနွေး ဖြစ်ကြသည်။ နောက်တော့ တိုင်ပင်ကြ သည်။ ကျနော်တို့ အပြန် ခရီး၌ ဤမိသားစုအတွက် ဆေးဖိုးဝါးခနှင့် အသုံးစရိတ်အနည်းငယ် ထောက်ပံ့ရန် ဆုံးဖြတ်ကြသည်။


ခဏအကြာတွင် ဤမိသားစုမှ ဝေဒနာသည် ယောင်္ကျားက လက်ဘက် ရည်ခွက်တစ်လုံးဖြင့် ကျနော်တို့ထံ ဖြေးဖြေးချင်း လျှောက်လာသည်။ အဖျားဖြတ်ရန်အတွက် အရက်တစ်ခွက် လာတောင်းသည်။ ငှဲ့ပေး လိုက်သည်။ ငရုပ်ကောင်းကိုထောင်းပြီး အရက်နှင့်ရောသောက်ရန်ဟု ၄င်းက ပြောသည်။

× × ×

နံနက်စောစောထကြသည်။ တဲရှင်က ဟင်းနွှေးပြီး ထမင်းကြော်သည်။ ထမင်းကြမ်း စားကြသည်။ တဲရှင်က မျှစ်ရှာထွက်ပြန်သည်။ ကျနော်တို့ လည်း အထုပ်အပိုးပြင်ဆင်ပြီး ခရီးဆက်ရန် ပြင်ဆင်ကြသည်။ ထမင်းအိုး ဝက် ဟင်းအိုးဝက်ကျော် ကျန်သည်ကို ကြမ်းခိုးပေါ်တင်ပြီး ၄င်းတို့ မိသားစုအား ယူစားရန် မှာခဲ့သည်။

“ဘာတွေ မှာချင်လဲ” ဟု ကျနော်က မေးသည်။ “တခြားဘာမှ မမှာချင်ပါ ဘူးကွယ်၊ သောက်ဆေးပဲ လိုချင်တယ်” ဟု ဝေဒနာ သည်ယောက်ျားက ပြောသည်။

ကျနော်တို့ ခရီးဆက်ကြသည်။ ချောင်းကျယ်ကို ဖြတ်ကြသည်။ ရေစီးအား သန်ပြီး မျောပါမသွားရန် ကုပ်ကပ် ဖြတ်ကြရသည်။ နာရီဝက်သာသာ လျှောက်ပြီး တောင်အိုတောင်ခြေသို့ ရောက်သည်။

နွေရာသီပြေးဆွဲသော ကားလမ်းအတိုင်း ကျနော်တို့ လျှောက်ကြသည်။ တောင်အိုကား ဤပတ်ဝန်းကျင် တဝိုက်တွင် အမြင့်ဆုံးတောင်၊ ခရီးအ ရှည်လျားဆုံးတောင်၊ ငှက်ဖျားအပေါဆုံးတောဟု နာမည်ကြီးသည်။ လွန်ခဲ့ သည့် (၁၅) နှစ်ခန့်ကထိ ခြေလျင်လမ်းတစ်ခုတည်းသာ ရှိခဲ့သည်။ ထိုင်းနိုင် ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများ၊ ကျွဲနွားတင်ပို့ ရောင်း ချသူများ ဤလမ်းကို အားကိုးခဲ့ကြသည်။ ဤလမ်း ဤတောင်သို့ ဖြတ်လျှောက်ဘူး သူတိုင်း ငှက်ဖျားမိတတ်ကြသည်။ သေဆုံးသူတို့ကိုကား မရေမတွက်နိုင်။ တောင်အိုငှက်ဖျားဆိုလျှင် ကြားသူတိုင်း ကြောက်ကြသည်။

အရှေ့ဘက်တောင်ခြေမှ အနောက်ဘက်တောင်ခြေသို့ (၃) နာရီခွဲ (၄) နာရီခရီး လျှောက်ရသည်။ နွေရာသီကားလမ်း မဖောက်လုပ်မီက ဤ တောင်အိုမှာ တစ်နေ့တာခရီး ဖြစ်သည်။ မွန်ပြည်သစ်ပါတီက ထိန်းသိမ်း ထားသည်။ မည်သူတစ်ဦးတစ်ယောက်မှ တောင်ယာမခုတ်ရ။ သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိန်းသိမ်းရန်အတွက်ဟု ဆိုသည်။ ကြို့ဝိုင်းတော မဟုတ်။

× × ×

သုံးလေးရက်ခန့် ကြာပြီးနောက် တဲသုံးလုံးသို့ ကျနော်တို့ ပြန်ရောက်လာ သည်။ ယခင်တဲမှာပင် ပြန်ပြီးတည်းကြသည်။ တဲရှင်မရှိ။ လူနာအတွက် သောက်ဆေးလည်း ပါလာသည်။ သို့သော်……..အရှေ့တဲက တစ် ယောက်မှ မရှိတော့။
ယခင်နေ့က ကျနော်တို့ကို မြင်လျှင် ခလေးငယ်သုံးလေးဦး စုလာတတ်ကြ သည်။ ယနေ့ကား အရှေ့တဲမှ ကလေးများ မရှိတော့။ နဘေးတဲမှ ကလေး တစ်ဦးသာ ရောက်လာသည်။ မုန့်တစ်ခု ထုတ်ပေးသည်။

“သမီး ဒီအရှေ့တဲက ဘယ်သွားကြသလဲ သမီး” ဟူသော အဓိပ္ပါယ်ကို မွန်ဘာသာဖြင့် မေးလိုက်သည်။ ကလေးက ဘာမှပြန်မဖြေ။ ငေးကြည့် နေသည်။ တရွေ့ရွေ့လျှောက်ရင်း ပြန်သွားသည်။ သိလိုဇောနဲ့ နဘေးတဲကို ကျနော်တို့ မေးကြည့်မိသည်။

ကြားရသည့်စကားက နားထဲဆီပူလောင်ထည့်သလို ခံစားလိုက်ရသည်။ ခံပြင်းစရာလည်း ကောင်းသည်။ “မနေ့ကပဲ သွေးအန်ပြီး ခလောက်ခနီ ဆေးရုံကို တင်ထားရတယ်။ သူ့မိန်းမကလည်း သွေးနုသားနုနဲ့ ဆေးရုံကို တက်သွားတာပဲ” ဤဇနီးမယား ဤခလေးများအတွက် တဲသုံးလုံးမှ ခ လောက်ခနီဆေးရုံသို့ သွားရာလမ်းကား ဆူးငြှောင့် ခလုတ်များဖြင့် ရောပြွန်းနေသည့် ခရောင်းလမ်းပင်တည်း။

ကျနော်တို့ မှာလည်း တာဝန်မကျေသလို ခံစားလိုက်ရသည်။ အရောက် နောက်ကျသည့်အတွက် ခံပြင်းမိသည်။ တဲသုံးလုံးစခန်းမှ ထွက်ခဲ့ပြန်သည်။ မှောင်ရီပြိုးစအချိန်တွင် ခလောက်ခနီရွာသို့ ရောက်သည်။

× × ×

ညပိုင်းရေဒီယို အသံလွှင့်အစီအစဉ်များကို ကျနော်တို့ နားထောင်နေမိ သည်။ စစ်အစိုး၏ ၂၀၀၈ ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေး ကောက်ပွဲသတင်း၊ နယ်ခြားစောင့်တပ်ပြဿနာနှင့် ၂၁ နှစ်ပြည့် ရှစ်လေး လုံးအရေးတော်ပုံ သတင်းတို့က ပလူပျံနေသည်။

၈၈ ကျောင်းသားဟောင်းများက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကို အရ ယူမည်ဟု အဝေးက အော်နေကြသည်။ ဒီမိုကရေစီ တော်လှန်ရေး စိတ် ဓါတ်အပြည့်ဖြင့် ရှစ်လေးလုံးမှတ်တိုင်မှ တာထွက်ခဲ့သည့် တော်လှန်ရေး ကျောင်းသား ရဲဘော်များသည်လည်း ဤတော်လှန်ရေးမှ ပေါ်ပေါက် လာသည့် အသီးအပွင့်၏ အရသာကို ခံစားရင်း သာယာယစ်မူးနေကြပြီ ဟူသော ဝေဖန်သံများကလည်း မစဲ။

ဒီမိုကရေစီအတွက် တိုင်ပွဲဝင်ရင်း ဒီမိုကရေစီနိုင်ငံသစ်သို့ ရောက်ခဲ့သူများ လည်း မနည်း။
၁၉၈၈ မှတ်တိုင်မှ ၂၀၀၉ မှတ်တိုင်သို့ ရောက်ခဲ့ပါပြီ။ မှတ်တိုင် (၂၀) ကျော် ဖြတ်လာခဲ့ရသည်။ ခရီးဆုံးပန်းတိုင်ကား ဝေဝါးနေဆဲ။

× × ×

ဤရွာကလေးမှ ခွဲရတော့မည်။ အရာရာတိုင်းသည်လည်း အာရုံ၌ ဝေဝါး နေသည်။ သဲသဲကွဲကွဲမရှိ။ သူတို့ သူတို့၏ ဒုက္ခများ။ ရင်လေးစရာကောင်း လှသည်။

သူတို့ လျှောက်လှမ်းရမည့် ခရီးများ။ သူတို့၏ အနာဂတ်များ တစ်ခုမှ ရေရေရာရာ မရှိ။

ဒီမိုကရေစီတော်လှန်ရေး ခရီးဆုံးပန်းတိုင်ကလည်း

၁၉၈၈မှ …………………………၂၀၀၉၊ ၂၀၁၀…………၊
၁မှ ………………………………၂၁၊ ၂၂…………………၊
၂၀ ရာစုမှ ၂၁ ရာစု……………………………………….၊
ကျနော်တို့၏ ခရီးကား နီးလှ၏။ (၅) ရက်သာ၊
စစ်ပြေးဒုက္ခသည် သူတို့၏ ခရီးကား မနီးသေး။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပန်းတိုင်ကား ဝေး။
ဤခရီး မနီးသေး။


No comments:

Post a Comment