Sunday, August 30, 2009

တို့မန္တလေးမြို့ကြီးရဲ့ ပတ်လည်တခို

လွင်ကို

မန္တလေး နန်းတော်ကြီးရဲ့ အပြင်ဘက် ကျုးံပတ်ပတ်လည်မှာ မနက် ဝေလီ ဝေလင်း အချိန် ကျန်းမာရေး လေ့ကျင့်ခန်း ပြုလုပ်နေတဲ့ လူတွေထဲ မြန်မာ လူမျိုးကို ရှာမ တွေ့နိုင် လောက်အောင် ပါပဲ။

“ကျုပ် ပြန်လာတာ မြန်မာ အငွေ့ အသက်တွေ၊ ယဉ်ကျေး မှုတွေ စုစည်း ထားတဲ့ မန္တလေးမြို့ပါ၊ ဘယ်လို ကြောင့် တရုတ်ပြည် ရောက် နေ တာလဲ” လို့ မန္တလေးမြို့ကနေ နှစ် ၂၀ နီးပါး ထွက်ခွာ သွားပြီး ပြန်လည် ရောက်ရှိ လာသူ ဒေသခံ ဦးအောင်ကြည်က အံ့သြတကြီး ရေရွတ်တယ်။ အခုဆိုရင် ဝ၊ ရှမ်း၊ ကိုးကန့် နဲ့ တခြား တိုင်းရင်းသား အမည်ခံ ထားတဲ့ တရုတ် လူမျိုး တွေဟာ မန္တလေးမြို့နဲ့ အပြည့် ဖြစ်နေပါတယ်။

မင်းတုန်းမင်း စတင် တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၁၅၀ ကြာ တည်ရှိခဲ့တဲ့ မန္တလေးမြို့မှာ လူဦးရေ တသန်း နီးပါး ရှိနေပေမယ့် ဗမာလူမျိုး ဒေသခံ တွေကတော့ တရုတ်လူမျိုး တွေရဲ့ တဝက် တောင်မကျန် တော့တာ မြင်ကွင်း တွေက သက်သေ ပြနေတယ်။

မန္တလေးမြို့လယ်ခေါင်မှာ တရုတ်တွေသာ နေနိုင်ကြပြီး မြို့လယ်မှာ နေခဲ့ကြတဲ့ ဒေသခံတွေကတော့ မြို့ပြင်ကို ထွက်ခဲ့ကြရပါတယ်။


“အိမ်တွေကို ပါးစပ်က ခေါ်ဈေးအတိုင်းနဲ့ လုံးဝ ဈေးမဆစ်ဘဲ ၀ယ်တော့ ကျမတို့က ရောင်းတယ်။ သူ့ အိမ်လည်းရောင်း၊ ကိုယ့်အိမ်လည်းရောင်းနဲ့ တဖြည်းဖြည်း တရုတ်တွေ လက်ထဲ အိမ်တွေ အကုန် ရောက် ကုန်တာပဲ” လို့ မန္တလေး ပြည်ကြီးတံခွန်ရပ်နေ ဒေသခံတဦးက ပြောတယ်။

လက်ရှိ မန္တလေးမှာ နေထိုင်ကြတဲ့ တရုတ်လူမျိုးတွေထဲက တော်တော်များများဟာ သူတို့ရဲ့ ဒေသရင်းနိုင်ငံဖြစ်တဲ့ တရုတ်ပြည်မှာတော့ ဒုတိယတန်းစား၊ တတိယ တန်းစားအဆင့်သာ နေရာရသူတွေဖြစ်ပြီး မန္တလေးမှာတော့ လူချမ်းသာ စာရင်းဝင် တွေ ဖြစ်နေပါတယ်။ သူတို့တွေဟာ မြို့လယ်မှာ နေရာယူနေထိုင်ရုံမကဘဲ ဒေသခံတွေရဲ့ စီးပွားရေးတွေကိုပါ ၀င်ရောက်လုပ်ကိုင် လာကြပါတယ်။

“သူတို့မှာရှိတဲ့ငွေနဲ့ တရုတ်ပြည်မှာ ဘာမှ လုပ်စားလို့မရ နိုင်ပေမယ့် ဒီမှာကျတော့ စီးပွားရေး တခု လုပ်နိုင်တဲ့ အပြင် လူတန်းစေ့လည်း နေနိုင်တယ်လေ” လို့ ဒေသခံ ကုန်သည် တဦးက ဆိုတယ်။

မြန်မာနိုင်ငံမှာ တရုတ်ငွေ တယွမ်ကို ၆၀ ကျပ် တန်ဖိုးရှိတဲ့အတွက် ဒီလို ငွေကြေး ကွာဟမှုကလည်း မန္တလေးက စီးပွားရေး လုပ်ငန်းတွေထဲကို အလွယ်တကူ ၀င်ရောက်နိုင်တဲ့ အကြောင်းရင်း ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေဖြစ်တဲ့ ကုန်သည်လုပ်ငန်း၊ ကျောက်စိမ်း အရောင်းအဝယ် စတဲ့ လုပ်ငန်းကြီးတွေအပြင် အသေးစားလုပ်ငန်းတွေ ထဲမှာပါ တရုတ်တွေ ပါဝင် လုပ်ကိုင်နေတာ မန္တလေးမြို့ကို တပတ်လောက် ပတ်ကြည့်လိုက်ရင် တွေ့ရမှာပါ။

“မန္တလေး ရောက်တုန်း ထမင်းဆီဆမ်း စားဖို့ မနည်းရှာရတယ်။ တရုတ်တွေဖွင့်ထားတဲ့ ဆိုင်တွေချည်းပဲဗျာ။ သူတို့ အစားအစာ တွေကိုတော့ အစုံ စားနိုင်တယ်” လို့ ဦးအောင်ကြည်က ဆိုတယ်။

တချိန်က ကျုံးဘေးပတ်လည်မှာ ညနေခင်း စက်ဘီးကိုယ်စီနဲ့ မန္တလာသူတွေက မြို့ရဲ့ အလှကို အယဉ် ဆင့်ပေးသလို ဖြစ်ခဲ့ပေမယ့် ခုအချိန်မှာတော့ မော်တော် ဆိုင်ကယ် တ၀ီဝီ မောင်းနေတဲ့ တရုတ်လေးတွေကိုပဲ နေရာတိုင်း မြင်နေရတယ်။

အရင်က မန္တလေးတမြို့လုံးအတွက် အဓိကအလုပ် တခုလို ဖြစ်နေတဲ့ မဟာအောင်မြေမြို့နယ် အတွင်းက ကျောက်စိမ်းဈေးကွက်နဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေကြောင့် မန္တလေးမြို့ကို တရုတ် ခရီးသွား ဧည့်သည် အမြောက်အမြား ရောက်လာကြပြီး နောက်ပိုင်းမှာတော့ ဧည့်သည်ကနေ အိမ်ရှင်တွေလို ဖြစ်လာကြတာလို့ ဒေသခံတွေက ဆိုတယ်။

တရုတ်နိုင်ငံသားတွေ မန္တလေးမှာ တရားဝင်အခြေချနိုင်ရခြင်း အကြောင်းရင်းကတော့ အာဏာပိုင် အဆင့်ဆင့် အနေနဲ့ ငွေကြေးရယူပြီး နိုင်ငံသားစိစစ်ရေး ကတ်တွေ ထုတ်ပေးခဲ့တာကြောင့်ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။


“တရုတ်တွေက မန္တလေးမှာမြန်မာ မှတ်ပုံတင်ကို လွယ်လွယ် ကိုင်နေကြတယ်၊ နိုင်ငံသား စိစစ်ရေးကတ်တွေကို လူဝင်မှုကြီးကြပ်ရေး (လဝက) က သူတို့ကိုတော့ အလွယ်ထုတ်ပေးတယ်။ ပိုက်ဆံပေးရင် ရနေတာပေါ့” လို့ သူက ဆိုတယ်။

ဘုရင် မင်းအဆက်ဆက်ရဲ့ အမွေအနှစ်များစွာ ကျန်ရှိနေသေးတဲ့ မြန်မာနိုင်ငံ အထက်ပိုင်းက မန္တလေးမြို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုအတွင်းမှာပဲ နေထိုင်တဲ့လူမျိုး၊ နေထိုင်သူတွေရဲ့ လူမှုအဆင့်အတန်းနဲ့ ရိုးရာ ယဉ်ကျေးမှု တွေ ပြောင်းလဲ သွားလို့ အံ့သြမိတယ်လို့ ရွှေရေးဆောင်ကျောင်းတိုက် ဆရာတော် ဦးဥတ္တမက မိန့်ကြားပါတယ်။

“တရုတ်တွေက အရာရာကို ချယ်လှယ်နေလိုက်တာ၊ ကျောက်စိမ်းတန်းမှာလည်း သူတို့၊ ဈေးချိုမှာလည်း သူတို့၊ ကျမတို့ လုပ်စားစရာကို မကျန်တော့ဘူး” လို့ ဈေးချိုက အထည်ဆိုင်ပိုင်ရှင် တဦးက ပြောတယ်။

ရှေးရိုးဆန်လှတဲ့ ဈေးချိုကြီးထဲမှာ တရုတ်လူမျိုးတွေ ၀င်ရောက်လုပ်ကိုင် လာမှုကြောင့် ဈေးချိုရဲ့ပုံစံ၊ အရောင်း ၀ယ်၊ ဆက်ဆံရေး၊ ၀တ်စားဆင်ယင်ပုံတွေမှာ ရိုးသားပွင့်လင်းတဲ့ အညာသူအညာသားတွေရဲ့ ပုံရိပ်တွေ မမြင်ရ သလောက်ကို ဖြစ်လာပါပြီ။

ရတနာပုံ ဈေးကြီးဟာလည်း ၂၀၀၈ မီးမလောင်ခင်က တရုတ်ငွေနဲ့ ဗမာငွေလဲလှယ်တဲ့ ဈေးကွက် တခု ဖြစ်ခဲ့ပါတယ်။

အရင်မန္တလေး ညဈေးတန်းနေရာထက် ခုချိန်မှာတော့ နယ်စပ်ဒေသက အစားအသောက်၊ အသီးအနှံ တွေရောင်းချနေတဲ့ ၇၇ လမ်းက ညဈေးတန်းက ပိုလို့ ဈေးကွက်ဖြစ်လာတာကို တွေ့ရတယ်။

ကျောက်ဆည်မြို့နယ်ကို ပြောင်းရွှေ့လိုက်တဲ့ AAA ဘိလပ်မြေ စက်ရုံနဲ့ ကျားခေါင်း ဘိလပ်မြေစက်ရုံ တွေဟာလည်း မြန်မာနိုင်ငံသားပိုင် လို့သာ နာမည်တပ်ထားပေမယ့် တကယ်တော့ စက်ရုံပိုင်ရှင်တွေက တရုတ်လူမျိုးတွေပါလို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်သူ တဦးက ဆိုတယ်။

ရှေးမြန်မာဘုရင်တွေ နန်းစံခဲ့တဲ့ မန္တလေးမှာ တရုတ်လူမျိုးတွေရဲ့ အနေအထိုင်၊ အပြုအမူနဲ့ ၀တ်စားဆင်ယင် မှုတွေ လွှမ်းမိုးလာတာကြောင့် နောင်လာမယ့် အနာဂတ်မှာ ယဉ်ကျေးမှု အမွေ အနှစ်တွေ ပပျောက်သွားမှာ စိုးရိမ်ရ တယ်လို့ ဦးအောင်ကြည်က ပြောပါတယ်။


No comments:

Post a Comment