Saturday, August 1, 2009

၁၀ နှစ်အောက်ကလေးငယ်နှစ်ဦး မိုင်းနင်းမိသေဆုံး

နှောင်းလှိုင်/ သြဂုတ် ၁၊ ၂၀၀၉

လျှပ်စစ်တာဝါတိုင် လုံခြုံရေးအတွက် မြန်မာစစ်အစိုးရ ထောင်ထားသော မိုင်းအား ဒီမောဆိုမြို့နယ် ထီးလသူးခို ရွာမှ အသက် ၁၀ နှစ် အောက် ကလေးငယ်နှစ်ဦး မိုင်းနင်းမိ၍ သေဆုံးခဲ့သည်ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

စားဝတ်နေရေး အခက်အခဲများကြောင့် ကျောင်းနေခြင်းမရှိသော အသက် ၈ နှစ်အရွယ်နှင့် ၉ နှစ်အရွယ် ကလေးငယ်နှစ်ဦးသည် ရွာနှင့် မိုင်ဝက်ခန့် ကွာဝေးသော တာဝါတိုင်အနီး နွားကျောင်းစဉ် မိုင်းနင်းကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါသည်။

“နည်းနည်းလေး ငယ်တဲ့ တယောက်က ဗိုက်ဖက်မှာပေါ့ ရင်ဘတ်တွေနဲ့ ဗိုက်တခြမ်းလုံး ပွင့်ထွက်သွားတာပဲ တယောက်ကတော့ မျက်နှာ လုံးဝရစရာ မရှိတော့ဘူး”ဟု မျက်မြင်တွေ့ရှိသူတဦးက ပြောသည်။

သက်ဆိုင်ရာ အာဏာပိုင်များကို ဒေသခံ ရွာသူ/သားများ၊ ကျွဲ၊ နွားတိရိစ္ဆာန်များအနေဖြင့် မိုင်းနင်းမိ၍ တိုင်ကြား မည်ဆိုပါက မိုင်းဖျက်ဆီးမှုဖြင့် မိုင်း၏တန်ဖိုးကို ပေးဆောင်ရမည်ဟု စစ်တပ်မှ အမိန့်ချမှတ်ထားကာ ဇွန်လ ၄ ရက်နေ့တွင် ဖြစ်ပွားသော ကလေးနှစ်ဦးသေဆုံးမှုကို မည်သူမျှ တိုင်ကြားခြင်း မပြုလုပ်ရဲဟု သတင်းရရှိပါသည်။

“အဲဒီဘက်က ရှိတဲ့ ရပ်မိရပ်ဖတွေရော နောက်ကျေးရွာရဲ့ သူကြီးတွေရော အဲဒါ သူတို့ ဘာမှ မတိုင်ကြားရဲဘူး တိုင်လို့ရှိရင် အဲဒီကွဲတဲ့ မိုင်းကို သူတို့ ပြန်လျှော်ပေးရမှာပေါ့” ဟု ဒေသခံ ကရင်နီ လူငယ်တဦး ကပြောပါသည်။

လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ၀င်ရောက်ဖြိုခွဲဖျက်းဆီးမည်ကို စိုးရိမ်သောကြောင့် လျှပ်စစ် ဓါတ်တိုင်အနီးအနားတွင် မိုင်းများထောင်ထားရခြင်းဖြစ်သည်ဟု ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မ ဌာန သတင်းတာဝန်ခံ ခူဂေက ပြောသည်။

၎င်းက “ဟိုးအရင်တုန်းကဆို သူတို့ မိုင်းတွေ ထောင်ပြီးမှ ခြံစည်းရိုးတွေကာ၊ ခြံစည်းရိုးတွေ သူတို့ ပြည်သူတွေဘဲ ကာခိုင်းတာလေ၊ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ အဲလိုမျိုး ခြံစည်းရိုးတွေ ပျက်သွားခါကျတော့ ဒီနွားတွေက မသိဘူးလေ၊ နွားတွေမသိတော့ သူတို့ အဲမှာ မြက်တွေဘာတွေ ကောင်းရင်တော့ သူတို့ ၀င်စားတာပေါ့နော်၊ ၀င်စားတော့ မိုင်းနင်းမိတဲ့ သဘောမျိုးပေါ့" ဟုပြောသည်။

ထို့အပြင် Burma Issue (မြန်မာ့အရေး) အဖွဲ့မှ အစီအစဉ်ရေးဆွဲရေး ကော်မတီဝင် ခူးတော်ပိုးက “သူတို့ ဓါတ်တိုင်အောက်မှာ ထောင်ထားတဲ့မိုင်းက အသိပေးတာ မပေးတာတော့ လူတွေ အကုန်လုံးသိတယ် ရှိတယ် ဆိုတာ” ဟုပြောကြားသွားသည်။

လျှပ်စစ်တာဝါတိုင်အောက်တွင် ထောင်ထားသော မိုင်းများကို အမှတ်အသား ပြုလုပ်ထားခြင်း မရှိ၍ ယခုလို ထိခိုက် ဒဏ်ရာရခြင်း၊ သေဆုံးခြင်း မကြာခဏဖြစ်ပွားသည်။

No comments:

Post a Comment