Tuesday, August 25, 2009

မြန်မာအတွက် အင်ဒိုနီးရှား မော်ဒယ်လား

ရဲနွယ်မိုး

ကမ္ဘာ့နိုင်ငံရေးရာ ဇာတ်ခုံပေါ်မှာ အင်ဒိုနီးရှားဟာ အပြောင်းအလဲ အချိုးအကွေ့တွေနဲ့ တမူထူးခြားတဲ့ မော်ဒယ်မျိုးပါ။ မြန်မာ စစ်ခေါင်း တွေအဖို့ အမြဲပဲ အားကျစိတ်ကူး အကောင်အထည်ဖော်နေတယ်လို့ ယူဆရတာကလည်း အဲဒီ အင်ဒိုနီးရှားပုံစံကိုပါပဲ။ ဒါ့ထက် ဗိုလ် ချုပ်ကြီး ဆူစီလို ဘမ်ဘန် ယဒ်ဟိုယိုနို တယောက် ဒုတိယအကြိမ် သမ္မတသက်တမ်း ထပ်အရွေးခံရပြီးချိန်မှာတော့ မြန်မာ အတိုက် အခံ အချို့ပါ အင်ဒိုနီးရှားကို မျက်စေ့ကျလာပါတယ်။

လက်တွေ့မှာလည်း ယဒ်ဟိုယိုနိုခေတ် အင်ဒိုနီးရှားဟာ စီးပွားရေး၊ နိုင်ငံရေး တည်ငြိမ်မှုတွေ ရနေပါတယ်။ ကမ္ဘာ့စီးပွားရေး ‘ရီဆက်ရှင်း’ ဝင်နေချိန်မှာတောင် အံအားသင့်ဖွယ်ကောင်းအောင်ကို ပုံမှန်တိုးတက်မှုတွေ ရှိနေပါတယ်။ အာရှတိုက်အတွက် နောက်ထပ် အလားအလာ အကောင်းဆုံး ဒီမိုကရေစီနိုင်ငံကြီးအဖြစ် အားလုံးရဲ့ အာရုံစိုက်ခံနေရပါတယ်။

ဒါပေမဲ့ အဲဒီ အင်ဒိုနီးရှားမော်ဒယ်က မြန်မာစစ်ဗိုလ်ချုပ်တွေအတွက် ဖြစ်နိုင်ပါ့မလား။ ‘တတိယအုပ်စု’ ဆိုသူတွေ မျှော်မှန်းတဲ့ စစ်ဖက်က ဖော်ဆောင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမျိုး အလားတူ ဖြစ်လာပါ့မလား။

မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ရိုးမော်ဒယ်

ဆူဟာတိုဟာ တိုင်းပြည်ဘဏ္ဍာကျုံးယူထားတဲ့ စောရနက္ခတ်ပါသူ အလီဘာဘာတယောက် (kleptocrat)။ အာဏာရထားတဲ့ ၃၂ နှစ်အတွင်း ဆွေမျိုးညာတကာကောင်းစားရေး ထူထောင်တဲ့ ဗိုလ်ချုပ်ကြီးမို့ မြန်မာစစ်ခေါင်းဆောင်တွေအတွက် အားကျစရာပါ။ နှစ်နိုင်ငံစလုံးမှာ အခြေခံတူညီချက်တွေ ရှိပါတယ်။ သစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ တွင်းထွက်ပစ္စည်း စတဲ့ သယံဇာတ ပေါကြွယ်ဝမှုပါပဲ။

နှစ်နိုင်ငံစလုံးက ဂျပန်တော်လှန်ရေးကို ဖြတ်ခဲ့ကြပြီး လွတ်လပ်ရေးကိုယ်စီ ရခဲ့ကြတယ်။ လူမျိုးစု ပဒေသာစုံပြီး ခွဲထွက်ရေးတင်းမာမှုတွေ ရှိနေတတ်တယ်။ နှစ်နိုင်ငံစလုံးက ဂျပန်ဖက်ဆစ် သန္ဓေချပေးခဲ့တဲ့ စစ်တပ်ကို အမျိုးသားရေးနဲ့ နိုင်ငံ ရပ်တည်ရှင်သန်ရေးအတွက် အလွန်အရေးကြီးတဲ့ 'ဆိုက်ကို' နဲ့ ချဲ့ကားကြည့်တတ်ကြတယ်။

မကြာခင်က ဩစတြေးလျား အမျိုးသားတက္ကသိုလ်ကထုတ်တဲ့ အင်ဒိုနီးရှားအကြောင်း စာအုပ်မှာ အင်ဒိုနီးရှားစစ်တပ်ရဲ့ အဓိကအင်္ဂါရပ် ၅ ခုကို မီးမောင်းထိုးပြထားတယ်။ ၄ ခုက မြန်မာစစ်တပ်နဲ့ တူညီတယ်လို့ ပြောထားပါတယ်။ ပထမတခုက စစ်တပ်ဟာ လွတ်လပ်ရေး အဓိက သယ်ဆောင်ပေးသူအဖြစ် သူတို့ကိုယ်သူတို့ ရှုမြင်တတ်ကြတယ်။ ဒုတိယက ၁၉၅ဝ ပြည့်လွန်နှစ်တွေမှာ အရပ်ဖက်အုပ်ချုပ်ရေး ရှိခဲ့ပေမယ့် ရောင်စုံသူပုန်ထမှုတွေကြောင့် တိုင်းပြည် ချောက်ထဲကျမယ့် အန္တရာယ်လက်တလုံးကြားက ကာကွယ်ဖို့ အာဏာသိမ်းပေးရတယ်လို့ ဆိုခြင်းပါပဲ။

မတည်ငြိမ်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီးတဲ့နောက်၊ တတိယတခုက ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေး ဒွန်တွဲသွားတဲ့ ဆူဟာတိုပုံစံ ဒွတ္တဝါဒ (dwifungsi) ပါ။ စတုတ္ထကတော့ နိုင်ငံ့ အခြေခံ အဆောက်အအုံတိုင်းမှာ စစ်တပ်အတွက် ကတုတ်ကျင်းနဲ့ ဝပ်ကျင်းတူးထားခြင်းပါပဲ။ မနှစ်က မေလမှာ မြန်မာစစ်ခေါင်းဆောင်တွေက ဆူဟာတိုခေတ် အင်ဒိုနီးရှားရဲ့ ဒွန္ဒ အခြေခံဥပဒေမျိုးကို တဖက်သတ် အတည်ပြုလိုက်တယ်။ ဒီ အခြေခံဥပဒေနဲ့ လာမယ့် ၂ဝ၁ဝ ဒီမိုကရေစီ မဟုတ်တဲ့ 'စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ' ရွေးကောက်ပွဲမှာ စစ်တပ်ပါတီတွေ အနိုင်ရဖို့ လုပ်မယ်။ ပါလီမာန်နဲ့ အစိုးရအဖွဲ့ထဲမှာ စစ်ဗိုလ်တွေ ရမ်းချင်တိုင်းရမ်း ဘုံးချင်တိုင်းဘုံးဖို့ တရားဝင်ခွင့် (legitimacy) ယူကြဦးမယ်။

ပဉ္စမတခုကိုတော့ ဗိုလ်ချုပ်သန်းရွှေ အသုံးပြုဖို့ လုံးပန်းနေပါတယ်။ အာဏာလက်မဲ့ချိန်မှာ အရေးယူပြစ်ဒဏ်မခံရဖို့နဲ့ သူ့မိသားစု၊ ပါတနာတွေ တိုင်းပြည်ဓန ဆက်ကိုင်ထားနိုင်ဖို့ပါပဲ။ ၁၉၉၈ စီးပွားရေး ပြိုလဲအပြီး ဆူဟာတိုပြုတ်ကျမှုကို နအဖ စိတ်ဝင်စားနေတဲ့ အကြောင်းအရာတွေ ရှိပါတယ်။

တချက်က လောဘကြီးတဲ့ ဆူဟာတိုမိသားစုနဲ့ သူတို့ကို ဝိုင်းရံပေးတဲ့ စစ်ဗိုလ်တွေကို အရေးယူမှု လုံးဝ မရှိခြင်းကိုပါ။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အဓိကအဟန့်အတားတခုက ဗိုလ်ချုပ်တွေရဲ့ စစ်ခုံရုံးတင်ခံရမှာ ကြောက်ရွံ့မှုနဲ့ မကျေချမ်းတဲ့ လူထုရဲ့ အမဲဖျက်ခံရမှာ စိုးရိမ်ခြင်းပါ။ ဒီအတွက် အင်ဒိုနီးရှားက အသွင်ကူးပြောင်းရေးကာလမှာ လက်တုံ့ပြန်အရေးယူမှု ခေါင်းစဉ်တွေ သယ်လာဖို့ မလိုဘူးဆိုတာကို ဗိုလ်ချုပ်တွေ မျှော်ကြည့်နေပါတယ်။

မရေရာတဲ့ ခြေလှမ်း၊ မမြင်နိုင်တဲ့ ဖက်တာများ

အင်ဒိုနီးရှားမှာ မြန်မာပြည်အတွက် သင်္ခန်းစာယူစရာ အကြောင်းကောင်းတွေ ရှိပါတယ်။ ကာလရှည်ကြာ သူပုန်ထမှုတွေကြောင့် မြန်မာဗိုလ်ချုပ်တွေက ပြည်ထောင်စုကိစ္စကို လန့်ကြပါတယ်။ အင်ဒိုနီးရှားမှာ ၁၉၉ဝ ပြည့်လွန်နှစ်များ ဒေသပုန်ကန်မှုတွေနဲ့ နိုင်ငံပြိုကွဲမယ့် အနေအထား ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အရှေ့တီမော ခွဲထွက်မှုမှလွဲလို့ နိုင်ငံမကျိုးမပဲ့ ကျန်ရှိနေပါတယ်။

ဒါ့အပြင် ပြန်အရွေးခံရတဲ့ သမ္မတ ယာဒ်ဟိုယိုနို လက်အောက်မှာ နိုင်ငံရေး၊ စီးပွားရေး တိုးတက်တည်ငြိမ်အေးချမ်းမှု ရနေပါတယ်။ နိုင်ငံရေး အသွင်ကူးပြောင်းမှုတိုင်းမှာ ခလုခချိုင့်တွေက ရှိမြဲပါ။ ဒါပေမဲ့ အင်ဒိုနီးရှားကတော့ အံ့အားသင့်စရာ ကောင်းအောင်ကို ကသောင်းကနင်း မင်းမဲ့စရိုက်တွေကနေ လွတ်မြောက်ခဲ့ပြီး နိုင်ငံရေးယုံကြည်မှုတွေ ရနေပါတယ်။

နောက်တချက်က ဆူဟာတိုရဲ့ အသိုင်းအဝိုင်းကောင်းစားရေးနဲ့ ဖွံ့ဖြိုးရေး ပူးတွဲအဆိုပြုချက်က လေကြီးလေကျယ်တော့ မဟုတ်။ သူ့လက်ထက် ဆယ်စုနှစ် ၃ ခုမှာ ပျမ်းမျှ စီးပွားရေး တိုးတက်မှုနှုန်း ၆ % အထက် ရှိခဲ့တယ်။ ဆင်းရဲချမ်းသာ ကွာခြားမှု ကြီးပေမယ့် တိုးတက်မှုအသီးအပွင့်ကို ပြည်သူအများစု ခံစားရပါတယ်။ မြန်မာမှာတော့ လူတစုလက်ထဲမှာပဲ ရှိပြီး၊ လူထုအတွက် အာဏာရှင်ဖြုတ်ချဖို့ ပြိုကျစရာ စီးပွားရေးတိုးတက်မှုလည်း မရှိပါ။

ဆူဟာတိုက ရက်စက်ပြီး လောဘကြီးပေမယ့်၊ အင်ဒိုနီးရှား ဒီမိုကရေစီရေးအတွက် ဖွံ့ဖြိုးမှုတစုံတရာ ချန်ထားရစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်သန်းရွှေနဲ့ နအဖက ဆူဟာတို မော်ဒယ်ကိုသွားဖို့ တကယ် လက်လှမ်းမှီပါ့မလား။ အင်ဒိုနီးရှားလမ်း ဝေဝေဝါးဝါး ဖြစ်နေဆဲမှာပဲ၊ နျူ တည်ဆောက်ဖို့သာ စိတ်ကူးယဉ်ပြီး၊ လူထုနဲ့ အာဏာ အဆက်ဖြတ်ထားနိုင်မယ့် ပြုံယမ်းမော်ဒယ်ကို အိပ်မက်မက်နေပြန်ပါတယ်။

ဒီကနေ့ ဖိပြောလာတာက အောက်ခြေ လူထုအုံကြွမှုထက်၊ အာရှကျားတို့ လျှောက်ခဲ့တဲ့ အာဏာရှင်ဘက်က စပြောင်းတဲ့ အသွင်ကူးပြောင်းရေးပဲ။ မောင်စူးစမ်းက မြန်မာသမိုင်းဟာ ရှုပ်ထွေးလွန်းသမို့ အနက်တခုထဲ ထုတ်မရတဲ့အတွက် အတိတ်ကို အဆက်ဖြတ်ပြီး ၂ဝ၁ဝ ကွင်းသစ်မှာ ပလေယာသစ်တွေ ဝင်ကြဲဖို့ ဟောနေတယ်။

ခက်တာက မြန်မာနိုင်ငံရေးဟာ မပီဝိုးတဝါး အနာဂတ်ထက်၊ အတိတ်တန်ဖိုးတွေက သိပ်ကြီးလေးနေတတ်တယ်။ မမြင်နိုင်တဲ့ ဖက်တာတွေက ဝင်ဆောင့်မြဲဖြစ်တယ်။ သေချာတာက ‘ကတ္တီပါ’ ထက်၊ အရှေ့အာရှ ဒီမိုကရေစီခရီးနဲ့ ညစ်ပတ်တဲ့ ရွေးကောက်ပွဲတွေရဲ့ အကျိုးဆက်မျိုး ခပ်ကြမ်းကြမ်းရမ်းရမ်း မြင်ကွင်းတွေကို ကာလတခု ပြန်ကြုံကြရဦးမလားပဲ။ ။

No comments:

Post a Comment