Saturday, August 29, 2009

တရားပေါက်သွားတဲ့ ချိုကုပ်ဒူးကြီး

ရန်ကုန်သားတာတေ

ဦးရုက္ခစိုး ထံတွင် ဖိုးရှုပ် နှင့် ကြွက်စုတ် တို့ အလည် ရောက်နေကြ သည်။ မြန်မာ ပြည်သားများ ဆုံတွေ့ကြ သောကြောင့် ပြောသမျှ စ ကားများမှာ ထုံးစံအတိုင်း မြန်မာပြည် အကြောင်း များသာ ဖြစ်သည်။ နာရီဝက်ခန့် ပြောပြီး သောအခါ ၃ ဦးသား မှိုင်သွားကြ လေသည်။


ကြွက်စုတ်။ ။ ဦးရုက္ခစိုးရေ … ၊ ကျနော်တို့ တိုင်းပြည် အကြောင်း မပြောပဲလည်း မနေနိုင်၊ ပြောတော့လည်း စိတ်ညစ်စရာတွေ များနေတယ်။ ကျနော်တို့ နိုင်ငံမှာ အကောင်းဘက်ကို အပြောင်းအလဲ ဖြစ်အောင် ကြံပါဦး ဦးရုက္ခစိုးကြီးရဲ့။

ရုက္ခစိုး။ ။ အင်း … မော်တော်ကား ပါမစ်ကနေ နိုင်ငံတော် အာဏာအထိ ကိုင်ထားတဲ့ ချိုကုပ်ဒူးကြီးရဲ့ အကျင့်စရိုက်တွေ ပြောင်းရင်တော့ တို့ဆီကလူတွေ အသက်ရှူချောင်ကောင်းပါရဲ့။

ဖိုးရှုပ်။ ။ ဟုတ်တယ်ဗျ။ ဒီလူကြီးရဲ့ မကောင်းတဲ့ အကျင့်တွေ ပြောင်းလဲသွားရင်တော့ ပြည်သူတွေ သက်သာရာ ရမှာပဲ။ ဦးရုက္ခစိုးရဲ့ ဘော်ဒါ တခြား နတ်တွေဆီကရော အိုင်ဒီယာ ကောင်းကောင်းလေး မရနိုင်ဘူးလား။

ရုက္ခစိုး။ ။ အင်း … ငါ့ကို ကိုးမြို့ရှင် ဘိုးဘိုးကြီးက ပြောဖူးတယ်၊ ပုဂ္ဂိုလ်တဦးရဲ့ အကျင့်၊ စရိုက်၊ သဘောထားတွေကို ပြောင်းလဲပစ်နိုင်တယ် တဲ့။ ဆိုးတဲ့သူတယောက် နဲ့ ကောင်းတဲ့သူတယောက်ရဲ့ အကျင့်တွေကို အပြောင်းအလဲ လုပ်တဲ့နည်းပေါ့ကွာ။ ဟုတ်မဟုတ်တော့ ငါလည်း မသိဘူး။

ကြွက်စုတ်။ ။ ဟာ … ဒီနည်းက ကောင်းတာပေါ့။ စမ်းကြည့်မယ်ဗျာ။ ချိုကုပ်ဒူးကြီး စရိုက်နဲ့ စာရိတ္တ ကောင်းမွန်တဲ့သူ တယောက်ယောက်ရဲ့ စရိုက်တွေကို ပြောင်းလဲပေးလိုက်မယ် ဆိုရင် သိပ် လန်းသွားမှာပဲ။ ဒါပေမယ့် ဘယ်လို ပြောင်းလို့ရမှာလဲ။

ရုက္ခစိုး။ ။ ကြွက်စုတ်ရေ … ငါ မှတ်မိသလောက် ပြောရရင် ဆန္ဒပြုတာက မနက် ၉ နာရီ၊ ၉ မိနစ်၊ ၉ စက္ကန့်တိတိမှာ ဖြစ်ရမယ်။ ဥပမာကွာ မင်းရဲ့ အကျင့် ဒီကောင် ဖိုးရှုပ်ဆီ ရောက်ပါစေ၊ ဖိုးရှုပ်ရဲ့ အကျင့်တွေက မင်းဆီရောက်ပါစေ ပေါ့ကွာ။

ဦးရုက္ခစိုး၏ စကား အဆုံးတွင် ဖိုးရှုပ်က နာရီကြည့်လိုက်သည်။

ဖိုးရှုပ်။ ။ ဟာ … ၉ နာရီနဲ့ ၈ မိနစ် ရှိပြီဗျ။ ဦးရုက္ခစိုး ပြောတဲ့နည်း စမ်းကြည့်ရအောင်။

ရုက္ခစိုး။ ။ ဟုတ်လား၊ ဒါဆို အချိန်ကတော့ ကျပြီ။ နေဦး၊ နေဦး … အရေးကြီးတဲ့တခု ကျန်သေးတယ်။ အချိန် တခုတည်း ကိုက်ညီလို့ မဖြစ်သေးဘူး။ ဆန္ဒပြုတဲ့သူက တနင်္လာနံနဲ့ သက်ဆိုင်တဲ့ အလုပ်ကို လုပ်ကိုင်သူ ဖြစ်ရမယ် တဲ့။

သူတို့၏ မျက်လုံးများက ဂျာနယ်လစ် ဖိုးရှုပ်ထံသို့ ပြိုင်တူ ရောက်သွားကြသည်။

ရုက္ခစိုး။ ။ ဟေ့ကောင် … ဖိုးရှုပ်၊ မင်းအလုပ်အကိုင်က ဂျာနယ်လစ် ဆိုတော့ တနင်္လာနံပေါ့ကွ။ ကဲ … ကဲ … မင်း ဆန္ဒပြုပေတော့။

သတ်မှတ်ထားသည့်အချိန် ရောက်ရန် စက္ကန့်ပိုင်းသာ လိုတော့သည့်အတွက် ဖိုးရှုပ် အကျပ်ရိုက်သွားသည်။ နာရီ ကြည့်ပြီး ခေါင်းကုပ်နေသည်။ ၉ နာရီ၊ ၉ မိနစ်၊ ၉ စက္ကန့် အချိန် ရောက်သည်နှင့် စိတ်ထဲမှ ကမန်းကတန်း ဆန္ဒပြု လိုက်လေသည်။ ထိုအခိုက် ၀ုန်း ခနဲ မည်သံတခုနှင့်အတူ ပတ်ဝန်းကျင် တခုလုံး မီးခိုးများဖြင့် ဖုံးသွားသည်။

ကြွက်စုတ်။ ။ ဟေ့ကောင် ဂျာနယ်လစ်၊ တခုခုတော့ မှားသွားပြီ ထင်တယ်။ ဒီနည်းက အကျင့် စရိုက်တွေ ပြောင်းတဲ့နည်း မဟုတ်ဘဲ ဗုံးခွဲတဲ့နည်း ဖြစ်နေပြီနဲ့ တူတယ်။ မင်းက ဘယ်လို ဆန္ဒပြုလိုက်တာလဲ။

ဖိုးရှုပ်။ ။ ငါ … ငါလည်း … ချိုကုပ်ဒူးကြီး နဲ့ ဦးရုက္ခစိုးရဲ့ အကျင့်တွေ ပြောင်းပါစေလို့ပဲ ဆန္ဒပြုလိုက်တာပါကွာ။ ငါလည်း ရုတ်တရက်မို့ သင့်တော်တဲ့သူ ဆိုလို့ သူ့ကိုပဲ တွေ့မိတယ်။ မင်းရော ငါရော အကျင့်က သိပ်ကောင်းတာ မဟုတ်ဘူး။ ဦးရုက္ခစိုးက အသင့်တော်ဆုံးပဲ မဟုတ်လား။

ကြွက်စုတ်။ ။ ဟိုက် … ဒါဆို ချိုကုပ်ဒူးကြီးရဲ့ အကျင့်တွေ ငါတို့ ဦးရုက္ခစိုးဆီ ရောက်သွားပြီလား မသိဘူး။ ဦးရုက္ခစိုးကြီးရော … ဘယ်မှာလဲ၊ ရှာပါဦးကွ။

ခပ်လှမ်းလှမ်းမှ ဦးရုက္ခစိုးက သူတို့ဆီသို့ လှုပ်တုပ် လှုပ်တုပ်ဖြင့် ရောက်လာသည်။ တခုခုတော့ ထူးထူးခြားခြား ဖြစ်နေပြီဟု ကြွက်စုတ် နှင့် ဖိုးရှုပ် တို့က ဦးရုက္ခစိုးကို ကြည့်ပြီး အလိုလို သိလိုက်သည်။

ရုက္ခစိုး။ ။ ဟေ့ကောင်တွေ၊ မင်းတို့ ဘာလုပ်နေတာလဲ။ ငါ့ကို ထိုင်ပြီး လက်အုပ်ချီကြလေကွာ။

ထိုသို့ မူမမှန်သည့် စကားသံများကြောင့် ဦးရုက္ခစိုးထံတွင် ချိုကုပ်ဒူးကြီး၏ အကျင့် စရိုက်များ ရောက်ရှိသွားမှန်း ၎င်းတို့ ၂ ဦး သဘောပေါက်လိုက်လေသည်။ ထို့ကြောင့် ကြွက်စုတ် နှင့် ဖိုးရှုပ် တို့က ဦးရုက္ခစိုးရှေ့တွင် ထိုင်ပြီး လက်အုပ်ချီလိုက်ကြသည်။

ရုက္ခစိုး။ ။ ဟေ့ကောင် … ဖိုးရှုပ်၊ ငါ ကွန်ပျူတာ သုံးချင်တယ်၊ ၀ယ်ပေး။

ဖိုးရှုပ်။ ။ (ဆန္ဒပြုမိတာ မှားသွားပြီဟု စိတ်ထဲမှ ရေရွတ်ကာ) ကျနော် … ကျနော် ဘိုင်ပြတ်နေတယ်လေဗျာ။

ရုက္ခစိုး။ ။ ဟေ့ကောင် … ငါ့ကို ရိုရိုသေသေ အစီရင်ခံစမ်း။ မင်း ဘိုင်ပြတ်နေတယ် ဆိုရင်လည်း မင်းတို့ ဒေ၀ါလီရုံးက ကွန်ပျူတာတလုံးကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ရအောင် ခိုးခဲ့။ ရေပါတာပဲ လိုချင်တယ်၊ ရေဘူးပေါက်တာ ငါနားမလည်ဘူး။ မင်းတို့ သိလား၊ ကွန်ပျူတာ ဆိုတာက တော်တော် အသုံးဝင်တယ်ကွ၊ တရုတ်ကား၊ ကိုရီးယားကား VCD တွေ DVD တွေလည်း ကြည့်လို့ရတယ်။ ဟိုကောင် ကြွက်စုတ် … မင်းက ငါ့အတွက် တူရွင်းတွေ အများကြီး ယူခဲ့ပေး။

ကြွက်စုတ်။ ။ ကွန်ပျူတာကတော့ ဟုတ်ပါပြီ၊ တူရွင်းတွေ အများကြီးက ဘာလုပ်မလို့လဲဗျ။

ရုက္ခစိုး။ ။ အောင်မာ … မင်းကများ ငါ့ကို မေးခွန်းတွေ ထုတ်နေသေးတယ်။ ဒီမှာ ကြွက်စုတ် … ငါ့ လုံခြုံရေးက သစ်ပင်ပေါ်မှာဆို စိတ်မချရဘူးကွ။ လိုဏ်တွေ တူးပြီး ပုန်းရမယ်။

ကြွက်စုတ်။ ။ ဒါဆိုလည်း တူရွင်းတွေ အများကြီး မလိုပါဘူး။ တချောင်းဆို တော်ရောပေါ့။

ရုက္ခစိုး။ ။ တော် … တန် … တိတ် … ။ ငါက ဘူးဆို မင်းက ဖရုံ သီးဖို့ မကြိုးစားနဲ့။ တောင်ပေါ်ကိုလာတဲ့ ဘုရားဖူး ခရီးသည်တွေကို လုပ်အားပေးခိုင်း၊ တူးခိုင်းမှာကွ၊ မင်း နားလည်လား။

ဂျာနယ်လစ် ဖိုးရှုပ်တယောက် နောင်တ အကြီးအကျယ် ရသွားသည်။ စရိုက်ပြောင်းသွားသော ဦးရုက္ခစိုးကြီးကို မော့ကြည့်ပြီး ဒုက္ခနှင့်လှလှ တွေ့ကြလေပြီဟု တွေးနေမိသည်။

ဦးရုက္ခစိုး အခြေစိုက်ရာ ချင်းမိုင်မြို့ ဒွိုင်ဆူထေ့တောင်ပေါ်တွင် ထိုသို့ ဖြစ်ပျက်နေခိုက် ကြပ်ပြေး နေပြည်တော် တွင်လည်း အပြောင်းအလဲ တချို့ ဖြစ်ပေါ်နေသည်။ ချိုကုပ်ဒူးကြီးထံတွင် ချင်းမိုင်ရုက္ခစိုး၏ အကျင့်စရိုက်များ ရောက်ရှိနေသောကြောင့် အပြောင်းအလဲများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ချိုကုပ်ဒူးကြီး ရုတ်တရက် ပျောက်သွားသဖြင့် ကြင်ရာတော် ဒေါ်ကွိုင်ကွိုင်၊ သမီးတော်များ၊ လုံခြုံရေး အရာရှိများ ပျာယာခပ်နေကြလေသည်။

ဒေါ်ကွိုင်ကွိုင်။ ။ သြော် … ခက်တော့တာပဲကွယ်။ ရှာကြစမ်း၊ ရှာကြစမ်း … တွေ့အောင် ရှာကြစမ်း။ နင်တို့ လုံခြုံရေးတွေ အရမ်း ရှော်တာပဲ။ မောင်တော်တယောက်လုံး ဘယ်ရောက်နေလဲ ဆိုတာကို နင်တို့ မသိကြဘူးလား … ။ နင်တို့တော့ အင်းစိန်ထောင်ထဲ သွားနေချင်ပြီထင်တယ်။ ရှာကြ၊ တွေ့အောင်လိုက်ရှာကြ။

လုံခြုံရေးအရာရှိတဦး။ ။ ရှာပါတယ် မယ်တော်ဘုရား၊ အိမ်တော်ထဲမှာတော့ မရှိတာ သေချာပါတယ် မယ်တော်ဘုရား။

ဒေါ်ကွိုင်ကွိုင်။ ။ အိမ်ထဲမှာ မရှိရင် အပြင်မှာ ရှိမှာပေါ့။ ငါ့မောင်တော် အပြင်ဘက်ထွက်တာ နင်တို့ မသိဘူး ဆိုတော့ နင်တို့ အနီးကပ် လုံခြုံရေးတွေ ဘာလုပ်နေလဲ။ ငါ့မောင်တော်က အတောင်ပံ ပေါက်ပြီး ပျံထွက်သွားလို့လား။

ထိုသို့ အိမ်တော် ဆင်ဝင်အောက်တွင် ဒေါ်ကွိုင်ကွိုင် မြည်တွန် တောက်တီးနေခိုက် အနီးရှိ သစ်ပင်ပေါ်မှ “ငါ ဒီမှာ ရောက်နေတယ်ဟေ့” ဟူသော အသံ ထွက်ပေါ်လာသဖြင့် အားလုံး မော့ကြည့်လိုက်ကြသည်။ သစ်ပင် ခွကြားထဲတွင် ထိုင်နေသော ချိုကုပ်ဒူးကြီးကို တွေ့လိုက်ကြသဖြင့် အားလုံး အံ့အားသင့်သွားကြသည်။

ဒေါ်ကွိုင်ကွိုင်။ ။ အောင်မယ်လေး … ၊ အောင်မယ်လေး … ၊ ဘယ်လိုဖြစ်တာလဲ မောင်တော်ရယ်၊ ဘယ်လိုတွေ ဖြစ်နေတာလဲ … ။ သစ်ပင်ပေါ် ဘာကြောင့် တက်ထိုင်နေရတာလဲ မောင်တော်ရဲ့။

ချိုကုပ်ဒူးကြီး။ ။ ငါလည်း မသိဘူးကွ။ သစ်ပင်ပေါ်မှာ နေရရင် ကောင်းမှာပဲလို့ တွေးမိပြီး တက်ထိုင်နေတာကွ။ ငါတော့ သစ်ပင်ပေါ်မှာပဲ အမြဲတမ်း နေတော့မယ်လို့တောင် ဆုံးဖြတ်လိုက်ပြီ။

ဒေါ်ကွိုင်ကွိုင်။ ။ မောင်တော်ကလည်း လိုဏ်တွေ တူးပြီးမှ သစ်ပင်ပေါ်တက်နေမယ်ဆိုတော့ မဟုတ်သေး ပါဘူး။ ဆင်းခဲ့ပါ မောင်တော်ရယ်။ ဒီနေ့ ယတြာ ချေရမယ့် နေ့လေ။ ခဏနေ ဗေဒင်ဆရာ လာတော့မယ် မောင်တော်ရဲ့။

ချိုကုပ်ဒူးကြီး။ ။ ဟာ … ဗေဒင်ဆရာကို မလာနဲ့တော့လို့ ပြောလိုက်ပါကွယ်။ သူ ပင်ပန်းနေရှာမယ်။ ငါတို့ပဲ သူ့ဆီ သွားတာပေါ့ကွယ်။ ဟင် … ရှုပ်ပါတယ်၊ ဗေဒင်ဆရာနဲ့ ချိန်းထားတာ ဖျက်လိုက်ပါကွယ်။ ငါလည်း ဗေဒင်တွေ ဘာတွေ သိပ်မယုံတော့ဘူး။

ဒေါ်ကွိုင်ကွိုင်။ ။ အို … မောင်တော်ကလည်း ဘာတွေ ပြောနေတာလဲ၊ ခက်တော့တာပဲ။ ဟဲ့ … ဟဲ့အကောင်တွေ သွားကြစမ်း၊ သွားကြစမ်း၊ ဒီအနားမှာ မနေကြနဲ့။ သြော် … မဟုတ်သေးပါဘူး။ မသွားနဲ့ မသွားနဲ့၊ နေဦး … မောင်တော် သစ်ပင်ပေါ်က ဆင်းလို့ရအောင် လုပ်ကြစမ်း … ၊ လုပ်ကြစမ်း … ။

ချိုကုပ်ဒူးကြီး။ ။ သစ်ပင်ပေါ်မှာ ငါ နေပါရစေ ကွိုင်ကွိုင်ရယ်၊ ပြီးတော့ ငါ မင်းကို ပြောစရာတွေ ရှိသေးတယ်။ ငါတို့ သားသမီးတွေက အလုပ်အကိုင်တွေ လျှော့ရင်ကောင်းမယ်လို့ မင်း မထင်ဘူးလား။ ကားပါမစ်တွေ၊ လုပ်ငန်းလိုင်စင်တွေကို တို့လူတွေချည်းပဲ ယူထားတာ မသင့်တော်ဘူးလို့ ငါ ခံစားရ … …

ချိုကုပ်ဒူးကြီး စကားမဆုံးမီ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်လာသော ဒေါ်ကွိုင်ကွိုင်က ကြားဖြတ်ပြီး အော်ပြောလိုက်။ လေသံများလည်း ပြောင်းသွားသည်။

ဒေါ်ကွိုင်ကွိုင်။ ။ ရှင့်ပါးစပ် ပိတ်မလား၊ မပိတ်ဘူးလား။ ဆင်းခဲ့၊ အောက်ကို ဆင်းခဲ့ … ။ ဟဲ့ကောင်တွေ သစ်ပင်ပေါ်တက်စမ်း … ။

ချိုကုပ်ဒူးကြီး။ ။ ကွိုင်ကွိုင်ရေ၊ ငါ့စိတ်တွေ ဒီနေ့ ဘယ်လို ဖြစ်မှန်း မသိဘူး။ မတရားတာတွေ မလုပ်ချင်တော့ဘူး။

ဒေါ်ကွိုင်ကွိုင်။ ။ မရဘူး၊ မလုပ်လို့ မရဘူး။ အို … ရှင့်ပါးစပ် ပိတ်ထားစမ်း။ ဟဲ့ကောင်တွေ သစ်ပင်ပေါ် တက်ဆို … မတက်ဘူးလား။ သူ့ကို အောက်ရောက်အောင် လုပ်စမ်း။

လုံခြုံရေးအရာရှိများက သစ်ပင်ပေါ်တက်ကြသည်။ ဒေါ်ကွိုင်ကွိုင်၏ စကား နားထောင်ရန် ချိုကုပ်ဒူးကြီးကို တောင်းပန်ကြသည်။ ဒေါသ ငယ်ထိပ်ရောက်နေသော ဒေါ်ကွိုင်ကွိုင်ကလည်း အပေါ် မော့ကြည့်ပြီး အမိန့်များ အဆက်မပြတ် ပေးနေသည်။

သစ်ပင်ပေါ်သို့ ရောက်လာကြသော လုံခြုံရေးအရာရှိများကို ချိုကုပ်ဒူးကြီးက ရှောင်တိမ်းလိုက်ရာ ဟန်ချက်ပျက်ပြီး မျောက် သစ်ကိုင်းလွတ် သကဲ့သို့ ဖြစ်သွားသည်။ ထို့ကြောင့် သစ်ပင်ပေါ်မှ ချိုကုပ်ဒူးကြီး လက် ကားယား၊ ခြေ ကားယားဖြင့် ပြုတ်ကျလေသည်။ အကျတွင် ခြေတဖက်က ခါးထောက်ပြီး အော်ဟစ်နေသော ဒေါ်ကွိုင်ကွိုင်ကို အရှိန်ပြင်းစွာ ထိခိုက်မိသဖြင့် ဒေါ်ကွိုင်ကွိုင်လည်း ၀ုန်းခနဲ ဖင်ထိုင်လျက် လဲကျရာ မြီးညောင်းရိုး ကျိုးသွားလေသည်။ ။


No comments:

Post a Comment